“မွေးမြူရေးအစာလိုအပ်ချက် အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပ

နေပြည်တော် ၊ မေ ၁၀
မြန်မာ့မွေးမြူရေးကဏ္ဍအတွက် တိရစ္ဆာန်အစာလိုအပ်ချက်ပမာဏကို ပြည်တွင်း ကုန်ကြမ်းဖြင့် လုံလောက်စွာထုတ်လုပ်ပြီး ပြည်ပမှ တင်သွင်းသည့် အစာကုန်ကြမ်းများ၏ အရည်အသွေး၊ ဈေးနှုန်းတို့နှင့် ယှဉ်ပြိုင်နိုင်မှုရှိစေရေး အထောက် အကူဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်သော “မွေးမြူရေးအစာ လိုအပ်ချက် အလုပ်ရုံဆွေးနွေးပွဲ” ကို မေလ(၁၀) ရက်နေ့ ၊ နံနက်ပိုင်း က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ ၌ ကျင်း ပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဥက္ကဌ ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီစက် လုပ်ငန်းရှင်များ အသင်း၊ ဆက်စပ် အသင်းအဖွဲ့များ မွေးမြူရေးအစာထုတ်လုပ် တင်သွင်းသည့် ကုမ္ပဏီများ လုပ်ငန်းရှင်များ ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရှင်များနှင့် သုတေသီများ တက်ရောက် ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီး က အမှာစကား ပြောကြားရာ၌ မွေးမြူရေး လုပ်ငန်းအတွက် အမှန်တစ်ကယ် အစာကုန်ကြမ်းလိုအပ်မှုနှင့် ထုတ်လုပ်မှု အခြေအနေ အမှန်ကို သိရှိ နိုင်ရန်၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၏ မွေးမြူရေး အစာကုန်ကြမ်း တင်သွင်းမှု လက်ရှိ အခြေအနေ နှင့် ပြည်တွင်း၌ ထွက်ရှိသော ကုန်ကြမ်းများဖြင့် တိရစ္ဆာန် အစာထုတ်လုပ် မည်ဆိုပါက လုံလောက်မှု ရှိ/မရှိ ဖော်ထုတ်နိုင်ရန် ၊ မွေးမြူရေး အစာ ထုတ်လုပ်ရာတွင် အသားဓါတ်အရင်းအမြစ်အဖြစ် အသုံးပြုသည့် ဆီကြိတ်ဖတ်များ၏ ပြည်တွင်း ထွက်ရှိမှု အခြေအနေနှင့် တိရစ္ဆာန်အစာကုန်ကြမ်းအဖြစ် သုံးစွဲရာတွင် သတ်မှတ်သင့်သည့် အရည်အသွေးစံနှုန်းများ ဆွေးနွေးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆက်စပ်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ ကုမ္ပဏီများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲ သို့ တက်ရောက်လာကြသည့် ပညာရှင်များ၊ သုတေသီများ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် ရည်ရွယ်ချက်ပါအတိုင်း အထောက် အကူ ဖြစ်စေမည့် အကြံဉာဏ်များ၊ လက်ရှိစိန်ခေါ်မှုများ၊ လိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ရှုထောင့်အမျိုးမျိုး မှ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပရာတက်ရောက်လာကြသူများက ပြည်တွင်းမွေးမြူရေးအစာလိုအပ်ချက် နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးချက်များအရ တစ်ပိုင်တစ်နိုင် နှင့် အသေးစားမွေးမြူရေးလုပ်ငန်းများ သည် ဒေသထွက်အစာ ကုန်ကြမ်းများကို အဓိကအသုံးပြုကြသော်လည်း အသားတိုးဝက်၊ အသားတိုးကြက်နှင့် ဥစားကြက် စသည့်စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများတွင် အာဟာရ ဓာတ်ပြည့်ဝသော အစာကုန်ကြမ်းလိုအပ်ချက်အရ တိရစ္ဆာန်အစာ စုစုပေါင်းပမာဏ၏ (၅၀-၆၀)ရာခိုင်နှုန်း မှာ ပြောင်းသီးနှံကို ထည့်သွင်း အသုံးပြုပြီး အသားဓါတ် အရင်းအမြစ် အဖြစ် ဆီကြိတ်ဖတ်(၂၂-၂၅)ရာခိုင်နှုန်းထည့်သွင်းရောစပ်အသုံးပြုရကြောင်း၊တစ်နှစ်လျှင် အစာတန်ချိန် (၂.၅)သန်း ထုတ်လုပ်နိုင်ရန် အတွက် ဆီကြိတ်ဖတ်တန်ချိန် (၆)သိန်း လိုအပ်ခြင်းကြောင့် ပြည်ပမှ နှစ်စဉ် ဆီကြိတ်ဖတ်တန်ချိန်(၄)သိန်းခန့် ဝယ်ယူအသုံးပြုရ လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘဏ္ဍာနှစ် အလိုက် တိုးမြှင့်ပြီး ပြည်တွင်း စားသုံးဆီဖူလုံရေးကြိုးမှုနှင့်အတူ ဆီစက်များမှ ထွက်ရှိလာ သော ဆီကြိတ်ဖတ်များကို မွေးမြူရေးအစာထုတ်လုပ်မှုကဏ္ဍ၌ အရည်အသွေးပြည့်မီ လုံလောက်စွာ အသုံးချနိုင်ရေး အတွက် ဌာန နှင့် ပုဂ္ဂလိကတို့ အလေးအနက်ထား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။