အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

နေပြည်တော်၊ မေ ၁၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကို မေလ ၁၀ ရက်နေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်း နှင့် တာဝန်ရှိသူများ ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ အရာထမ်း အမှုထမ်း များ တက်ရောက်ကြသည်။

unionminister

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က အမှာစကားပြောကြားရာတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ယခုကဲ့သို့ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို စိတ်စေတနာ ထက်သန်စွာဖြင့် လိုက်လံကျင်းပပေးနေခြင်းအား ကြိုဆိုပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကောင်းမွန်သော အုပ်ချုပ်ရေး နှင့် စီမံဆောင်ရွက်မှုများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး သာမက ကျင့်ဝတ်သိက္ခာနှင့်ညီညွတ်သော နိုင်ငံဝန်ထမ်းကောင်းများအဖြစ် လုပ်ကိုင်ဆောင်ရွက် နိုင်ရေးအတွက် ယခုကဲ့သို့ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးကို မိမိတို့ နိုင်ငံ့ဝန်ထမ်းများ အားလုံး စနစ်တကျ လေ့လာမှတ်သား လိုက်နာသွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ 

ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က ပြောကြားရာ၌ ယခုကဲ့သို့ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ဘေးအန္တရာယ်များကို သိရှိကာ ရှောင်ကြဉ်နိုင်စေရန်နှင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာ၌ တစ်ဦးချင်းပါဝင်ကာ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူ့အသိုင်းအဝိုင်းကို ဖော်ဆောင်ရန် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုချက်အနေဖြင့် တစ်ကမ္ဘာ လုံးက လက်ခံထားသည့် ဖွင့်ဆိုချက်မရှိဘဲ နိုင်ငံအသီးသီးက ၎င်းတို့၏ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်း အရ ဖွင့်ဆိုကြပါကြောင်း၊ မည်သို့ပင်ဆိုစေကာမူ အဂတိလိုက်စားမှုဆိုသည်မှာ လုပ်ပိုင်ခွင့် အာဏာကို မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာများ သိရှိရန် လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံကောင်းများ တည်ဆောက်ရန်၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာစေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရန်အတွက် အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့် ကော်မရှင် အပါအဝင် ပြည်ထောင်စု ဝန်ကြီးဌာန/အဖွဲ့အစည်း(၃၇)ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ (၁၄) ခုတို့တွင် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU)များကို ၂၀၁၉ ခုနှစ်မှ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ CPU ဖွဲ့စည်းထားသည့် ဌာနများနှင့် ညှိနှိုင်းကာ လုပ်ငန်း တာဝန်(၃)ရပ်နှင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၆) ရပ် တို့ကိုချမှတ်ပြီး  ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာ၌ အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံအကျဆုံး ဖြစ်သည့်အတွက် အဂတိလိုက်စားမှု ဆိုင်ရာ အသိပညာများကို ဝန်ထမ်းတိုင်း သိရှိထားရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရခြင်း မရှိစေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင့်ဝတ်လိုက်နာပြီး ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သင့် ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၊ ဥပဒေရေးရာဌာနခွဲ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး က အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသိပညာပေးရေးနှင့်ပြည်သူ့ ဆက်ဆံရေးဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင် က အဂတိလိုက်စားမှု၏ သဘော သဘာဝများ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ သတင်း၊တိုင်ကြားစာနှင့်မှတ်တမ်းဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော် က တိုင်ကြားစာကဏ္ဍ နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

၎င်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း နှင့်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်တွင် ဖွဲ့စည်းထားသည့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU)များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံ များ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။