ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

(၂၆-၈-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)

ဆန်

ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းဆန် အသစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အဟောင်း အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်း ဖြင့်လည်းကောင်း၊ဇီယာဆန်အသစ်အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၆၄၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၅၈၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၅၇၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငစိန်ဆန်အလတ်စတစ်တင်းခွဲအိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်း နှင့် အောက်စတစ်အိတ်လျှင် ၆၁၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်းရောင်းဝယ်လျက် ရှိကြသည်။ နယ်ကျော်၍ သယ်ဆောင်မှုနည်းခြင်း၊ ဒေသတွင်း ဝယ်လိုအားနည်းခြင်းတို့ကြောင့် အရောင်းအဝယ်အေးကာ ဆန်ဈေး နှုန်းများ တည်ငြိမ်ခဲ့သည်။ အရောင်းအဝယ်အေးနေခြင်းကြောင့် ဆန်ကြိတ်ခွဲမှုများလည်းနည်းပါးခဲ့ပြီး စပါးလှောင်လက်များမှ ရောင်းလိုအားများကာ စပါးဈေးနှုန်း များလည်း ကျဆင်းလျက်ရှိကြောင်းသိရသည်။ သယ်ယူပို့ဆောင်စရိတ်နှင့် ကြိတ်ခွဲစရိတ်များ‌ ဈေးမြင့်လာသော်လည်း ရည်ညွှန်းဆန်ဈေးများ တည်ငြိမ်နေခြင်း၊ စားသုံးသူများမှလည်း လိုအပ်သလောက်သာဝယ်ယူမှုရှိခြင်း၊ ဆန်ချောနှင့် ဆန်ကြမ်းများရောနှောသုံးစွဲမှုများခြင်း၊ အရောင်းအဝယ်အေးခြင်းတို့ကြောင့် ပြည်တွင်းသုံးစွဲမှုများသော ဆန်ချော၊ ဆန်ကြမ်းများအားလုံး ယခင် ရက်သတ္တပတ်ဈေးနှုန်းများနည်းတူဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။အိမ်နီးချင်းနိုင်ငံများ၏ ပြည်ပပို့ဆန်ဈေးနှုန်းများမှာ ဆန်လက်ကျန်များခြင်းနှင့် အရောင်းအဝယ်အေးခြင်း၊ ရောင်းလိုအားများခြင်းတို့ကြောင့် ဈေးနိမ့်လျက်ရှိသည်။ အလားတူပင် မြန်မာပြည်ပပို့ဆန်ဈေးနှုန်းများမှာလည်း အရောင်းအဝယ်အေးကာ ဈေးနိမ့်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့မှလည်းသင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆန်ချော၊ ဆန်ကြမ်းများအား ကားဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိသည်။ ရန်ကုန် ဈေးကွက် သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ကြောင်း သိရ သည်။

အစေ့ထုတ်ပြောင်း

အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့အကောက်ခွန်လွတ်တင်သွင်း ခွင့်ကာလကုန်ဆုံး ချိန်ရောက်ရှိလာခြင်းကြောင့်လည်းကောင်း ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများနှင့် အတူ ကမ္ဘာ့ ရွှေဈေးနှင့် ဒေါ်လာငွေလဲနှုန်း အပြောင်းအလဲများကြောင့်လည်းကောင်း သွင်းကုန်အခွန် ဖြေလျှော့ရေး ညှိနှိုင်းမှုအဖြစ် ထိုင်းနိုင်ငံသည် အမေရိကန်ပြောင်းများအား တန်ချိန်တိုးမြှင့် ဝယ်ယူမည်ဖြစ်ခြင်းကြောင့်လည်းကောင်း၊နယ်စပ်ဂိတ်များမှလည်း ကုန်စည် စီးဆင်းမှု မရှိခြင်း တို့ကြောင့်မြန်မာပြည်တွင်းပြောင်းဈေးမှာ ရောင်းလိုအားများကာ ဈေးနိမ့်ခဲ့သည်။ ဇွန်လတတိယ ရက်သတ္တပတ်၏ ဈေးနှုန်းဖြစ်သော ၉၅၀၄၀ ကျပ်မှ ဩဂုတ်လပထမရက်သတ္တပတ်၏ ဈေးနှုန်းဖြစ်သော ၈၈၅၆၀ ကျပ်တိုင်အောင် တရွေ့ရွေ့ဈေးကျလာခဲ့ခြင်းဖြစ်သည်။ ယခုဩဂုတ်လ စတုတ္ထ ရက်သတ္တပတ်၏ ဈေးနှုန်းမှာလည်း  အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၈၈၅၆၀ ကျပ်ပင်ဖြစ်သည်။

ပဲမျိုးစုံ

ပဲမျိုးစုံ အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် မိုးစိုက် မတ်ပဲခင်း အချို့ပျက်စီးမှုရှိခဲ့ သော်လည်း ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ပွဲတော်ရာသီမတိုင်မီကပင် လအလိုက် လိုအပ်ချက်များအား ဖြည့်တင်းဝယ်ယူပြီးဖြစ်ခြင်း၊ မတ်ပဲသစ်အချို့ထွက်ပေါ်လာချိန်တိုင်အောင် ဝယ်လိုအား ထိန်းထားလိုခြင်း၊ မြန်မာအပြင် အခြားနိုင်ငံအချို့မှလည်း တင်သွင်းမှုရှိခဲ့ခြင်း၊ ပြည်တွင်း မတ်ပဲများလည်း အဝင်ရှိနေခြင်းတို့ကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံဘက်တွင် လည်း ဒေါ်လာငွေလဲနှုန်း ကျဆင်းလာချိန်ဖြစ်ခြင်းကြောင့် မတ်ပဲ(သင်္ဘောတင်)ဈေးနှုန်းများ ကျဆင်းလာချိန်ဖြစ်ခြင်း၊ နယ်ဘက် မှ မတ်ပဲများလည်း ရောင်းလိုအားများကာ ဈေးနိမ့်နေချိန် ဖြစ်ခြင်းတို့ကြောင့် မြန်မာမတ်ပဲ ဈေးနှုန်းများ ယခင်အပတ်ထက် ဆက်လက်ဈေးနိမ့်ခဲ့သည်။ အလားတူပင် ပဲစင်းငုံ(သင်္ဘောတင်) ဈေးနှုန်းများလည်း ကျဆင်းလာချိန်ဖြစ်ခြင်းကြောင့် မြန်မာ့ပဲစင်းငုံ(သင်္ဘောတင်) ဈေးနှုန်းများလည်း အရောင်းအဝယ်အေးကာ ဆက်လက်ဈေးနိမ့်ခဲ့သည်။ မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၉၇၂၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၈၈၄၀၀၀ ကျပ်သို့လည်းကောင်း၊ ပဲစင်းငုံ(သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၆၅၀၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၅၃၀၀၀၀ ကျပ်သို့လည်းကောင်း အသီးသီးရောက်ရှိ ဈေးနိမ့်ခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင် ဖွင့်ရက် ၆ ရက်ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ  ကုန်သေတ္တာ ၇၅ လုံးခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲစင်းငုံ(သင်္ဘောတင်) မှာ ကုန်သေတ္တာ ၁၀ လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ထို့အတူ မိုးရာသီကာလ ကုန်သွယ်ရေးလုပ်ငန်းများနှေးကွေးနေချိန်ဖြစ်ခြင်း၊ မြန်မာ့ကုန်သွယ်ဖက် နိုင်ငံများ၏ ဝယ်လိုအားလျော့နည်းခြင်း၊ ပြည်ပဝယ်လို အားနည်းနေချိန်တွင် ငွေလဲနှုန်းများ ကျဆင်းလာချိန်ဖြစ်ခြင်းတို့ကြောင့် အိန္ဒိယ၊ တရုတ်အပြင် ပြည်ပဈေးကွက်များတွင် ရောင်းချနိုင်ခဲ့သော ပဲတီရွှေဝါများမှာလည်း ယခင်အပတ်ထက် ဈေးနိမ့်လာခဲ့သည်။ ပဲတီရွှေဝါ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၄၄၀၄၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၁၅၅၀၀ကျပ်သို့ ရောက်ရှိဈေး နိမ့်ခဲ့ပြန်သည်။ ပြည်ပပို့ ပဲမာများ၏ ဈေးနှုန်းများကျဆင်းနေခြင်း ကြောင့် အခြား ထောပတ်အမျိုး အစားများမှာလည်း ယခင်အပတ်ထက်သိသာစွာ ဈေးနှုန်းများ ကျဆင်းခဲ့ပြန်သည်။ ထောပတ်ပဲ ၃ တင်း / ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၄၂၁၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၃၁၃၀၀ ကျပ်သို့လည်းကောင်း ပဲပုတ်ပဲ ၃ တင်း / ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၃၅၇၄၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၅၅၀၅၀ ကျပ်သို့လည်းကောင်း၊ ဘိုကိတ်ပဲ ၃ တင်း / ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၃၂၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၃၀၁၀၀ ကျပ်သို့လည်းကောင်း အသီးသီးရောက်ရှိဈေးနိမ့်ခဲ့ကြသည်။ ပြည်တွင်းသုံးစွဲမှုများသော ကုလားပဲမှာမူ ပဲလက်ကျန် နည်းလာချိန်ဖြစ်ခြင်းကြောင့် ယခင်အပတ်ထက် ဈေးမြင့်လာခဲ့သည်။ ကုလားပဲ တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၄၃၈၅ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၄၇၅ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ပြည်တွင်း၊ ပြည်ပမှ ဝယ်လိုအားနည်းခဲ့သော ပဲလွမ်းဖြူ ဈေးနှုန်းများမှာ ဈေးကွက်အတွင်း ကုန်အဝင်နည်းခြင်းကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ် အရောင်းအဝယ်အေးခဲ့သည်။ ပဲလွမ်းဖြူ ၃ တင်း/၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှ ဈေးနှုန်းမှာ ၂၇၄၉၅၀ ကျပ်ဖြစ်သည်။

စားသုံးဆီ

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သောနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ကုန်ဆုံးသောကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ ၆၃၀၀ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင်  ၁၅ ကျပ်နှုန်း ဈေးမြင့်လာ ခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိလက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက် များစွာ မကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သား နှုန်း ရောင်းချပေးလျက်ရှိသည်။ 

အေးသန္တာဝင်း