ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ကျောင်းများ၏ အဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲကျင်းပ

ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ကျောင်းများ၏ အဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲကျင်းပ

နေပြည်တော်။ ဇွန်လ(၂၂)ရက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို) ၏ အဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ဇွန်လ(၂၁)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး)၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ အထူးဧည့်တော်များ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးသိပ္ပံ ကျောင်းအုပ်ကြီး နှင့် ဆရာ ဆရာမများ၊ ဒီပလိုမာ တက်ရောက်ယူကြမည့် ကျောင်းဆင်း မောင်မယ်များနှင့် မိဘဆွေမျိုးများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က အမှာစကား ပြောကြားရာတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိနေသည့် လက်တွေ့ကျွမ်းကျင်သော အလယ် အလတ်အဆင့် ပညာရှင်များ ကို သင်ကြားလေ့ကျင့်ပေးလျက်ရှိသည့်  စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) အနေဖြင့် ယနေ့အထိ စိုက်ပျိုးရေး ဒီပလိုမာ(၂၇၃၁)ဦးနှင့် မွေးမြူရေးဒီပလိုမာ(၆၇)ဦး၊ စုစုပေါင်း (၂၇၉၈)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ စိုက်ပျိုးရေး နှင့် မွေးမြူရေးသိပ္ပံကျောင်းများမှယနေ့အထိ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရ (၂၅၀၀၀)ကျော် နှင့် မွေးမြူရေး ဒီပလိုမာ လက်မှတ်ရ (၄၀၀)ကျော်ကို မွေးထုတ် ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနိုင်ငံအတွက် စိုက်ပျိုး မွေးမြူရေးအခြေခံအသက်မွေးဝမ်းကျောင်း ပညာ တတ်မြောက်သူ ပိုမိုမွေးထုတ်ပေးရန်မိမိတို့ ဆက်လက်ကြိုးပမ်းသွားကြရန်လိုကြောင်း၊

အရည်အချင်းပြည့်မီသူများ အနေဖြင့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ ၊ မဟာဘွဲ့ နှင့် ပါရဂူဘွဲ့များ ဆက်လက် ကြိုးစား အားထုတ်သွားကြရန် အားပေးတိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ပထမနှစ်မှ တတိယနှစ်ထိ တန်းစဥ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများကို  ဒုတိယဝန်ကြီးက ဂုဏ်ပြု ဆုချီးမြှင့် ခဲ့သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလာရွှေသီဟ၊ Super brothersနှင့် CHITA စသည့် လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်ရေး ပုဂ္ဂလိကအလုပ်ရုံများ ၏ (၆)သွား လင်ပန်းထယ်၊ (၇) သွား လင်ပန်းထယ်၊ Front Blade၊ Front Loader၊ Lug Wheels ၊ မျိုးစေ့ချကိရိယာ(Seeder)၊ ပြောင်းသီးနှံအခြောက်ခံစက်(Dryer) နှင့် လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးအားပေးပြီး လုပ်ငန်းရှင်များနှင့် အလုပ်ရုံတာဝန်ရှိသူများအား တွေ့ဆုံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာနှင့် နိုင်ငံတကာတွင် ထုတ်လုပ်နေသော လယ်ယာသုံး စက်ကိရိယာများကို မျက်ခြေပြက်မခံပဲ မြန်မာ့ရေ မြေ သဘာဝနှင့်ကိုက်ညီသော လယ်ယာသုံး စက်ကိရိယာများ ကို မွန်းမံဆန်းသစ်တီထွင် ထုတ်လုပ်ကြရန် အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။