မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေး

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မေလ(၁၀)ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးကြသည်။

နှစ်ဘက်ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် လယ်ယာကုန်ထုတ် လုပ်ငန်းများ၌ ထိုင်းနိုင်ငံ  ပုဂ္ဂလိကလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြုပ်နှံနိုင်ရေး တင်ပြလာပါက ဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိရေးနှင့် လိုအပ်ချက်များ ကူညီပေးနိုင်မည့် အခြေအနေများ ၊ နို့စားနွား တိုးချဲ့မွေးမြူရေး နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်းအတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုများ၊ ပြည်ပရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများ ၊   မြန်မာ့ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့မှု ဆိုင်ရာကိစ္စရပ်များ နှင့် မြန်မာနိုင်ငံတွင် ကျွဲ နွား ခွါနာ လျှာနာရောဂါကင်းမဲ့ဇုန်များ ၊ တိရစ္ဆာန် ကူးစက်ရောဂါ ထိန်းချုပ်ဇုန်များ ဆောင်ရွက်ထားရှိမှုနှင့် တိရစ္ဆာန် နယ်စပ်ဖြတ်ကျော်တင်ပို့ခြင်းဆိုင်ရာ မူဝါဒများ ၊   မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ကျွဲနွားတင်ပို့မှုဆိုင်ရာ သဘောတူညီချက် MOU ဆောင်ရွက်ရန် လိုအပ် ချက်များ၊ မြန်မာ့ ငါးမြင်း ငါးမျိုးဗီဇစစ်ဆေးခြင်းနှင့် မျိုးထိန်းခြင်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းဆိုင်ရာများ၊  သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော ရေရှည်တည်တံ့သည့် လယ်ယာကုန်ထုတ်လုပ်မှု ဖြစ်စေရေး အတွက် စီမံဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။