သဘာဝ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးလာရေး အားပေးဆောင်ရွက်

သဘာဝ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးလာရေး အားပေးဆောင်ရွက်

နေပြည်တော်၊ မေလ(၁၁)ရက်

သဘာဝ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးလာရေး ၊ တစ်ဧကချင်း၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေး၊ တောင်သူတစ်ဦးချင်းဝင်ငွေတိုးပွားရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ဘက်စုံကဏ္ဍစုံမှ အားပေးဆောင်ရွက်ပေးလျက်ရှိရာ မေလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်အုပ်စုရှိ စူပါနှံကောက် (RS-CS) မျိုးစေ့ထုတ် စိုက်ခင်း၌ ဒေသခံတောင်သူလယ်သမားများနှင့်တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး က နိုင်ငံတကာ၌ ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်း နှင့်အတူ ဓာတ်မြေဩဇာ နှင့် သွင်းအားစုဈေးနှုန်းများ ကြီးမြင့် လာလျက်ရှိနေရာ စိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့်လည်း ရင်းနှီးမြုပ်နှံမှုမြင့်မားလာလျက်ရှိကြောင်း၊တစ်ချိန်တည်း တွင် စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများ ဈေးကောင်းရရှိနေခြင်း ဈေးကွက်ဝယ်လိုအားများ တိုးတက်နေခြင်းကလည်း တောင်သူလယ်သမားများအတွက် အခွင့်အလမ်းကောင်းအဖြစ် ရှိနေခြင်းကြောင့် သွင်းအားစုစရိတ် သက်သာစေမည့် နည်းလမ်းများ  လိုက်နာ ကျင့်သုံးရန် လိုကြောင်း၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ် ကို ဆောင်ရွက်ခြင်းဖြင့် လယ်ယာ ဘေးထွက် ပစ္စည်းများမှ တိရစ္ဆာန်အစာ ဖြည့်ဆည်း ပေးနိုင်မှု နှင့်  တိရစ္ဆာန်အညစ်အကြေးမှ သဘာဝ မြေဩဇာအဖြစ် အသုံးပြုမှုများ ပါဝင်သည့် လှည့်ပတ်သုံးစွဲ နည်းစနစ်အား အသုံးပြုပြီး တောင်သူများ ဝင်ငွေတိုးတက်ပွားရေး ကြိုးပမ်းလုပ်ကိုင်နိုင်မှု အခွင့်အလမ်းများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက  လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေး အတွက် ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်နေမှုများ ၊ နေပြည်တော်ကောင်စီနယ်မြေ၏ သီထပ်စွမ်းအားမြှင့်တင်ရေး နှင့် ပန်းတိုင် အထွက်ရရှိရေး ဆောင်ရွက်နေမှုများ ကို ရှင်းလင်း တင်းပြကြသည်။ 

ထို့နောက် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက တောင်သူများအား သဘာဝ မြေသြဇာများ ထောက်ပံ့ပေးအပ်ပြီး စူပါနှံကောက် မျိုးစေ့ထုတ်စိုက်ခင်း နှင့် သဘာဝ မြေသြဇာ မြေဆွေးထုတ်လုပ်သုံးစွဲနေမှု ၊ နို့စားနွား၊ ကျွဲ နှင့် ဘဲများ မွေးမြူထားရှိမှုတို့ကို ကြည့်ရှု အားပေးကြသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး သည် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာရှိ ပုဂ္ဂလိက ငါးမွေးမြူရေး လုပ်ငန်း၏ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမ၊ ငွေရောင်ငါးကြင်း၊ ငါးကြင်းဖြူနှင့် မြက်စားငါးကြင်း ကောင်ရေ(၈၆၀၀၀) ရောနှောမွေးမြူထားရှိမှု ၊ ငါးသားဖောက်များ ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိက ငါးမွေးမြူရေး လုပ်ငန်းရှင်များအား ရေသတ္တဝါ မွေးမြူ ထုတ်လုပ်ရာတွင် ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် Good Aquaculture Practices-GAqP ( ဂျီ အေ ကျူ ပီ) နှင့်အညီဆောင်ရွက်ရန် ၊ သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိသော မွေးမြူထုတ်လုပ်မှု ဖြစ်စေရန် ၊ အစားအစာ ဘေးအန္တရာယ်ကင်းစင်မှု စံချိန်စံညွှန်းများ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ 

၎င်းနောက် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်၊ အော်ဂဲနစ်စိုက်ပျိုးရေးခြံ သို့ ရောက်ရှိရာ ခြံတာဝန်ရှိသူများက စားသုံးသူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု၊ တောင်သူများ အား အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာများနှင့် ရင်းနှီးလာစေရန် နည်းပညာဖြန့်ဝေပေးနေမှု၊ သီးနှံသစ်တော ရောနှောစိုက်ခင်း အဖြစ် ပျဉ်းကတိုး၊ သဒီ ၊ မဒမ၊ မလွှ၊ ဒီဒူး၊ပုန်းမဲဇာ ၊ ရုံးပင်၊သဖန်း၊ ကတွတ် စသော ဒေသပေါက် သစ်ပင်များနှင့် ဝါးပင်များကြားတွင် ငှက်ပျော၊ စွန်ပလွန်၊ ဆူးပုတ်၊ ကင်ပွန်းချဉ်ပင်များရောနှော စိုက်ပျိုးထားရှိမှု တို့ကို လိုက်လံပြသရာ ဒုတိယဝန်ကြီး က စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် တောင်သူ လယ်သမားများနှင့် တန်ဖိုးကွင်းဆက် တစ်လျှောက်ရှိ တောင်သူများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် အသင်းအဖွဲ့များအကြား ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရန် လုပ်ငန်းစဉ် အဆင့်အတိုင်း စနစ်တကျ ဆောင်ရွက်နိုင်ရန်နှင့် သီးနှံအလိုက် အကျိုး အမြတ် အများဆုံး ရရှိသည့် စိုက်ပျိုးရေး နည်းစနစ်များကို ပညာပေး ဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။