ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်မြို့နယ်ရှိ ငမိုးရိပ်ချောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းအားကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်မြို့နယ်ရှိ ငမိုးရိပ်ချောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းအားကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်၊ဒီဇင်ဘာလ(၂၆)ရက်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့သည် ဒီဇင်ဘာလ (၂၄) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြို့နယ်ရှိ ငမိုးရိပ်ချောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြချက်အပေါ်တွင် ဒုတိယဝန်ကြီးမှ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း ထူးကဲမိုးရေချိန်များကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် ရန်ကုန်(အရှေ့ပိုင်း)ခရိုင် မြို့နယ်အချို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့မှုအပေါ် အဆိုပါ ဒေသအတွင်း ရေလွှမ်းမိုးမှု လျော့ပါးစေရေး အတွက် အဓိကရေနုတ်ချောင်း ဖြစ်သည့် ငမိုးရိပ်ချောင်းနှင့် ချောင်းပေါ်တွင် တည်ဆောက်ထားရှိသော ငမိုးရိပ် ရေတံခါး၏ ရေစီးရေလာ ကောင်းမွန်၍ ရေနုတ် ကောင်းမွန် စေရန် ဆောင်ရွက်ရာတွင် ရေတံခါး၏ အောက်ခြေကြမ်းခင်း Level အား အညွှန်းထား၍ ရေနုတ်မြောင်း အောက်ခြေ Level အား သတ်မှတ်ဒီဇိုင်းပုံစံအတိုင်း တိတိကျကျ တူးဖော် ဆောင်ရွက်နိုင်ရေး၊ ရေတံခါး အောက်ပိုင်း တူးဖော်ပြီးသော အပိုင်းများအား ဒီရေအတက်နှင့် အတူ ပါလာသောနုန်းများ ပြန်လည်ဝင်ရောက်မှု မရှိစေရေးအတွက် ရေတံခါးအောက်ဘက်ပိုင်း သင့်လျော်သည့် နေရာတွင် ခိုင်ခံသော ယာယီနုန်းဖမ်းတာများ အမြန်တည်ဆောက်နိုင်ရေး၊ ရေနုတ်အား ကောင်းစေရန်အတွက် ချောင်းကွေ့များတွင် ဖြတ်မြောင်း တူးဖော်မည့်ကိစ္စနှင့် ပတ်သက်၍လည်း အကျိုးရှိ ထိရောက်မှုရှိစေရေး အတွက် တိကျစွာတိုင်းတာတွက်ချက် ဒီဇိုင်းပုံစံများ ပြုလုပ်ရာတွင် အခြားသော ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေး၊ ‌လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ကြီးကြပ်စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမှတ်တမ်းတင်ပြီး ဆောင်ရွက်ပြီး လုပ်ငန်းများ၏ ပြီးစီးမှုများအား စနစ်တကျ မှတ်တမ်းတင်  ဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ငမိုးရိပ်ချောင်း အတွင်း ရေစီးရေလာ ကောင်းမွန်ရန် စက်ယန္တရားများဖြင့် နုန်းများဆယ်ယူနေမှုနှင့် လှည်းကူး မြို့နယ်ရှိ ဆင်ဖုန်လျှပ်စစ်ရေတင်လုပ်ငန်း ‌ဆောင်ရွက်မှုအခြေအနေများကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် မရမ်းကုန်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံံစဉ် ဒုတိယဝန်ကြီးက တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်း တိုးတက်ရေး၊ အဓိကသီးနှံများအတွက် ချမှတ်ထားသည့် ပန်းတိုင်အထွက်ရရှိရေး၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ နှင့်ပတ်သက်၍ တောင်သူ၊ ပုဂ္ဂလိကနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သီးနှံအထွက် တိုးတက်စေရေး၊ အရည်အသွေးပြည့်မီပြီး လက်တွေ့ အသုံးချ ရန်လွယ်ကူသည့် လက်ဆွဲစပါးမျိုးစေ့ချကိရိယာများ ပိုမို ထုတ်လုပ် နိုင်ရေးနှင့် ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သည့် ချို့ယွင်းမှုအား ထိန်းသိမ်း ပြုပြင်နိုင်ရန် ကြိုတင် အစီအမံများဆောင်ရွက်နိုင်ရေး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဇုံအတွင်း ရေရရှိရေး လုပ်ငန်းများအတွက် ဒီဇိုင်းပုံစံများ အမြန်တွက်ချက်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။