ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ဧရိယာများ ရေချိုတိုးတက်ပေးဝေနိုင်ရေးကြိုးပမ်းဆောင်ရွက်

နေပြည်တော်၊ မေလ(၉)ရက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၊ သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် နှင့်အတူ မေလ(၉)ရက်နေ့ နံနက်ပိုင်းတွင် ဖျာပုံမြို့နယ်၊ ကျုံကဒွန်းစိုက်ကွင်း နှင့် ကြက်ဖမွေးဇောင်း ရေငန်တား ကျွန်းပတ်တာ နှင့် ရေချိုသွင်းနိုင်မည့် ရေသွင်းရေတံခါးများ တည်ဆောက်မှု လုပ်ငန်းခွင်များ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
ကြက်ဖမွေးဇောင်းရေငန်တား ကျွန်းပတ်တာ နှင့် ရေချိုသွင်းနိုင်မည့် ရေသွင်း ရေတံခါးများဆောင်ရွက်ခြင်းကြောင့် ဧက ၂၉၈၀၀ ခန့်၏စိုက်ပျိုးရေ ရရှိရေးကို အကျိုးပြုနိုင် မည်ဖြစ်ပြီး လက်ရှိတွင် နွေစပါး ဧက ၆၈၀၀ စိုက်ပျိုးလျက်ရှိကာ နွေစပါး ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား သွားရောက်တွေ့ဆုံ၍ တိုင်းဒေသကြီး၏ စိုက်ပျိုး မွေးမြူရေး အခြေခံကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က တင်ပြသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီး တို့က လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် တို့သည် ပုသိမ်မြို့တော်ခန်းမ ၌ ပုသိမ်၊ ကျုံပျော်၊ မြောင်းမြ၊ လပွတ္တာခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ အရာထမ်း အမှုထမ်းများအားတွေ့ဆုံ၍ စပါးအပါအဝင် ဆီထွက်သီးနှံစီမံကိန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေ ဧက ၊ အထွက်နှုန်း ဆိုင်ရာ အချက်အလက် ကိန်းဂဏန်း စာရင်းဇယားများ တိကျ မှန်ကုန်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆက်စပ်ဌာန တာဝန်ရှိသူများက ကွင်းဆင်း ပူးပေါင်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်နိုင်ရေး ဆောင်ရွက်ရာ တွင် တောင်သူများပူးပေါင်းပါဝင်ကြရန်လိုအပ်ချက်များအား ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။