စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဖူဆယ်အားကစား နှင့် ဘော်လီဘောအားကစားပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖလား ဖူဆယ်အားကစား ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ကို ဇွန်လ(၂၀) ရက်နေ့ က နေပြည်တော် ရုံးအမှတ်(၁၅) ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် အရာထမ်း အမှုထမ်းများက ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ် ဘောလုံးအားကစား ဆုရ အသင်းများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး ပထမဆုရ ရုံးအမှတ်(၃၆) အသင်းအား ပြည်ထောင်စုဝန်ကြီး က တစ်ဦးချင်းဆုနှင့် ပထမဆုဖလား ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားရုံ ၌ ကျင်းပလျက်ရှိသည့် ဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ ပါဝင်ဆင်နွှဲသည့် ဘော်လီဘော အားကစားပြိုင်ပွဲ ကို ကြည့်ရှုအားပေးကြသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဆုရ အမျိုးသားဘော်လီဘောအသင်းနှင့် အမျိုးသမီး ဘော်လီဘောအသင်းများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ က တစ်ဦးချင်းဆုများ ငွေသားဆုနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး ပထမဆုရ ရုံးအမှတ်(၅၀) အမျိုးသား ဘော်လီဘော အသင်း နှင့် အမျိုးသမီး ဘော်လီဘောအသင်း အသင်းတို့အား ပြည်ထောင်စုဝန်ကြီး က တစ်ဦးချင်းဆု နှင့် ပထမဆုဖလား ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ အချင်းချင်း ရင်းနှီး ချစ်ကြည်မှုတိုးတက်ပြီး လုပ်ငန်းခွင်အတွင်း ပိုမိုအဆင်ပြေချောမွေ့စွာ ချိတ်ဆက် ဆောင်ရွက် နိုင်ကြစေရန် ၊ တစ်ဦးချင်း၏ ကိုယ်စိတ်ရွှင်လန်းတက်ကြွမှုနှင့် ကျန်းမာ ပျော်ရွှင်မှု ရရှိကြစေရန် အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် ယင်းတို့၏မိသားစုဝင်များ မှ ထူးချွန် အားကစား သမားများ ပေါ်ထွက်လာပြီး ဝန်ကြီးဌာနကိုယ်စားပြု အားကစား သမားများ ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ အဖြစ် ရွေးချယ်လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ အားကစားနည်းအလိုက် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း သတင်း ရရှိသည်။