တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးများ အရည်အသွေးကောင်းမွန်စေရေး ထိန်းသိမ်းမှုအရေးကြီး

ဖရဲသီးကုန်သည်များသည် ထိခိုက်ပျက်စီးမှုများနှင့် ကုန်တင်ကုန်ချအပျက်အစီးများကြောင့် အရည်အသွေး ကောင်းမွန်သော ဖရဲသီးများကို ပိုမိုရွေးချယ်ဝယ်ယူလာကြကြောင်း ခွာညို သစ်သီး ကုန်စည်ဒိုင်အရ သိရှိရသည်။
လက်ရှိတွင် လွယ်ဂျယ် နှင့် မိုင်းလား ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တရုတ်နိုင်ငံသို့ ဖရဲနှင့်သခွားမွှေးသီးများကို တင်ပို့လျက်ရှိသည်။ ခရီးလမ်းကြမ်းတမ်းမှုကြောင့် ဖရဲနှင့်သခွားမွှေးသီးများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး အမြတ်အနည်းငယ်သာ ရရှိခဲ့ကြောင်း ခွာညို သစ်သီး ကုန်စည်ဒိုင်မှ စိုင်းခင်မောင်က ပြောကြားသည်။
လွယ်ဂျယ်နှင့်မိုင်းလား ကုန်သွယ်ရေးလမ်းကြောင်းဖြင့် ကုန်ပို့နေရသောကုန်သည်များသည် အခက်အခဲများကို ရင်ဆိုင်နေရပြီး အဆိုပါကုန်သွယ်ရေးလမ်းကြောင်းကို နယ်စပ်ကုန်သွယ်မှု ရုတ်ခြည်းရပ်တန့်သွားခြင်း မရှိစေရေး အတွက်သာ အသုံးပြုနေရခြင်း ဖြစ်သည်။ ကြံ၊ တစ်သျှူး ငှက်ပျော နှင့် ဖရဲသီး အမြောက်အများ ထွက်ရှိသည့်ရာသီချိန်တွင် ၎င်းသည် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းအပေါ် သက်ရောက်မှုများဖြစ်စေသည်။ မိုင်းလားနယ်စပ်ကုန်သွယ်ရေး စခန်းတွင် ဖရဲသီးကုန်တင်ကား သွားလာမှုများ လျော့နည်းလာပါသည်။ တင်ပို့သူများသည် ကုန်တင်ကား တစ်စီးလျှင် မြန်မာကျပ်ငွေ(၁၂)သန်းခန့်ဖြင့် ရင်းနှီးမြှုပ်နှံထားပြီး ခရီးတိုထရပ်ကား ဝန်ဆောင်မှု၊ အလုပ်သမားငှားရမ်းခနှင့် အမှိုက် သန့်ရှင်းရေးကုန်ကျစရိတ်များ အပါအဝင်ဖြစ်သည်။ လက်ရှိ သခွားမွှေးသီးဈေးနှုန်းများမှာ တစ်ကီလိုလျှင် (၂-၃)ယွမ်ရှိပြီး ထရပ်ကားတစ်စီး လက်ငင်းဝယ်ယူမှုမှာ ယွမ် (၅၀၀၀)ခန့်ရှိသည်။ ဖရဲသီး တစ်ကီလိုဂရမ်လျှင် (၃-၄)ယွမ်သာ ရရှိသည့်အတွက် အမြတ် ရရှိရန်မှာ မသေချာပါ။
ဖရဲနှင့် သခွားမွှေးသီးများသည် တာရှည်ခံသော ကုန်ပစ္စည်းများမဟုတ်သည့်အတွက် ဖရဲသီး အရည်အသွေးကောင်းမွန် မှသာ အပျက်အစီးမရှိဘဲတာရှည်ခံနိုင်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့ပါသည်။ အချို့သော နယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်းများတွင် မမျှော်မှန်းနိုင်သော အခြေအနေများနှင့် အခက်အခဲ အနှောက်အယှက်များကြောင့် ကုန်သည်များ သည် တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့မှုအတွက် အလားအလာရှိသော ကုန်သွယ်ရေးလမ်းကြောင်း များမှတဆင့် ပြောင်းလဲတင်ပို့ရန် အားထုတ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံမှ ဖရဲသီးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ကြသည်။ သို့သော် တရုတ်နိုင်ငံတွင် မူဝါဒအပြောင်းအလဲ များကြောင့် သစ်သီးကုန်သည်များသည် စိန်ခေါ်မှုများနှင့် ဆက်လက် ရင်ဆိုင်နေရသည့် ဖိအားများ ကြုံတွေ့နေရသည်။
ဖေဖော်ဝါရီလအစောပိုင်းတွင် တရုတ်အကောက်ခွန်ရုံးများ၏ တင်းကျပ်သောစစ်ဆေးမှုများကြောင့် ကုန်တင်ကား သွားလာမှုများကို အဟန့်အတားဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် ဝယ်လိုအား မြင့်မားသော်လည်း ကုန်တင်ကား (၂၀-၃၀)စီးသာ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်နိုင်ခဲ့ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံဘက်ခြမ်းရှိ ကုန်စည်ဒိုင်များတွင် ဖရဲသီးများ ရောင်းကုန်ခဲ့ကြပြီး မြန်မာ နိုင်ငံဘက်ခြမ်းတွင် ကုန်တင်ကား (၅၀၀)ကျော် တန်းစီနေရသည်။
(၂၀၂၁) ခုနှစ်တွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဖရဲသီးနှင့်သခွားမွှေးသီး တင်ပို့မှုများ အပေါ် အဟန့်အတားဖြစ်စေခဲ့ပါသည်။ တရုတ်အကောက်ခွန်ရုံး၏ စည်းမျဉ်းစည်းကမ်းများကြောင့် တင်ပို့မှုအပေါ် နှောင့်နှေးမှုများ ပိုမိုဖြစ်စေခဲ့ပါသည်။ ကုန်တင် ကားများ အချိန်ကြန့်ကြာမှုကြောင့် ဖရဲသီး၏အရည်အသွေးကို ထိခိုက် စေခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့သော ကုန်တင်ကား (၅)စီးလျှင်(၁)စီးသာ ဖရဲသီးအရည်အသွေး ပျက်စီးဆုံးရှုံးမှု မရှိဘဲ ကျန်ရှိ ပါသည်။ ဖရဲသီးသည် ပုပ်သိုးပျက်စီးလွယ်သည့် သစ်သီးဖြစ်သည့်အတွက် တရုတ်နိုင်ငံအပြင် ဈေးကွက်သစ်များ ရှာဖွေရာတွင် ကုန်သည်များသည် တင်ပို့သည့်အချိန်၊ ဈေးနှုန်း နှင့် အကျိုးအမြတ်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း https://www.gnlm.com.mm တွင် အကြံပြုထားသည်။
နွေးနွေးအောင်