အသားထုတ်လုပ်မှုမြှင့်တင်နိုင်ရန် တစ်နိုင်တစ်ပိုင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး အားပေးဆောင်ရွက်ရန် လိုအပ်

အသားထုတ်လုပ်မှုမြှင့်တင်နိုင်ရန် တစ်နိုင်တစ်ပိုင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး အားပေးဆောင်ရွက်ရန် လိုအပ်

နေပြည်တော်၊ ဩဂုတ် ၁၃

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်အတူ ဩဂုတ် ၁၃ ရက်၊ နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ရွှေမြို့ တိုးချဲ့မွေးမြူရေးဇုန်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ဆောင်ရွက်လျက်ရှိသော ဘဲဥသားဖောက်စက်၊ ဘဲမွေးမြူရေးခြံ နှင့် ဒေသနွားမျိုးထိန်း မျိုးပွားခြံတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ဘဲမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာရေး နှင့် ဒေသနွားများ တိုးပွား ထိန်းသိမ်းရေး ဆိုင်ရာများ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က တပ်ကုန်း-ရွှေမြို့ တိုးချဲ့မွေးမြူရေးဇုန်တွင် လုပ်ငန်းဆောင်ရွက်ထားရှိမှု နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ၊ ဇီ၀လုံခြုံမှုအဆင့်-၃၊ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း တည်ဆောက်ရေးစီမံကိန်းအချက် အလက်များနှင့် လုပ်ငန်းစဉ်များ၊ ဘဲဥသားဖောက်စက်၏ လုပ်ငန်းစဉ်များ နှင့် ဘဲသားပေါက်ထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ကဆွေးနွေးမှာကြားရာတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း ဥစားဘဲ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနပိုင် ဥဖောက်စင်များ စနစ်တကျ အဆင့်မြှင့်တင်ရွှေ့ပြောင်းကာ ဘဲသား ပေါက်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေမှုများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ မှစ၍ ဆောင်ရွက်ခဲ့သော်လည်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသေးကြောင်း၊ သတင်းစာများ၊ ဝက်ဘ်ဆိုက်များတွင်လည်း မကြာခဏ အသိပေးကြော်ငြာပေးနေသည့်တိုင် လုပ်ငန်းရှင်များ၊ အစု အဖွဲ့အစည်းများ အနေဖြင့် စိတ်ဝင်စားမှု နည်းနေကြောင်း၊ သို့ဖြစ်၍ မြို့နယ်အလိုက် ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအားလည်း တစ်နိုင်တစ်ပိုင် မွေးမြူရေးကို စည်းရုံးသွားကြစေလိုကြောင်း၊ ထိုသို့ တဖြည်းဖြည်းစည်းရုံးခြင်းဖြင့် မွေးမြူ ဆောင်ရွက်ရာ၌ အကျိုးအမြတ်ရှိခြင်း၊ မိသားစုအတွက် အထောက်အကူဖြစ်ခြင်းတို့ကို မျက်မြင် သိရှိလာလျှင် စီးပွားဖြစ် တိုးချဲ့မွေးမြူမှုများ ရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် ပြည်သူလူထု စားရေရိက္ခာ ဖူလုံစေရေးကို တတ်နိုင်သည့် ဘက်ပေါင်းစုံမှ ကူညီ ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်၍ အလေး အနက်ထား ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ ထို့အပြင် ဝန်ထမ်းများအားလုံး နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံ့ဝန်ထမ်း ကျင့် ဝတ်သိက္ခာနှင့်အညီ ပြုမူကျင့်ကြံဆောင်ရွက်ကြရန်၊ ဝန်ထမ်း အချင်းချင်း ရဲဘော် ရဲဘက် စိတ်ထား၍ စည်းလုံးညီညွတ်စွာဖြင့် တာဝန် ဝတ္တရားများ ကျေပွန်အောင်မြင်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း ဆွေးနွေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘဲဥသားဖောက်စက် အလုပ်ရုံ ၊ ဘဲမွေးမြူရေးခြံနှင့် ဒေသနွားမျိုးထိန်း မျိုးပွားခြံ၊ ရွှေမြို့တိုးချဲ့မွေးမြူရေးဇုန်၌ ဆောင်ရွက်ပြီးစီးသည့် လျှိုပိတ်ဆည် တို့ကို ကြည့်ရှုစစ်ဆေးပြီး ဌာန မွေးမြူရေးခြံများအနေဖြင့် ရေ နှင့် အစာ တိုက်ကျွေးမှုစနစ် မှန်ကန် စေရေး၊ အစာခွက်များ ပုံမှန်သန့်ရှင်းရေး အပါအဝင် ဇီဝလုံခြုံမှုဆိုင်ရာ စံနမူနာကောင်းပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရန်ကုန် ရွာသာကြီးခြံ ရှိ ဘဲဥသားဖောက်စက်  ၂ လုံး ၊ ပဲခူး ဘုရားကြီးခြံ ရှိ ဘဲဥသားဖောက်စက် ၄ လုံး ၊ နေပြည်တော် ရွှေမြို့ ခြံ ရှိ ဘဲဥသားဖောက်စက်  ၅ လုံး တို့မှ သားပေါက်များထုတ်လုပ်၍ ဘဲမွေးလုပ်ငန်းရှင်များ၊ ဘဲမွေးတောင်သူများအား ဖြန့်ဖြူးပေး လျက်ရှိရာ  ရွှေမြို့ တိုးချဲ့မွေးမြူရေးဇုန် ရှိ ဘဲဥသားဖောက်စက်မှ နှစ်စဉ် ဘဲသားပေါက် ကောင်ရေ ၃၆၂,၀၀၀ ကျော်ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ဘဲသားပေါက် အမတစ်ကောင်လျှင် ၁၂၀၀ ကျပ်နှုန်း၊ အထီးတစ်ကောင်လျှင် ၇၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ဘဲမွေးမြူလိုသူများ အနေဖြင့် 
အမှာစာများ ပေးပို့မှာကြားနိုင်ကြောင်း သတင်းရရှိသည်။  

 MOALI