စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး စုစုပေါင်း (၄၁၉၆) မျိုးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်

စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး စုစုပေါင်း (၄၁၉၆) မျိုးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်

နေပြည်တော်၊ မေ(၂၈)

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ၏ (၄၂)ကြိမ်မြောက် အစည်းအဝေးကို မေလ(၂၈)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး ပိုးသတ်ဆေး ပေါင်းသတ်ဆေး မှိုသတ်ဆေးများနှင့်ပတ်သက်၍ သုတေသနနှင့် လူ့စွမ်းအား မြှင့်တင်ရေးလိုအပ်ချက်များ ၊ ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များမှ စိစစ် တင်ပြလာသော ပိုးသတ်ဆေး အမျိုးပေါင်း (၁၄၉) မျိုးအား အတည်ပြုပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့အနေဖြင့် ပိုးသတ်ဆေး နည်းပညာကော်မတီ က ပြုစုတင်ပြလာသည့် သတင်းအချက်အလက်များ စိစစ်သုံးသပ်အကြံပြုချက်ခြင်းများကို အခြေခံ ၍ ပိုးသတ်ဆေးမှတ်ပုံတင်ခွင့် ပြုပေးနိုင်ရန် ဆုံးဖြတ်အတည်ပြုပေးခြင်း၊ အဆိပ်ရှိပစ္စည်းနှင့် စပ်လျဉ်း၍ တင်ပြရန်လိုအပ်သော အထောက်အထားအချက်အလက်များ ကို သတ်မှတ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ အကြံပြုချက်များအပေါ် အခြေပြု၍ လူနှင့်ပတ် ဝန်းကျင်ကို အန္တရာယ် မြင့်မားစေသော ပိုးသတ်ဆေးများကို သုံးစွဲရန် ပိတ်ပင်တားဆီးခြင်း၊  ပိုးသတ်ဆေးများကို စနစ်တကျ ကိုင်တွယ်သုံးစွဲ စွန့်ပစ်ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မရှိစေရန် လိုအပ်သည့် အမိန့်၊ သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များကို အခါအား လျော်စွာ ထုတ်ပြန်လျက်ရှိပြီး ပိုးသတ် မှိုင်းတိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေး ဖော်စပ်ရောင်းချခွင့် လိုင်စင်နှင့် ပိုးသတ်ဆေး ပြန်လည် ထုပ်ပိုးခွင့် လိုင်စင် လျှောက်ထားလာမှုများကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ပိုးသတ်ဆေးဥပဒေနှင့်အညီ စီစစ်ခွင့်ပြုပေးလျက် ရှိသည်။

စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ အရည်အသွေးပြည်မီစွာဖြင့် အသုံးပြုနိုင်ရေး နှင့် အတုအပများကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေရေး နှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ က ထိန်းကျောင်း ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ (၄၁)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေး ပြီးဆုံးသည့် ကာလအထိ  ပိုးသတ်ဆေး စုစုပေါင်း (၄၁၉၆)မျိုးကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။