မန္တလေးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

မန္တလေးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် တာဝန်ရှိသူများသည် ဇွန်လ(၉)ရက်နေ့နံနက်ပိုင်း တွင်  မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ စွန်ရဲအင်းဒေသ၌ အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် နို့စားနွားမွေးမြူရေးဇုန် အား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက စီမံကိန်းစတင်ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်း များ ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

     တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ နိုင်ငံတော် အနေဖြင့် မွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များ အတွက် နည်းပညာအပါအဝင် လိုအပ်ချက်များကို မိမိတို့ဝန်ကြီးဌာနက ကူညီပံ့ပိုးပေးလျက်ရှိရာ လုပ်ငန်းဆိုင်ရာ သဘောတူညီမှု စည်းကမ်းချက်များနှင့်အညီ ပုဂ္ဂလိက အကျိုးစီးပွား ဖြစ်ထွန်းစေရေးနှင့် သတ်မှတ်ကာလအတွင်း စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေး ပြောကြားပြီး နို့စားနွားမွေးမြူရေးဇုန်တည်ဆောက်ရေးလုပ်ငန်းများ အား ကြည့်ရှုစစ်ဆေး သည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာအုပ်စု၊ ဆောက်အင်းကျေးရွာအနီး တည်ဆောက်ပြီးစီးသည့် ဆောက်အင်း လျှပ်စစ်မြစ်ရေတင် စီမံကိန်း ရှင်းလင်းဆောင်တွင် ရေသောက်ဧရိယာအတွင်းမှ တောင်သူများဖြင့် ဖွဲ့စည်း ထားသော  ရေအသုံးချသူများ(WUG)အဖွဲ့ဝင်များ အား တွေ့ဆုံပြီး စပါးသီးနှံအခြေခံ၍ တစ်နှစ်သုံးသီး စိုက်ပျိုးထုတ်လုပ်နိုင်ရေး နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေပေးဝေနေမှု နှင့် တောင်သူ့ စိုက်ခင်းများကို ကြည့်ရှုအားပေးသည်။ 

     ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက် ခဲ့သည့် ဆောက်အင်းလျှပ်စစ်မြစ်ရေတင်စီမံကိန်း သည် ပင်မလျှပ်စစ်ဓါတ်အားနှင့် ဆိုလာစွမ်းအင်ကို တွဲဖက်အသုံးပြု၍ ဒုဌဝတီမြစ်မှရေကို တင်ယူပြီး ကွန်ပျူတာတက္ကသိုလ်(မန္တလေး) အနီးရှိ တအုံ၊ ဧည့်ပြ၊ တလိုင်းကန် စိုက်ကွင်းများမှ စိုက်ပျိုးမြေ ဧက(၁၀၀၀)အား နွေ၊ မိုး၊ ဆောင်း တစ်နှစ်လျှင် (၃)သီး စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ၏ ပူးပေါင်းကူညီဆောင်ရွက် ပေးမှုဖြင့် ယခုနှစ်နွေသီးနှံ စိုက်ပျိုးရာသီတွင် နွေစပါး၊ နှမ်း ၊ နေကြာအပါအဝင် ဧက(၆၅၀) စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ မိုးခေါင်ခြင်း၊ မိုးရွာသွန်းမှုပုံစံ မမှန်ခြင်းများကြောင့် သဘာဝမိုးရေဖြင့် တစ်နှစ်တစ်သီး စိုက်ပျိုးဖြစ်ထွန်းရန် သေချာမှု မရှိသည့် အဆိုပါဒေသ အတွက် ဆောက်အင်းလျှပ်စစ်မြစ်ရေတင်စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက် ခဲ့ခြင်းကြောင့် နှစ်(၃၀)ကျော်ကာလအတွင်း စပါးသီးနှံကို ပထမဆုံးအကြိမ် စိုက်ပျိုးနိုင်ခြင်း ဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် လာမည့် မိုးရာသီမှ စတင်ကာ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးချဲ့ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။

     ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး သည် စဉ့်ကိုင်မြို့နယ် ဆည်ရွာကျေးရွာအနီး ရှိ မန္တလေး တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းနှင့် ပုသိမ်ကြီးမြို့နယ် ၊ ကြူဝန်း ရှိ အသားတိုးနွား၊ မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်သရုပ်ပြခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဓါတ်ခွဲခန်း ပညာရပ်များကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းမျှဝေ ပေးပြီး ဓါတ်ခွဲခန်းပညာရှင် ခါးဆက်မပြတ်စေရေး နှင့် ထူးချွန်သူများပေါ်ထွန်းလာရေး အားပေးချီးမြှောက်ရန် လိုအပ်ချက်များ၊ ဘဏ္ဍာနှစ်အလိုက် သတ်မှတ်ထားသော လုပ်ငန်းများ လျာထားချက် ပြည့်မီစွာဆောင်ရွက်ရန်ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

     ဆောက်အင်းလျှပ်စစ်မြစ်ရေတင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းကြောင့် ယင်းဒေသအတွက် နှစ်(၃၀)ကျော်ကာလအတွင်း စပါးသီးနှံကို ပထမဆုံးအကြိမ် စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်သည်။