စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့ဝန်ထမ်း သားသမီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ အတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့

နေပြည်တော်၊ မေ(၂၇)
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တွင် တာဝန်ထမ်းဆောင် လျက်ရှိကြသည့် နေပြည်တော်ကောင်စီနယ်မြေ မှ နိုင်ငံ့ဝန်ထမ်း သားသမီးများ ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းများ အတွက် ကျောင်းဝတ်စုံ နှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်း အခမ်းအနားကို မေလ(၂၇)ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ နှင့် သားသမီး မူလတန်း၊အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က နိုင်ငံ့ဝန်ထမ်း သား သမီးများကို ပညာသင် ထောက်ပံ့မှုအဖြစ် ယခင်နှစ်များနည်းတူ ကျောင်းဝတ်စုံများ နှင့် စာရေး ကိရိယာများ ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် မျိုးဆက်သစ် လူချွန် လူကောင်းများ ပေါ်ထွန်းလာစေရန် နှင့် နိုင်ငံ့စီးပွားဖြစ်ထွန်းရေးအတွက် တစ်ဖက် တစ်လမ်း က စွမ်းဆောင် နိုင်သူများ တိုးပွားလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းအပေါ် သားငယ် သမီးငယ်များ အနေဖြင့် လက်တွေ့ ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်း အပ်ပါကြောင်း၊
၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်း Grade-10 တွင် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် စက်မှုဘာသာရပ်များကို လေ့လာသင်ကြားနိုင်စေရန် စီစဉ်ထားပြီး ဖြစ်၍ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့စိတ်ပါဝင်စားသည့်ဘာသာရပ်ကို လေ့လာ နိုင်ကြမည် ဖြစ်ကြောင်း၊ ထူးချွန်မှုအလိုက် စိုက်ပျိုးရေးသိပ္ပံကျောင်းများနှင့်မွေးမြူရေးဒီပလိုမာ သင်တန်းများ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် များ တွင် ဆက်လက်သင်ကြားခွင့် ရရှိကြမည်ဖြစ်၍ အလေးထား စဉ်းစား ဆောင်ရွက်ကြရန် ပြောကြား လိုကြောင်း၊ မှန်ကန်စွာဝေဖန် ပိုင်းခြားတတ်သည့် ပညာတတ်လူငယ်များ အဖြစ် နိုင်ငံတော်၏ အနာဂတ်ကို ကောင်းသည်ထက်ကောင်းအောင် ပုံဖော်နိုင်ကြစေရေး အားထုတ် ကြိုးပမ်း ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ယူကြမည့် မူလတန်း ( ၁၃၇၂ ) ဦး၊ အလယ်တန်း (၆၉၇ ) ဦး ၊ အထက်တန်း (၇၄၇) ဦး ၊ စုစုပေါင်း ( ၂၈၁၆ ) ဦး တို့အတွက် ပညာသင် ထောက်ပံ့မှု အဖြစ် တစ်ဦးလျှင် ကျောင်းဝတ်စုံ ( ၁ )စုံ၊ ဗလာစာအုပ်( ၁)ဒါဇင် ၊ ခဲတံ ဘောပင် (၁) ဒါဇင်ကို ထောက်ပံ့ပေးအပ်ကြရာ ကျောင်းသား ကျောင်းသူကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြ ကြောင်း သတင်းရရှိသည်။