ချည်မျှင်ရှည်ဝါ ဧက ရှစ်သိန်း အထိ တိုးမြှင့် စိုက်ပျိုးရန် လျာထား မြန်မာ့ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုသမိုင်းတွင် အမြင့်ဆုံးစိုက်ပျိုးနိုင်မှု အခြေအနေကို ရည်မှန်း ဆောင်ရွက်ခြင်းဖြစ်

ချည်မျှင်ရှည်ဝါ ဧက ရှစ်သိန်း အထိ တိုးမြှင့် စိုက်ပျိုးရန် လျာထား မြန်မာ့ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုသမိုင်းတွင် အမြင့်ဆုံးစိုက်ပျိုးနိုင်မှု အခြေအနေကို ရည်မှန်း ဆောင်ရွက်ခြင်းဖြစ်

လက်ရှိတွင် တစ်နိုင်ငံလုံး၌ ချည်မျှင်ရှည်ဝါ ဧက(၅၁၀၀၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် ချည်မျှင်ရှည်ဝါ ဧက ရှစ်သိန်း အထိ တိုးမြှင့် စိုက်ပျိုးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လျာထား ဆောင်ရွက်လျက်ရှိရာ မြန်မာ့ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုသမိုင်းတွင် အမြင့်ဆုံးစိုက်ပျိုးနိုင်မှု အခြေအနေကို ရည်မှန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ရာသီဥတု အခြေအနေ ဈေးကွက်နှင့် ဘက်ပေါင်းစုံ အခြေအနေအရပ်ရပ်တို့ကြောင့် ခေတ်အဆက်ဆက် တွင် စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းခဲ့သည့် မြန်မာနိုင်ငံ၏ ချဉ်မျှင်ရှည်ဝါ စိုက်ပျိုးမှုအား ပြန်လည်မြှင့်တင်နိုင်ရန် ၊ ပြည်တွင်းအသုံးပြုမှု အတွက် လိုအပ်သော ချည်မျှင် ချည်ထည်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ၊ ချည်မျှင် နှင့် ချည်ထည် လုပ်ငန်းအခြေခံ စက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် တို့ကို ရည်ရွယ်၍ ချည်မျှင်ရှည်ဝါ သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဧပြီလ (၂)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အလားတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ထားရှိသော ဝါသီးနှံ သုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ သုတေသနတွေ့ရှိချက်များ နှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ ကို ဧပြီလ(၃)ရက်နေ့ က မိတ္ထီလာခရိုင် ဝမ်းတွင်း မြို့နယ်ရှိ ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး (ရွှေတောင်)ခြံ၌ ကျင်းပပြုလုပ်သည်။

ပြည်သူများ၏ ဝတ်ရေး နှင့် နိုင်ငံ၏ စက်မှုကုန်ကြမ်း အတွက်အရေးကြီး ကုန်စည် တစ်ခုဖြစ်သည့် ချည်မျှင်ရှည်ဝါ စိုက်ပျိုးဧက လျာထားချက်ပြည့်မီရေးကို နိုင်ငံတစ်ဝန်း တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ချည်မျှင်ရှည်ဝါ မျိုးများကို စနစ်တကျ ထိန်းသိမ်းရန် နှင့် ချည်မျှင်ရှည်ဝါမျိုးများကို တောင်သူများထံ ဖြန့်ဖြူးခြင်းမပြုမီ သေချာစွာစမ်းသပ် စစ်ဆေး အတည်ပြုပေးရန်လိုကြောင်း၊ ချည်မျှင်ရှည်ဝါမျိုးများ နှင့် ပတ်သက်၍ နိုင်ငံတစ်ဝန်း လွှမ်းခြုံမှုရှိရန် လိုကြောင်း၊ ချည်မျှင်ရှည်ဝါသီးနှံ စပ်မျိုးများ နှင့်ပတ်သက်၍ မိုးဦး မိုးနှောင်း လျာထားစိုက်ဧကများအတွက် မျိုးလိုအပ်ချက်  လုံလောက်မှု ရှိစေရေး ကြိုးပမ်းလုပ်ဆောင် ကြရန်လိုကြောင်း ၊ ချည်မျှင်ရှည်ဝါ    မျိုးစပ် မွေးမြူရေး ဘာသာရပ် ထွန်းကားလာစေရန် ၊ လုပ်ငန်းများကို စဥ်ဆက်မပြတ် လုပ်ဆောင်ပြီး ပညာရှင်များ အား စဥ်ဆက်မပြတ် လက်ဆင့် ကမ်းမွေးမြူရန် ၊ ပညာရှင်မွမ်းမံသင်တန်းများ နှင့် အားဖြည့် ဆောင်ရွက်ရမည့် အစီအစဉ်များ ရေးဆွဲရန် ၊ မျိုးမွေးမြူရေးပညာရပ်နှင့် သုတေသီများ တစိုက်မတ်မတ် လုပ်ဆောင် နိုင်ရေး လေ့ကျင့်ပညာပေးရန် အပြင် စိုက်ပျိုးသူတောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ရေး တို့ကို စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ပြောကြားသည်။ 

ဝါသီးနှံဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာပေး လုပ်ငန်းများ၊ ဝါမျိုးရိုးဗီဇ မြှင့်တင်ရေး ၊ မျိုးမွေးမြူရေး နှင့် ဝါသီးနှံဇီဝကမ္မဆိုင်ရာ သုတေသန ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင်၍ တစိုက်မတ်မတ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ကြရန်လိုအပ်ကြောင်း ၊ ဝါသီးနှံ၏ အရည်အသွေးပိုင်းဆိုင်ရာ လက္ခဏာများ မြှင့်တင် ကောင်းမွန်စေရေး ၊ လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများ၊ မျိုးရွေးချယ်ခြင်း နှင့် မျိုးစေ့ထုတ်လုပ်ငန်းများတွင် ဝါတောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန် လိုကြောင်း ၊ သုတေသီပညာရှင်များ နှင့် တောင်သူများ အတူယှဉ်တွဲ လုပ်ကိုင်ဆောင်ရွက်ကြမှသာ ဝါသီးနှံ သုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဝါသုတေသန စင်တာ (Cotton Research Center) တစ်ရပ် ပီပီပြင်ပြင် ဖော်ထုတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲ တွင် နေပြည်တော်၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးများ ရှိ မြို့နယ်(၅)ခုတွင် ဆောင်ရွက်ထားရှိသော  ဝါသီးနှံ (၈) မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ခဲ့မှုများနှင့် စမ်းသပ်ကွက်များ၏ တွေ့ရှိချက်များ ၊ ဝါမျိုး တစ်မျိုးချင်းစီ၏ အရည်အချင်းလက္ခဏာများ ၊ အထွက်နှုန်းများ နှင့် ဝါသီးနှံတွင် ကျရောက်တတ်သည့် ပိုးမွှားရောဂါများ၏ ခံနိုင်ရည်ရှိမှုကို တောင်သူများလက်တွေ့ လေ့လာ နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု ၊ ဝါဂွမ်း ချည်နှင့် ချည်ထွက်ပစ္စည်း အရည်အသွေး ကောင်းမွန်သည့် ဝါမျိုးများ ၊ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အထွက်ကောင်း ဝါမျိုးများကို တောင်သူများ ရွေးချယ် စိုက်ပျိုးတတ်စေရေး နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ကြပြီး ဝါသီးနှံ သုတေသနများနှင့် ဝါသီးနှံ ဇီဝကမ္မဆိုင်ရာ လေ့လာချက်များဆောင်ရွက်ခြင်း၊ ဝါသီးနှံမျိုးမွေးမြူရေး သုတေသီ ပညာရှင်များကို ဦးစားပေး၍ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး အပါအဝင် ဝါသီးနှံ ဖွံ့ဖြိုးတိုးတက်ရေး ပတ်သက်၍ ကဏ္ဍအလိုက် ဦးစားပေးအစီအစဉ်များဖြင့် ဆောင်ရွက်နိုင်ရေး ၊ တောင်သူများ နှင့် ပညာရှင်များ အကြားအလပ်မရှိဆောင်ရွက်ကြရန် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။