ဧရာဝတီတိုင်းဒေသကြီး ၏ သီးနှံစိုက်ဧက နှင့် အထွက်နှုန်း ကိန်းဂဏန်း အချက်အလက် စားရင်းဇယားများ မှန်ကန်ရေး ကြိုးပမ်း

နေပြည်တော်၊ မေလ(၁၁)ရက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် မေလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာအနီး ဟင်္သာတကမ်းနားတာ အား ကြည့်ရှု စစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူက ဧရာဝတီ မြစ်ရေ တိုက်စားမှုကြောင့် ၂၀၁၅ခုနှစ်အတွင်း ဧရာဝတီမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့ပြီး နောက်ပိုင်း မြစ်ရေစီးကြောင်းပြောင်းလဲလာသဖြင့် ကမ်းပြိုကမ်းစားမှုဖြစ်စဥ်များ စတင် ဖြစ်ပေါ်ခဲ့မှု၊ ရေကြီးရေလျှံခြင်းမှကာကွယ်ရန် တည်ဆောက်ထားသော ဦးမိုးလေး ဖြတ်တာ ကို ၂၀၁၉ခုနှစ်မှစတင်၍ မြစ်ရေတိုက်စားခံရပြီး နှစ်စဥ်ကမ်းပြိုကမ်းစားခြင်းဖြစ်ပေါ်ခဲ့ကာ ဟင်္သာတမြို့သို့ ရေစီးကြောင်း ဆက်လက်ဦးတည်လာသဖြင့် လိုအပ်သောပန်းတာနှင့် ဖြတ်တာများ တည်ဆောက်ခြင်း၊ တာမျက်နှာပြင်များ သတ်မှတ်အမြင့် ရရှိရန် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ လတ်တလော ဆောင်ရွက်မည့် အစီစဥ်များ နှင့် ရေရှည် ဆောင်ရွက်ရမည့် အစီအစဥ်များ ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်ခန်းမ၌ ဟင်္သာတ နှင့် မြန်အောင် ခရိုင်းအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန တို့မှ အရာထမ်း အမှုထမ်းများအား တွေ့ဆုံ၍ ဒုတိယဝန်ကြီး က မြေပြင်အခြေအနေမှန်ကို အနီးစပ်ဆုံးသိရှိအောင် လက်တွေ့ကွင်းဆင်း ၍ ကြိုးစားဆောင်ရွက်ပေးကြရန် နှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန် လိုအပ်ချက် များ၊ သီးနှံစိုက်ဧက နှင့် အထွက်နှုန်း ကိန်းဂဏန်း အချက်အလက် စားရင်းဇယားများ မှန်ကန်ရေး၊ စိုက်ပျိုးရေးဦးစီးဌာန ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန နှင့် အခြားဆက်စပ်ဌာန တာဝန်ရှိသူများ ပူးပေါင်းဆောင် ရွက်ကြရန် နှင့် သက်ဆိုင်ရာမြို့နယ်အလိုက် ကွင်းတာဝန်ခံ များ အနေဖြင့် အချက်အလက်ကိန်းဂဏန်းများကို ကိုယ်တိုင်ကွင်းဆင်းကောက်ယူကြရာတွင် တောင်သူများ၏လိုအပ်ချက်များကို သိရှိရေးနှင့် ထိရောက်စွာကူညီဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများ အနေဖြင့် ဝန်ထမ်းများ အား ပံ့ပိုးကူညီနိုင်ရေး ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က စတင် ကောက်ယူ နေပြီဖြစ်သော ရေသောက် စနစ်အလိုက် စိုက်ပျိုးမည့်မျိုး ၊ အထွက်နှုန်း စာရင်များကို စိစစ်ပြီး မျိုး၊ မြေ၊ ရေ၊ နည်းပညာ အားနည်းချက် အားသာချက်များ ကို ပြန်လည်သုံးသပ်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်သွားရန် ၊ ဆီထွက်သီးနှံ အထူးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်၍ အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင် နှင့် ညွှန်ကြားရေးမှူးချုပ်များ က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် စိုက်ဧကစာရင်းမှန်ကန်ရေး၊ အထွက်နှုန်းစားရင်းများမှန်ကန်ရေး၊ ကိန်းဂဏန်း အချက်အလက်များမှန်ကန်ရေး နှင့် ပန်းတိုင် အထွက်နှုန်းရရှိတို့ကို သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးပြောကြားကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူမြို့၊ အ.ထ.က(၂) ရွှေကူ ပညာ့ ဗိမာန်ခန်းမ၌ ဆီထွက်သီးနှံ ဇုန်(၁) ဇုန်(၂) တောင်သူများအား တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းစားသုံံးဆီဖူလုံရေး မူဝါဒနှင့် လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားပြီး ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ စီမံဆောင်ရွက်နေမှု တိုင်းဒေသကြီးအစိုးရ ၏ ကြီးကြပ်မှု ဦးစီးဌာနအလိုက် တာဝန်ရှိသူများ နှင့် တောင်သူများ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကိုဆွေးနွေးမှာကြားသည်။
ထို့နောက် သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများ က စပါးအပါဝင် ဆီထွက် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ဖွယ်ရာများကို ရှင်းလင်းတင်ပြကြပြီး တောင်သူများ၏ မေးမြန်းချက်များကို အသေးစိတ် ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။