မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့၏ ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့၏ ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း

နေပြည်တော်၊ ဧပြီ(၂၈)

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာထုတ်လုပ်မှုတိုးတက် မြင့်မားရေး အတွက် အထူးဇုန်များ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ(၂၆)ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက် ဆွေးနွေးသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်  ဒုတိယဝန်ကြီး က စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး လုပ်ငန်း အား အီလက်ထရောနစ်အခြေခံ E-extension ဝန်ဆောင်မှု နှင့် ဖြည့်စွက်ကျင့်သုံးရန် လိုအပ်ချက်များ၊ ဒစ်ဂျစ်တယ်မီဒီယာ ကို အသုံးပြု၍ စျေးကွက်သတင်းများ ၊ ရာသီဥတု ခန့်မှန်း ချက်များ၊ သီးနှံပိုးမွှားရောဂါ စီမံခန့်ခွဲမှုနည်းပညာများ ၊ သီးနှံအထွက်နှုန်းကို အကောင်းဆုံး ဖြစ်စေရန် နှင့် တောင်သူဝင်ငွေ အများဆုံးရရှိရန် အတွက် အရေးကြီးသော အခြား သတင်းအချက်အလက်များ အား တောင်သူများ လက်လှမ်းမီလာကြစေရေး ဆောင်ရွက်ပေးနေမှု ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနတာဝန်ရှိသူများ နှင့် ဆီထွက်သီးနှံ အထူးဇုန် တာဝန်ခံများ က စီမံကိန်းလုပ်ငန်း ဆောင်ရွက် နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး က လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

အလားတူ ဒုတိယဝန်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆီထွက်သီးနှံ ထုတ်လုပ်မှုတိုးတက်မြင့်မားရေး အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် နိုင်ငံတော်အစိုးရ၏ မူဝါဒ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားပြီး ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနအသီးသီး၏ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုး၊မြေ၊ရေ၊နည်းပညာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ ၊ ဌာန နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ၏ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို အသေးစိတ် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး က ဆီထွက်သီးနှံတစ်မျိုးချင်းအလိုက် စတင်စိုက်ပျိုးထုတ်လုပ် သည်မှ ဈေးကွက် နှင့် စားသုံးသူထံ ပေးပို့သည့် ထုတ်လုပ်မှုကွင်းဆက်မှ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်သည့် သုတေသနနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်စေရန် ဦးစီးစနစ်ကို အကြားအလပ်မရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း အသေးစိတ် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။