ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးမြှင့်တင်

နေပြည်တော်၊ ဇွန် ၂၂
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ဇွန်လ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့နယ် ၊ မြကန်သာရပ်ကွက်ရှိ မွေးမြူရေးတောင်သူ ဦးငြိမ်းချမ်းဦး ၏ ဉစားကြက် မွေးမြူရေးခြံ ၌ ကြက်ကောင်ရေ ၁၈၀၀၀ မွေးမြူထားရှိမှုနှင့် ကြက်ဉများ ဖြန့်ဖြူးပေးနေမှု ၊ ကြက်ချေးကို သဘာဝမြေဩဇာအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် မြောင်းမြမြို့ ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံကျောင်း မြကျွန်းရွှေဝါခန်းမ ၌ ကျင်းပပြုလုပ်သည့် အဌမအကြိမ် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်အတူ တက်ရောက်အားပေးကြသည်။
အဌမအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍများ တွင် အားထားရမည့် အလယ်အလတ်ပညာရှင်များမွေးထုတ်ပေးနိုင်သည့် နေ့ဖြစ်သည့် အတွက် မင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြ တိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့စိုက်ပျိုးရေး ဒီပလိုမာဘွဲ့ လက်မှတ်အပ်နှင်းခြင်းခံရသည့် မောင်မယ်များအနေဖြင့် မိမိတို့ကျွမ်းကျင် တတ်မြောက်ထားသည့် ပညာရပ်များကို တောင်သူလယ်သမားများ၏ လူနေမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးထိပ်ထား၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစား ဆောင်ရွက် သွားကြစေလိုကြောင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များအား စဉ်ဆက်မပြတ်လေ့လာ၍ နိုင်ငံတော်နှင့်တောင်သူကြီးများအားထားရသည့် စိုက်ပျိုးရေးအလယ်အလတ်ပညာရှင်များ ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး က အမှာစကားပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တို့က တန်းစဉ်ပေါင်းအမှတ်အများဆုံးဆုရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ ကျောင်းသား ကျောင်းသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီး သည် မြောင်းမြမြို့ ၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ၊ ဒေသသုတေသနဗဟိုဌာန ၏ ရေ၊မြေ၊ဒေသ နှင့် သင့်တော်သည့် အထွက်နှုန်း ကောင်းမွန်သော မိုးကောင်းသောက် လယ်စပါးမျိုးများ၊ ဆည်ရေသောက် စပါးမျိုးများ၊ အရည်အသွေးကောင်းစပါးမျိုးများ၊ ရေမြုပ်ခံစပါးမျိုးများနှင့် ဆားငန်ခံ စပါးမျိုးများ မွေးမြူ ရွေးချယ်ထုတ်လုပ်နေမှု ၊ ပဲမျိုးစုံသီးနှံများ၊ဆီထွက်သီးနှံများ၊ ဟင်းသီး ဟင်းရွက် သစ်သီး ဝလံများ၊ စားဖိုဆောင်သီးနှံများနှင့် စက်မှုကုန်ကြမ်း သီးနှံများအတွက် မျိုးနှင့်နည်းပညာ ဆိုင်ရာ သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများ ၊ မျိုးစပါးများစမ်းသပ် စိုက်ပျိုးထားရှိမှု များကို ကြည့်ရှုစစ်ဆေးပြီး သုတေသီများ နှင့် တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ် ချက်များကို ဆွေးနွေးမှာကြားသည်။
အလားတူ မွေးမြူရေးသုတေနဦးစီးဌာန ၊ ချောင်းသာ ၊ မွေးမြူရေးသုတေသနစခန်း ၏ ဒေသနှင့်ကိုက်ညီသည့် ရေငန်ငါး၊ပုစွန်များ မွေးမြူသုတေသနပြုခြင်း၊ တိုင်းရင်း ရေငန်ငါး ၊ ပုစွန်မျိုးစိတ်များအား မျိုးထိန်းသိမ်းရန်နှင့် အမြောက်အမြားမွေးမြူထုတ်လုပ် နိုင်ရေး သုတေသန ၊ မျိုးငါး၊ပုစွန်များအား အရည်အသွေးပြည့်မီစေရေး မွေးမြူထိန်းသိမ်း ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က သုတေသနနှင့်ဖွံ့ဖြိုးရေး တိုးချဲ့ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ညနေအပိုင်းတွင် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီး အတွင်း နွေစပါး၊မိုးစပါး၊ ဆီထွက်သီးနှံများစိုက်ပျိုး လျာထားဧကပြည့်မီရေးနှင့် မွေးမြူရေး ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။