၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်၌ ပြည်တွင်း စားသုံးမှုအတွက် ပြည်တွင်းထုတ်လုပ်မှုမှ လုံလောက်စေရန် ကြိုးပမ်း

၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်၌ ပြည်တွင်း စားသုံးမှုအတွက် ပြည်တွင်းထုတ်လုပ်မှုမှ လုံလောက်စေရန် ကြိုးပမ်း

နေပြည်တော်၊ ဧပြီ(၅)

ပြည်တွင်းစားသုံးဆီဖူလုံရေး၊ ပြည်ပမှ စားသုံးဆီ တင်သွင်းမှု လျှော့ချနိုင် ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ”ကို ဖွဲ့စည်းပေးခဲ့ပြီး စီမံကိန်းအားထိရောက်စွာ အကောင် အထည်ဖော်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများ အလိုက် လုပ်ငန်းကော်မတီ (၆) ရပ် နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ပြည်နယ် အသီးသီး တွင်လည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ကာလတိုအတွင်း တိုးချဲ့စိုက်ပျိုးနိုင်ပြီး တစ်ဧက ဆီထွက်နှုန်း ကောင်းမွန်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်းကို ၂၀၂၂ ခုနှစ် မိုးရာသီမှ စတင် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသကဲ့သို့ ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများ ကို ဇုန်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် လုပ်ငန်းများရည်မှန်းချက်အတိုင်း အောင်မြင်စေရန် စိုက်ပျိုးရေးပညာရှင်များကို ဇုန်တာဝန်ခံများ အဖြစ် အနီးကပ်ကြီးကြပ် နိုင်ရန် တာဝန်ပေးအပ်ထားကြောင်း၊ မျိုး၊မြေ၊ရေ၊နည်းပညာ အပါအဝင် လိုအပ်ချက်များ ကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ 

စိုက်ပျိုးထွက်ရှိလာသောနေကြာအပါအဝင်ဆီထွက်သီးနှံများ ဈေးကွက် ရရှိရေးနှင့် အရည်အသွေးပြည့်ဝသော စားသုံးဆီထုတ်လုပ်နိုင်ရေး အတွက် ဆီစက်များ ဖွံ့ဖြိုးရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင် သော “ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့” ကို ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။

ပြည်တွင်းစားသုံး ဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးတက်ထုတ်လုပ်ရေး သက်ဆိုင် ရာ ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အစီအမံများ နှင့်ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ဧပြီလ(၅)ရက်နေ့ က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်တွင်း၌ စိုက်ပျိုး ထုတ်လုပ်သည့် ဆီထွက်သီးနှံများကို ရာသီအလိုက် နယ်မြေ ဒေသအလိုက် တိုးတက် စိုက်ပျိုးနေသော်လည်း ပြည်တွင်းစားသုံးဆီအတွက် ဆီဖူလုံမှု မရှိခြင်းကြောင့် ပြည်ပမှ တစ်နှစ်လျင် စားအုန်းဆီ တန်ချိန် (၆) သိန်းခန့် တင်သွင်းနေရသဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်၌ ပြည်တွင်း စားသုံးမှုအတွက် ပြည်တွင်းထုတ်လုပ်မှုမှ လုံလောက်စေရန် ကြိုးပမ်းလျက်ရှိကြောင်း၊
မိမိတို့ ဝန်ကြီးဌာနအနေဖြင့်၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစ၍ မြေပဲ၊ နှမ်း၊ နေကြာ နှင့် ပန်းနှမ်း၊ ဆီမုန်ညင်း ၊ ဆီထုတ် ပဲပုတ် စသည့် ဆီထွက်သီးနှံများအား ရေမြေ၊ ရာသီဥတု အခြေအနေပေးသည့် ဒေသများတွင် အထူးဇုန် (၇)ခု သတ်မှတ်ပြီး အထူးအရာရှိများ တာဝန်ပေးအပ်၍ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နေသကဲ့သို့ ပုံမှန်စိုက်ပျိုးလျက်ရှိသော ဒေသများ တွင်လည်း ယခင်နှစ် ပျမ်းမျှအထွက်နှုန်းထက် မလျော့ကျစေရန် တိုက်တွန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ပြောကြားသည်။

ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ဆီကြိတ်ခွဲမည့် ဇုန်သတ်မှတ်နိုင်ရေး၊ ကြိတ်ခွဲ မည့် ပမာဏ လျာထားမှုများ အပါအဝင် ပံ့ပိုးလုပ်ဆောင်နိုင်ရန် ၊ ဆီထွက်သီးနှံများ လုံးဆန်အဖြစ် Export ဆောင်ရွက်မှု၊ စက်မှုကုန်ထုတ်လုပ်ငန်းသုံးရန် စားအုန်းဆီ လိုအပ်ချက်အရ ပြည်တွင်း ထုတ်လုပ်မှု ပမာဏအပေါ်မူတည်၍ အမှန်တင်သွင်းရမည့် ပမာဏ၊ ရောနှောဆီအတွက် တင်သွင်းရန် စားအုန်းဆီပမာဏ၊ ပြည်တွင်းဆီကြိတ်ခွဲနိုင်ရန် လုံလောက်သည့် ပမာဏ ကို ဆီစက်များသို့ မရောက်မီ ပြည်ပတင်ပို့ခွင့် နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် ကိစ္စများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောကြားသည်။  

အဆိုပါအစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က ၂ဝ၂၄ ခုနှစ်၊ မတ်လ အထိ မှတ်ပုံတင်ထားသော ဆီစက်များနှင့်  ဆီစက်များ၏ လည်ပတ် ထုတ်လုပ်နိုင်မှု အခြေအနေ ၊ ပြည်တွင်းဆီစက်များတွင် အဆင့်မီစက်ပစ္စည်းများ တိုးချဲ့ တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက် များ အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်ကို ဖြည့်ဆည်း ပေးရန် ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ နိုင်ငံပိုင်ဘဏ် နှင့် ပုဂ္ဂလိကဘဏ်များ၌ ချေးငွေရယူထားသူများအနေဖြင့် သီးခြား အာမခံ တင်သွင်းနိုင်ပါက ဆီစက်ချေးငွေ လျှောက်ထားနိုင်မှု နှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေ အသိပေး ဆွေးနွေးပွဲများ ကို ကျင်းပပေးနေမှု ပြည်တွင်းရှိ ဆီစက်များ၏ အရည် အသွေးမီစွာ ထုတ်လုပ်နိုင်ရေး မြှင့်တင်ဆောင်ရွက်နိုင်ရေး နှင့် အရောင်၊ အနံ့ နှင့် အရသာ ပြည့်စုံသည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးသည်။ 

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကိုယ်စား စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင် က ဆီထွက်သီးနှံတင်ပို့ ရောင်းချမှု အခြေအနေများ ၊ စားအုန်းဆီ တင်သွင်းမှုအခြေအနေနှင့် တင်သွင်း တင်ပို့မှု ကြီးကြပ်ဆောင်ရွက်နေမှုများ ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံများအား အထူးဇုန်ဧရိယာများသတ်မှတ် ဆောင်ရွက်ခြင်းဖြင့် သီးနှံ အလိုက် ထွက်ရှိနိုင်မှု နှင့် စားသုံးဆီ ဖူလုံနိုင်မည့်အခြေအနေ ၊ ပြည်တွင်း ဆီထွက်သီးနှံများမှထုတ်လုပ်သည့်ဆီဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရရှိစေရေး ဆောင်ရွက် ရန် လိုအပ်မည့်လုပ်ငန်းများ အား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

အစည်းအဝေးတွင် ဦးစီးဌာနအလိုက် တာဝန်ရှိသူများ က ဆီထွက်သီးနှံများ အထွက် နှုန်းတိုးတက်ရေး၊ ပြည်ပ လုံးဆန်တင်ပို့မှု၊ စားအုန်းဆီလိုအပ်ချက် နှင့် တင်သွင်းမှုလျော့ချ ရေး၊ ဆီစက်များအပြည့်အဝလည်ပတ်ရေး အတွက် ကုန်ကြမ်းရရှိရေး နှင့် စားအုန်းဆီ အရည်အသွေးပြည့်မီရေး အတွက် ကြီးကြပ်ဆောင်ရွက်ရေး၊ ဆီစက်လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူတောင်သူလယ်သမားများ ပူးပေါင်းဆောင်ရွက်သည့် အကျိုးတူ ကန်ထရိုက် လယ်ယာ စနစ် ဖြစ်ပေါ်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။