မြန်မာဆယ်မာအူးလ်ဂွန်ဂို (ကျေးရွာငွေတိုက်) သည် ကမ္ဘာတစ်ဝှမ်းရှိ ကျေးရွာငွေတိုက်များ တွင် စုငွေအများဆုံး အဖြစ် အောင်မြင်မှုရရှိနေ

ကိုရီးယားသမ္မတနိုင်ငံ Saemaul-Undong(SMU) နှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြန်မာဆေးမာအူး ကျေးရွာသစ် စီမံကိန်း ကျေးရွာများ၏ ဝင်ငွေတိုး လုပ်ငန်းများ ဖွံ့ဖြိုးအောင်မြင်လာမှုကို အခြေခံ၍ အဆိုပါကျေးရွာများတွင် ငွေကြေး ဆိုင်ရာစီမံခန့်ခွဲမှုစနစ် အားကောင်းလာစေရန် ကိုရီးယားနိုင်ငံ ဆယ်မာအူးလ်ဂွန်ဂိုအဖွဲ့ချုပ် (Saemaul Geumgo Federation) က နည်းပညာအကူအညီများ ထောက်ပံ့ပေးခဲ့ရာ မြန်မာနိုင်ငံတွင် ကျေးရွာငွေတိုက်ပေါင်း ၃၅ ခုရှိပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ အသင်းဝင် ဦးရေ (၄၇၁၉-ဦး) ရှိကာ စုဆောင်းငွေပေါင်း(၁၁၇၄) သန်းကျော် ရှိနေပြီဖြစ်သည်။ ကမ္ဘာ တစ်ဝှမ်းရှိ ကျေးရွာငွေတိုက်များတွင် စုငွေအများဆုံးအဖြစ် အောင်မြင်မှုရရှိနေခြင်း အပေါ် စံနမူနာပြု၍ ယူဂန်ဒါ ၊ လာအို ၊ ကမ္ဘောဒီးယား နှင့် ဖီဂျီနိုင်ငံတို့တွင် ကျေးရွာငွေတိုက်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျေးရွာငွေတိုက်သည် ငွေစုငွေချေးလုပ်ငန်းအပြင် ရရှိလာသည့် အကျိုးအမြတ်များဖြင့် မိမိတို့ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရေး၊လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျက်ရှိသဖြင့် ကျေးရွာသူကျေးရွာသားများ၏ ကြိုးစားအောင်မြင်မှုနှင့်အတူကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာလျက်ရှိရာ စုငွေများပြားလာသည့်အခါ ငွေကြေးလုံခြုံ စိတ်ချရမှု ပိုမိုခိုင်မာလာစေရန် ကျေးရွာငွေတိုက်များနှင့် ကျေးရွာငွေတိုက်အသင်းချုပ်တို့ကိုထူထောင်၍ တရားဝင် မှတ်ပုံတင်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးက ပြောသည်။
ကျေးရွာငွေတိုက် ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာငွေတိုက်တာဝန်ခံ စိုက်ပျိုးရေး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများကို ဒီဇင်ဘာလ ၂၇ ရက်နေ့က နေပြည်တော် ရေဆင်း ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ၌ ကျင်းပရာ သင်တန်းသား၊ သင်တန်းသူ ၆၄ ဦး က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း၊ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး ၊ ကိုရီးယားနိုင်ငံ ဆယ်မာအူးလ်ဂွန်ဂို အဖွဲ့ချုပ် မှ ဒါရိုက်တာ မစ္စတာ ရှင်းဝူဂျုန်း ၊ သင်တန်း ကျောင်းအုပ်ကြီး ဒေါက်တာညီညီ နှင့် တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြပြီး သင်တန်းကို ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ (၃)ရက်ကြာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။