မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ (၁၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ (၁၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟို ကော်မတီ ၏ (၁၄)ကြိမ်မြောက် အစည်းအဝေး ကို ဇူလိုင်လ(၁၀)ရက်နေ့ နေ့လယ်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး တွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဗဟိုကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

uminnaung

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး က အမှာစကား ပြောကြားရာ၌ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကိုလည်း အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရန် ခွင့်ပြုပေးထားသည့်မြေများကို စနစ်တကျ ဖြင့် အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းသည် ဆက်စပ်လျက် ရှိပြီး၊ နိုင်ငံ့ GDP တိုးတက်ရေးနှင့် ဆက်စပ်မှုများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ်ကြောင်း၊ ၎င်းအပြင် မြေယာနှင့် မြေလွတ် မြေရိုင်း အသုံးချမှုများကိုလည်း တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရ က လမ်းညွှန်မှုပြုထားပါကြောင်း၊ 

မြေလွတ်၊မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများ အနေဖြင့် သတ်မှတ် ကာလအတွင်း စည်းကမ်းချက်နှင့်အညီ အပြည့်အဝစိုက်ပျိုးမွေးမြူ လုပ်ကိုင် ဆောင်ရွက် အသုံးပြုရန်အတွက် ကော်မတီဝင်များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးကြရန် လိုအပ်ကြောင်း၊

၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပြဋ္ဌာန်း ပြီးနောက် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီမှ စုစုပေါင်းမြေဧရိယာ (၂၇၄၁၂၇၉) ဧက ကို လုပ်ပိုင်ခွင့် အသုံးပြုခွင့်များ ချထားပေးခဲ့သော်လည်း သတ်မှတ်ကာလ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိသည့် မြေဧရိယာ (၁၅၉၉၃၆၄) ဧကကို ပြန်လည် သိမ်းဆည်းခဲ့ရကြောင်း၊ ထိုကဲ့သို့ ပြန်လည်သိမ်းဆည်းရန် ဆောင်ရွက်ရသည့် လုပ်ငန်းရပ်များ အတွက် အသုံးပြုရသည့် အချိန်နှင့်ငွေကြေးကို ခြွေတာနိုင်စေရန် မိမိတို့ ကော်မတီ နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး ပြည်နယ် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီများ အနေဖြင့် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလာသူ က အမှန်တကယ် အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် ဧရိယာပမာဏကို စနစ်တကျစိစစ်ခွင့်ပြုပေးရန် လိုအပ်ကြောင်း၊

အလားတူ ယခင်လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများထံမှ မြေခွန်တော်ကင်းလွတ်ခွင့် ကာလ ကုန်ဆုံးပြီးနောက် ကောက်ခံရမည့် နှစ်စဉ်ကြေး မြေခွန်စည်းကြပ် ကောက်ခံနိုင်ရေးကိုလည်း ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြေခွန်တော်ကြွေးကျန်ဖြစ်ပေါ်ခြင်းနှင့် သတ်မှတ် ထားသောစည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါက  ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားသည့် မြေကို ပြန်လည်းသိမ်းဆည်းခြင်း၊ ပေးသွင်းထားသော အာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်းခြင်းများအပြင် တည်ဆဲဥပဒေများအရ တိတိကျကျအရေးယူဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟို ကော်မတီ အတွင်းရေးမှူး က အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများ က အကြောင်းအရာတစ်ခုချင်းအပေါ် ဆွေးနွေး ခဲ့ကြသည်။

 ယနေ့ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟို ကော်မတီ ၏ (၁၄)ကြိမ်မြောက် အစည်းအဝေး တွင် သက်ဆိုင်ရာဝန်ကြီးဌာနများက သဘောထား မှတ်ချက် ပြန်ကြားလာသည့်  လုပ်ငန်းစာတွဲများ စိစစ်တင်ပြခြင်း ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာမှုများအပေါ် စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲများ နှင့်ပတ်သက်သည့် ကိစ္စရပ်များအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။