နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး၊ မိုးစပါး နှင့် ဆီထွက်သီးနှံစိုက်ပျိုးကြမည့်တောင်သူလယ်သမားများနှင့်တွေ့ဆုံ လိုအပ်ချက်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေး

နေပြည်တော်၊ဇန်နဝါရီ(၂)
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးကြမည့် တောင်သူများ၏ လယ်ယာလုပ်ငန်းခွင် အခက်အခဲများအား ကူညီဖြေရှင်းပေးရန် ၊ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းတွင် တစ်ဧကချင်း၏ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးအကြံပြုခြင်း၊ တောင်သူများနှင့် အနီးကပ်တွေ့ဆုံ၍ ယင်းတို့၏ လိုအပ်ချက်များကို ထဲထဲဝင်ဝင် သိရှိကူညီ ပံ့ပိုးပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် ဇန်နဝါရီလ (၂)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် စိမ်းစားပင် ကျေးရွာ စိုက်ပျိုးနည်း ပညာပေးစင်တာ ၌ ဒေသခံ တောင်သူများ နှင့် တွေ့ဆုံကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာအုပ်စု (၈) အုပ်စုမှတောင်သူ(၅၈)ဦး၊ စိုက်ပျိုးပညာပေး ဝန်ထမ်း (၃၂)ဦး တို့အား ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ ပန်းတိုင် အထွက်နှုန်းရရှိရေး အတွက် မျိုးကောင်းမျိုးသန့် သုံးစွဲရန်၊ မြေပြုပြင်ရာ တွင် ထယ်ရေးထွန်ရေးကောင်းရန် နှင့် ခေတ်မီစိုက်ပျိုးနည်းစနစ်များ ကျင့်သုံးရန် စပါး စိုက်ပျိုးရာတွင် အထူးသဖြင့် ကြဲပက်စိုက်ပျိုးမှုများမပြုလုပ်ပဲ တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို ပြောင်းလဲ ဆောင်ရွက်ရန်၊ ဓာတ်မြေဩဇာများကို အချိန်ကိုက်အချိုးကျသုံးစွဲရန်၊ ပေါင်းသတ်ဆေး ပိုးသတ်ဆေးများကို မလိုအပ်ဘဲ အသုံးမပြုရန် နှင့် လိုအပ်သလောက်သာ အသုံးပြုရန် ၊ စိုက်ပျိုးရေ နှင့် နည်းပညာ အပါအဝင် လိုအပ်ချက် များ ဖြည့်ဆည်းပေး နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ကူညီပံ့ပိုးပေးသွားမည်ဖြစ်၍ တောင်သူများက စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ချက် များကို ဆွေးနွေး ပြောကြားသည်။
တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် တောင်သူများကလည်း လယ်ယာလုပ်ငန်းခွင်ဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက မြေဆီလွှာထိခိုက်ပျက်စီးမှု မရှိစေပဲ သီးနှံထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး ဆောင်ရွက်ရန် နည်းလမ်းများ ၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော လယ်ယာကုန်ထုတ် လုပ်ငန်းများ ထွန်းကားလာရေး ကြိုးပမ်းသွားကြရန် လိုအပ်ချက်များ၊ စိုက်ပျိုးရေ ရယူမှု အသုံးပြုရာတွင် ရေသောက်စနစ်အတွင်းရှိ စိုက်ကွင်းများအားလုံး မျှမျှတတ ခွဲဝေအသုံးပြုနိုင်ရေးအတွက် ရေအသုံးချသူအဖွဲ့ WUG တောင်သူများ၏ ပူးပေါင်း ဆောင်ရွက်မှု အရေးပါပုံတို့ကို ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။