စိုက်ပျိုးရေးသုတေသနနဦးစီးဌာနတွင် ရွက်ဖျန်းမြေဩဇာ သုတေသနပြုစမ်းသပ်၊ သက်တမ်းရက် ၁၁၀ အောက် စပါးမျိုးများ နှိုင်းယှဉ်လေ့လာ
နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း စိုက်ပျိုးရေးသုတေသနနဦးစီးဌာန ၌ ဆောင်ရွက်လျက်ရှိသည့် ဘက်စုံသုံး ဟူးမစ်ရွက်ဖျန်း အပင်အားဆေးရည်များ ၏ အကျိုး သက်ရောက်မှုကိုလေ့လာ စမ်းသပ်ခြင်းသုတေသန နှင့် သီးထပ်စွမ်းအား တိုးတက်ရေး အတွက် သက်တမ်းရက် ၁၁၀ အောက် စပါးမျိုးများ မျိုးစပ်မွေးမြူရန်အတွက် မိဘမျိုးများ အဖြစ် အသုံးပြုရန် နှိုင်းယှဉ်လေ့လာခြင်း သုတေသနလုပ်ငန်းများ ကို ဇူလိုင်လ(၁၀)ရက် နေ့ နံနက်ပိုင်း က စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုစဉ် ဒုတိယဝန်ကြီး က ဟူးမစ်အပင်အားဆေးကို အသုံးပြုခြင်းကြောင့် အပင်၏ ကြီးထွားမှု ကို အထောက်အကူပြုစေပြီး အထွက်နှုန်းကို တိုးတက်စေကြောင်း ၊ ဟူးမစ်အပင်အားဆေး ကြောင့် အမြစ်များကို ကြီးထွားဖွံ့ဖြိုးစေသဖြင့် အပင်အာဟာရဓါတ် စုပ်ယူမှုကို အထောက် အကူဖြစ်စေပြီး မြေဩဇာကို အပင်မှ စုပ်ယူမှုကောင်းစေကြောင်း၊ ထိုသို့ အပင်ကြီးထွားမှုကို အထောက်အကူပြုသည့် ရွက်ဖျန်းအပင်အားဆေးကို အသုံးပြုခြင်းဖြင့် မူလမြေဆီလွှာအတွင်းရှိ အာဟာရဓာတ်များ စုပ်ယူမှု အပေါ် အကျိုး သက်ရောက်မှုကို သုတေသပြု လေ့လာသွားရန်နှင့် အပင်က စုပ်ယူသွားသည့် မြေတွင်း အာဟာရဓာတ်များ မျှတစွာ ပြန်လည်ဖြည့်တင်းပေးနိုင်ရေးကိုပါ စနစ်တကျ လေ့လာသွားကြရန် ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် (၁)နှစ်ပတ်လုံး စိုက်ပျိုးမည့် သီးနှံပုံစံတွင် သက်တမ်းတို စပါးမျိုးများထည့်သွင်း စိုက်ပျိုးခြင်းဖြင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး ရည်ရွယ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်၌ စုဆောင်းထားရှိသည့် သက်တမ်း ၁၁၀ အောက် စပါးမျိုးများ၏ မျိုးတစ်မျိုးခြင်းကို နှိုင်းယှဉ် လေ့လာခြင်း စမ်းသပ်ကွက်များနှင့် သုတေသနမှတ်တမ်း ကောက်ယူရာတွင် ပိုမိုအဆင် ပြေလွယ်ကူ စွာ ကောက်ယူနိုင်ရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပညာရှင်များ က QR code များ ပေး၍ မှတ်တမ်းထားကာ ဆန်းသစ်တီထွင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု လေ့လာသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဆန်စပါး၊ ဆီထွက်သီးနှံ၊ ဝါ ၊ ပြောင်း နှင့် နှံစားသီးနှံ၊ ဟင်းသီးဟင်းရွက်သီးနှံ သုတေသနဌာနများ မှ အပင်မျိုးမွေးမြူရေး ပညာရှင်များ နှင့် တွေ့ဆုံ၍ အပင်မျိုးစပ်မွေးမြူခြင်းလုပ်ငန်းတွင် မိဘမျိုး ရွေးချယ်ရေး အောင်မြင်မှုအတွက် အဓိက ကျသော မိဘမျိုးများ မွေးမြူထားရှိရေး၊ ဇီဝနည်းပညာဖြင့် မျိုးမွေးမြူရေး၊ မျိုးထွန်း နည်းဖြင့် မျိုးမွေးမြူရေးတို့ကို စဉ်ဆက်မပြတ် စီမံချက် စနစ်တကျ ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များ ၊ ပညာရှင်များအနေဖြင့် ဘာသာရပ်အလိုက် စဉ်ဆက်မပြတ်လေ့လာခြင်း နှင့် လိုအပ်ချက်များအပေါ် အခြေခံကာ အကောင်းဆုံး သုတေသန ရလဒ်များ ရရှိအောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။