မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲကျင်းပ

နေပြည်တော်၊ ဧပြီ(၂၄)
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသန စာတမ်း ဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၂၄)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် တို့မှတာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ စာတမ်းရှင်များ တက်ရောက်ကြပြီး ၊ တိုင်းဒေသကြီး ပြည်နယ် ခရိုင် နှင့် မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတာဝန်ရှိသူများ က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

စာတမ်းဖတ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့် အမှာစကား ပြောကြားရာ၌ စားရေရိက္ခာအသားကဏ္ဍဖူလုံမှုတိုးတက်ရေးနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် မွေးမြူရေးထွက်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေး အတွက် မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာစေရန် နိုင်ငံတော် အစိုးရ က ဘက်စုံကဏ္ဍစုံမှ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိ သကဲ့သို့ မိမိတို့ဝန်ကြီး ဌာနအနေဖြင့်လည်း နည်းပညာဝန်ဆောင်မှုများ တိုးချဲ့ ဆောင်ရွက် နိုင်ရေး နှင့် မွေးမြူရေးဆိုင်ရာသုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ သို့အတွက် သုတေသီများ ပညာရှင်များအနေဖြင့် အဆင့်မြင့် နည်းပညာ အသစ်များ လေ့လာဖော်ထုတ်အသုံးပြုနိုင်ရေး ကြိုးပမ်းမှုနှင့်အတူ ဆက်စပ် ဌာနများ၊ မွေးမြူရေး လုပ်ငန်းရှင်များ နှင့် မွေးမြူရေးတောင်သူများ ပူးပေါင်းပါဝင်သည့် လက်တွေ့ အသုံးချ သုတေသနလုပ်ငန်းများကို တပါတည်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်း က စာတမ်းဖတ်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စာတမ်းဖတ်ပွဲ အကဲဖြတ် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြပြီး အတွေ့အကြုံကောင်းရှိသူ စာတမ်းရှင်များ နှင့် မျိုးဆက်သစ်လူငယ် စာတမ်းရှင်များ က ဌာနမှ ဆောင်ရွက် လျက် ရှိသောတိရစ္ဆာန်များ မွေးမြူ ထုတ်လုပ်ခြင်းဆိုင်ရာ စစ်တမ်းများ၊ တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူခြင်း အပေါ်အခြေခံ၍ မြန်မာနိုင်ငံ၏ တိရစ္ဆာန်မွေးမြူမှု အခြေအနေ လေ့လာသုံးသပ်ချက် စာတမ်း၊ မျိုးဗီဇဆိုင်ရာ၊ တိရစ္ဆာန် အစာအဟာရဗေဒ၊ သိုး ဆိတ်မွေးမြူရေး၊ ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ ရောဂါစူးစမ်း ရှာဖွေ ထောက်လှမ်းခြင်း၊ တစ်ခုတည်းသော ကျန်းမာရေး ဆိုင်ရာနှင့် ပဋိဇီဝဆေးဆိုင်ရာ သုတေသနများစာတမ်း စသည့် စုစုပေါင်း စာတမ်း(၃၁)စောင်ကို ဧပြီလ(၂၄)ရက်နေ့နှင့်(၂၅)ရက်နေ့များတွင် ဖတ်ကြားတင်သွင်း ခဲ့ကြသည်။








အဆိုပါ စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် မွေးမြူရေးနှင့်ကုသရေးဆိုင်ရာပညာရှင်ကြီးများကို ပြည်ထောင်စုဝန်ကြီး က အမှတ်တရ လက်ဆောင်များ ဂုဏ်ပြုပေးအပ်ခဲ့ပြီး ၊ အကောင်းဆုံးစာတမ်းရှင်ဆု ရွေးချယ်ခံရသူများကို အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သတင်းရရှိသည်