ပြည်တွင်းစားသုံးဆီ ဖူလုံစွာ ထုတ်လုပ်နိုင်ရေးဆွေးနွေး

နေပြည်တော်၊ မေ (၂၇)
ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်တွင်း စားသုံးဆီ ဖူလုံရေး အတွက် သက်ဆိုင်ရာကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရန် ပြည်တွင်းစားသုံးဆီ ဖူလုံစွာ ထုတ်လုပ်နိုင်ရေး ဆွေးနွေးပွဲ ကို မေလ တတိယပတ် က နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန နှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ က သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြ ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်း စားသုံးဆီ ဖူလုံရေး နှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများပူးပေါင်းပါဝင်သည့် လုပ်ငန်းအဖွဲ့များဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။