ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

( ၁၁-၁၀-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)
ဆန်ဈေးကွက်

ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း ဆန်အဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘို ပေါ်ဆန်း ဆန်အသစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်းနှင့် အောက်စ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန်အသစ်အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၅၅၀၀၀ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၅၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်စ တစ်တင်းခွဲတစ်အိတ် လျှင် ၄၈၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၄၇၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငစိန်ဆန်အလတ်စ တစ်တင်းခွဲအိတ်လျှင် ၅၂၀၀၀ ကျပ်နှုန်းနှင့် အောက်စ တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ယခင်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၂၀၀၀ မှ ၅၀၀၀ ခန့်အထိ မြင့်တက်ခဲ့သည်။ ဇီယာဆန်အောက်စတစ်အိတ်လျှင် ၁၀၀၀ ကျပ်ခန့် ဈေးနိမ့်ခဲ့သည်။ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်းတစ်အိတ်လျှင်၃၀၀၀ ကျပ်ဝန်းကျင်ဈေးနိမ့်ခဲ့ပြီး ငစိန်ဆန် တစ်အိတ်လျှင်(၁၁၀၀၀)ကျပ်ဝန်းကျင်ဈေးနိမ့်ခဲ့ကြခြင်းဖြစ်သည်။ရွှေဘိုပေါ်ဆန်းမှာ ဆန်ဟောင်း လက်ကျန်နည်းလာချိန်ဖြစ်ခြင်းနှင့် ပုံမှန်ဝယ်ယူစားသုံးမှုရှိခြင်းကြောင့် အနည်းငယ်ဈေးမြင့် လာခြင်းဖြစ်သည်။ ဇီယာ၊ ဧည့်မထ၊ ငစိန်ဆန်အမျိုးအစားများမှာ ဆန်သစ် ပေါ်ချိန်ဖြစ်ခြင်း၊ ဆန်ဟောင်းရော ဆန်သစ်ပါရောင်းလိုအားများခြင်းနှင့် ပြည်ပပို့ ဆန်ဈေးနှုန်းများ ကျဆင်းနေခြင်းတို့ကြောင့်ယခင်လထက် ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့် အာဖရိကနိုင်ငံများသို့ ပုံမှန်ဆန်တင်ပို့မှုရှိကြောင်းလည်း သိရသည်။ ပိုမိုတင်ပို့နိုင်ရန်လည်း ဆောင်ရွက်လျက် ရှိသည်။   မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း တို့မှလည်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆန်ချော၊ ဆန်ကြမ်းများအား ကားဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိသည်။ ရန်ကုန်ဈေးကွက် သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်းဈေးကွက်

အစေ့ထုတ်ပြောင်းများအား ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ အကောက်ခွန်လွတ်တင်သွင်းနိုင်သော ကာလကုန်ဆုံးခဲ့ပြီးဖြစ်ခြင်းကြောင့်လည်းကောင်း၊  ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲများနှင့်အတူ ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာငွေလဲနှုန်း အပြောင်းအလဲများကြောင့်လည်းကောင်း၊ နယ်စပ်ဂိတ်များမှလည်း ကုန်စည်စီးဆင်းမှုမရှိခြင်းကြောင့်လည်းကောင်း၊ မုန်တိုင်းမိုးများရွာ သွန်းသောကာလဖြစ်၍ အရောင်းအဝယ်အေးခြင်းကြောင့်လည်းကောင်း ပြည်တွင်း အစာစပ်လုပ်ငန်းများမှလည်း ဝယ်ယူမှုနည်းခြင်းကြောင့်လည်းကောင်း၊ တောင်သူများမှ ရောင်းလိုအားများခြင်းကြောင့်လည်းကောင်း၊ အစေ့ထုတ်ပြောင်းဈေးနှုန်းများ ယခင်အပတ်ထက် ဆက်လက် ဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၈၁၅၄၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၇၈၈၄၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်လာခဲ့သည်။ ဇွန်လ၏ တတိယရက်သတ္တပတ်မှစတင်ကာ ယခု အောက်တိုဘာ ဒုတိယ ရက်သတ္တပတ် တိုင်အောင် အဆင့်ဆင့် ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။  

စားဖိုဆောင်သီးနှံဈေးကွက်

ကြက်သွန်နီ(ထူး၊ လတ်၊ သေး)မှာ  စိုက်ပျိုးထွက်ရှိရာ ဒေသများတွင် ပစ္စည်းအလှ ရှားခြင်း၊ သီတင်းကျွတ်ပိတ်ရက်များရှိခဲ့ခြင်းနှင့် မိုးရွာသွန်းမှုများကြောင့် ကုန်အဝင်နည်းလာခြင်း တို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့်ခဲ့ကြသည်။ ကြက်သွန်နီ(ထူး၊ လတ်၊ သေး) တစ်ပိဿာ လျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၁၃၇၅-၉၂၅-၅၇၅ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၄၅၀-၁၀၇၅-၇၀၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ မြင်းခြံ၊ ဆိပ်ဖြူ၊ တောင်သာ၊ မုံရွာ၊ ပခုက္ကူ၊ ပျော်ဘွယ်၊ ဆင်ဖြူကျွန်း ဒေသများမှ ကုန်ဝင်ရောက်မှုရှိခဲ့ ကြောင်းသိရသည်။  ကြက်သွန်ဖြူ(ကြူကုတ်)မှာ အရည်အသွေး အနည်းငယ်နိမ့်လာခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားနည်းလာခြင်းကြောင့် ယခင်အပတ်ထက် အနည်းငယ်ဈေးနိမ့်ခဲ့ သည်။ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၁၁၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၀၇၅၀ ကျပ် ဖြစ်သည်။ ကြက်သွန်သူဖြူ(ရှမ်း)မှာ ဈေးကွက် သို့ ကုန်အဝင်နည်းလာခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားများခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့်လာခဲ့သည်။ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၄၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၅၅၀၀ ကျပ်ဖြစ် သည်။ ငရုတ်ခြောက်(ရှည်၊လတ်၊ပွ) ဈေးနှုန်းများမှာ ကုန်အဝင်ပုံမှန်ရှိခြင်းနှင့် ရောင်းလိုအား၊ ဝယ်လိုအား မျှနေခြင်းကြောင့် ယခင် အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ သည်။ ငရုတ်ခြောက်(ရှည်၊လတ်၊ပွ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၉၂၅၀-၁၀၅၀၀-၁၈၅၀၀ ကျပ်ဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ ပန်းရဲ၊ မြားနီ၊ ပျော်ဘွယ်(မိုးထောင်)၊ ဆင်ဖြူကျွန်း(ပု)၊ မြစ်ဝ(ပု) ငရုတ်ခြောက်များနှင့် အအေး ခန်းလှောင် ငရုတ်ခြောက်များကုန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ ကြောင်း သိရသည်။ ရှမ်းအာလူးများ ဈေးကွက်သို့ ကုန်အဝင်မရှိသလောက်နည်းခြင်းကြောင့် ဈေးနှုန်း ကောက်ယူနိုင်ခြင်းမရှိခဲ့ပါ။ တရုတ်အာလူးအချို့သာ ဈေးကွက်သို့ ကုန်အဝင်ရှိလာခြင်းနှင့် စားသုံးသူများမှ ပုံမှန်ဝယ်ယူ မှုရှိခြင်းကြောင့် တရုတ်အာလူးဈေးနှုန်းမှာ ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်း အဝယ်အေးခဲ့သည်။ တရုတ်အာလူး
တစ်ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်းမှာ ၆၆၀၀ ကျပ်ဖြစ်သည်။

စားသုံးဆီဈေးကွက်

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သော နိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ ကုန်ဆုံးသောကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ ၆၅၈၅ ကျပ်ဖြစ်သည်။ ယခင် အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၂၅ကျပ် ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက် များစွာမကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိသည်။ အချို့ သော မြို့နယ်များတွင် စားအုန်းဆီ တစ်ပိဿာ၏ ပြင်ပပေါက်ဈေးမှာ ၁၀၀၀၀ ကျပ်ဝန်းကျင် ဖြစ်သည်။

အေးသန္တာဝင်း