စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ နှင့် ဖူဆယ်အားကစား ဆုချီးမြှင့်ပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ နှင့် ဖူဆယ်အားကစား ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော်၊ ဇွန်လ(၂၀)ရက်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကို ဇွန်လ(၂၀) ရက်နေ့ နံနက်ပိုင်းက  နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည် ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဦးဗိုလ်ဗိုလ်ကျော် နှင့် ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ နှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြပြီး ရတနာတန်းဝင် ကျွန်းပင် (၅၁၀)ကို စိုက်ပျိုးခဲ့ကြသည်။ ၎င်းနောက်ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးကြသည်။

အလားတူ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကို စိုက်ပျိုးရေးဦးစီးဌာန က စိုက်ပျိုးရေး သိပ္ပံကျောင်း(ပျဉ်းမနား) တွင် လည်းကောင်း ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ငလိုက်ရေလှောင်တမံတွင်လည်းကောင်း ဦးစီးဌာနအလိုက် ဆောင်ရွက် ခဲ့ကြ ကြောင်း၊ ယမန်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် စိုက်ပျိုးခဲ့သော နှစ်ရှည် သီးပင် စားပင်များ၊ အရိပ်ရပင်များအား ဌာနအလိုက်ကွင်းဆင်းစစ်ဆေးခဲ့ကြရာ ၈၀ ရာခိုင်နှုန်းခန့် မှာ ကောင်းစွာရှင်သန်လျက်ရှိကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့သော အပင်များနေရာတွင် အစားထိုးစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိ သည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ သည် ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ၏ ဖူဆယ် ဘောလုံးအားကစား ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ် ဘောလုံးအားကစား တွင် ဆုရအသင်းများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး ပထမဆုရ ရုံး(၃၆) အသင်းအား ပြည်ထောင်စုဝန်ကြီး က တစ်ဦးချင်းဆုနှင့် ပထမဆုဖလား ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦီးစီးဌာနများ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ အချင်းချင်း ရင်းနှီးချစ်ကြည်မှုတိုးတက်ပြီး လုပ်ငန်းခွင်အတွင်း ပိုမိုအဆင်ပြေချောမွေ့စွာ ချိတ်ဆက် ဆောင်ရွက်နိုင်ကြစေရန် ၊ တစ်ဦးချင်း၏ ကိုယ်စိတ်ရွှင်လန်းတက်ကြွမှုနှင့် ကျန်းမာ ပျော်ရွှင်မှု ရရှိကြစေရန် အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် ယင်းတို့၏မိသားစုဝင်များ မှ ထူးချွန်အားကစားသမားများ ပေါ်ထွက်လာပြီး ဝန်ကြီးဌာနကိုယ်စားပြု အားကစား သမားများ ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ အဖြစ် လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ အားကစားနည်းအလိုက် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း သတင်း ရရှိသည်။