နွေသီးနှံများ စိုက်ပျိုးရေဖူလုံစွာအသုံးပြုနိုင်ရေး ၊ ဆီထွက်သီးနှံအထူးဇုန်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကြိုးပမ်း

နွေသီးနှံများ စိုက်ပျိုးရေဖူလုံစွာအသုံးပြုနိုင်ရေး ၊ ဆီထွက်သီးနှံအထူးဇုန်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကြိုးပမ်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးများ ၏ ဆည်ရေသောက်ဧရိယာများအတွင်း နွေသီးနှံစိုက်ပျိုးရေ အလုံအလောက်ပေးဝေနိုင်ရန်၊ ဆီထွက်သီးနှံ အထူးဇုန်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် နှင့် လျာထားချက်ပြည့်မီစွာ ဆောင်ရွက်နိုင်ရန်၊ သားငါးကဏ္ဍ၏ ထုတ်လုပ်မှုတိုးတက်ရေးလုပ်ငန်းများကို ဧပြီလ(၃)ရက်နေ့မှ (၆)ရက်နေ့ အထိ ကွင်းဆင်းစစ်ဆေးခြင်း၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်အတွင်း နွေစပါးစိုက်ဧရိယာများ စိုက်ပျိုးရေ အဆင်ပြေ လုံလောက်စွာ ရရှိစေရေး ၊ သီးနှံအထွက်နှုန်း ကျဆင်းမှု မဖြစ်ပေါ်စေရေးအတွက် ပိုးမွှားရောဂါအန္တရာယ် ကာကွယ်ခြင်း နှင့် ပေါင်းမြက်များ နှိမ်နင်းခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်၊  တောင်သူများ မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်ဝစွာအသုံးပြုနိုင်ရေးနှင့် ထွက်ရှိလာသည့် သီးနှံ အထွက်နှုန်းများကို မှတ်သား၍ နှိုင်းယှဥ်သုံးသပ်ပြီး တစ်ရာသီထက် တစ်ရာသီ သီးနှံ အထွက်တိုးတက်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

အလားတူ တောင်သူများနှင့်တွေ့ဆုံစဉ် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများ လျားထား ဧကပြည့် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် မျိုး၊ မြေ၊ ရေ၊ နည်းပညာ လိုအပ်ချက်များရှိပါက မိမိတို့ဝန်ကြီးဌာနအောက်ရှိ နီးစပ်ရာ ဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးရေ ချွေတာသုံးစွဲရေးနှင့် သီးနှံအထွက် နှုန်းအပေါ် စိုက်ပျိုးရေပေးသွင်းမှု ၏  သက်ရောက်မှုများ ၊ ရာသီဥတုနှင့်လိုက်လျောညီထွေသည့် သီးနှံမျိုး၊ စိုက်စနစ် နှင့် နည်းပညာများ ပြောင်းလဲကျင့်သုံးရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်ပေး ရန် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိ သည်။