ပိုးသတ်ဆေးများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်မညီညွတ်ပါက မှတ်ပုံတင်ခွင့်ပေးမည်မဟုတ်

ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၄၁)ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ (၂၇)ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များမှ စိစစ်ပြီးတင်ပြလာသော ပိုးသတ်ဆေး အမျိုးပေါင်း (၁၀၉ ) မျိုး အား အတည်ပြုပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် အားလျှော်စွာ သီးနှံမျိုးစုံ စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါကြောင်း၊ သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သည့်အလျောက် ထွက်ရှိလာသော သီးနှံမျိုးစုံကို ပြည်တွင်းဖူလုံအောင်စားသုံးရုံသာမက ပိုလျှံသည်များကို ပြည်ပသို့ ခေတ်အဆက်ဆက်ကပင် တင်ပို့ရောင်းချလာခဲ့ကြရာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓါတ်မြေသြဇာ နှင့် စက်မှုလယ်ယာ မပေါ်သေးခင်ကပင် ဆန်တန်ချိန် သန်းနှင့်ချီ၍ တင်ပို့ရောင်းချနိုင်ခဲ့သည်မှာ အထင်အရှားဖြစ်ပါကြောင်း၊ လူဦးရေတိုးပွား လာသည်နှင့်အညီ သီးနှံအထွက် တိုးတက်လာစေရေးအတွက် မျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲသုံးစွဲခြင်းအပြင် အထွက်တိုး စိုက်စနစ်များကို ကျင့်သုံးလာခဲ့ကြရာ၊ သီးနှံမျိုးနှင့် သီးနှံပုံံစံ တမျိုးတည်းကိုသာ အစဥ်တစိုက် စိုက်ပျိုးခြင်း နှင့် သီးထပ်သီးညှပ်များ စိုက်ပျိုး လာကြခြင်းကြောင့် သီးနှံ ဖျက်ပိုးများနှင့် ရောဂါဖြစ်စေပိုးများကလည်း သီးနှံများကို ကျရောက်ပြီး မျိုးဆက်ပွားများလာခြင်းကြောင့် ဓါတုပိုးသတ်ဆေးများကို ပက်ဖျန်း အသုံးပြုလာရကြောင်း ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး က ပြောသည်။
ပိုးသတ်ဆေးများကို မဆင်မခြင် သုံးစွဲလာခြင်းကြောင့် ပိုးပွှားမဟုတ်သော ပိုးကောင်များ ထိခိုက် သေကြေစေခြင်း၊ ဖျက်ပိုးများကို နှိမ်နင်းပေးသည့် မိတ်ဆွေပိုးများ၊ ဌက်များ၊ ငါးများနှင့် နို့တိုက်သတ္တဝါများ သေကြေ၍ သဘာဝ အစားရေစာစက်ဝန်း နှင့် ကွင်းဆက်များ ပျက်စီးခြင်း၊ ရေနှင့်သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ မြေဆီလွှာတွင်းရှိ တီကောင်အပါအဝင် ဇီဝမျိုးစုံနှင့် မြေဆီလွှာအာဟာရများပျက်စီးကာ မြေဆီလွှာ ကျန်းမာရေးကို ထိခိုက်စေကြောင်း၊ ပိုးသတ်ဆေးများ ကြိမ်ဖန်များစွာ ပက်ဖျန်းခြင်း ကြောင့် ဖျက်ပိုးများက ပိုးသတ်ဆေးကို ခံနိုင်စွမ်းရည်ရှိလာကြ၍ နှိမ်နင်းရန်ခက်ခဲလာကြောင်း၊ သို့ဖြစ်၍ ပိုးသတ်ဆေးများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်း မညီညွတ်ပါက မှတ်ပုံတင်ခွင့် ပေးမှာ မဟုတ်ကြောင်း၊ ဒါကြောင့် ပြဌာန်းထားသည့် ဥပဒေပုဒ်မ(၁၂)အရ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ လုပ်ငန်းများကို လိုအပ်သော နည်းပညာ အထောက်အကူ ရရှိရန် ကျွမ်းကျင်ပညာရှင်များ ပါဝင်သော နည်းပညာကော်မတီကို လိုအပ်သည့် သတင်း အချက်အလက်များကို ပြုစုတင်ပြခြင်း၊ စီစစ်သုံးသပ်အကြံပြုခြင်း၊ အရည်အသွေး စစ်ဆေးခြင်း၊ သီးနှံဖျက်ပိုးအပေါ် ထိရောက်စေနိုင်မှု(Efficacy) လူနှင့်အခြား အကျိုးပြု သတ္တဝါများ အပေါ် အဆိပ်သင့်နိုင်မှု (Toxicity) များကို စိစစ်သုံးသပ် အကြံပြုခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပညာရှင်များအနေနှင့် စိုက်ပျိုး ထုတ်လုပ်မှု ဂေဟစနစ် ကျမ်းမာရေးကို အစဥ် ရှေးရှုရမှာ ဖြစ်ပါကြောင်းနှင့် ပိုးသတ်ဆေးဥပဒေပါ ပြဌာန်းချက်များ ကို လိုက်နာမှု မရှိသူများ၊ ဖောက်ဖျက် ကျူးလွန်သူများ လျော့နည်း ပပျောက်သွားသည် အထိ ပိုးသတ်ဆေးဥပဒေ ဥပဒေလုပ်ထုံးလုပ်နည်းပါ သတ်မှတ်ထားသည့် အတိုင်းအရေးယူ ဆောင်ရွက်မှုများကို တိတိကျကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး က ဆက်လက်ပြောကြားသည်။
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အနေဖြင့် ပိုးသတ်ဆေးဥပဒေအခန်း(၃)အရ ပိုးသတ်ဆေး မှတ်ပုံတင် လျှောက်ထားတင်ပြလာခြင်း များကို မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရန် ဆုံးဖြတ်အတည် ပြုပေးခြင်း၊ အဆိပ်ရှိပစ္စည်းနှင့်စပ်လျဉ်း၍ တင်ပြရန်လိုအပ်သော အထောက်အထားအချက် အလက်များကို သတ်မှတ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ အကြံပြုချက်များအပေါ် အခြေပြု၍ လူနှင့်ပတ် ဝန်းကျင်ကို အန္တရာယ်မြင့်မားစေသော ပိုးသတ်ဆေးများကို သုံးစွဲရန် ပိတ်ပင် တားဆီးခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျ ကိုင်တွယ်သုံးစွဲ စွန့်ပစ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မရှိစေရန် လိုအပ်သည့် အမိန့်၊ သတ်မှတ် ချက်များ၊ ညွှန်ကြားချက်များ ကို အခါအားလျော်စွာ ထုတ်ပြန်လျက်ရှိသည်။