မန္တလေးဈေးကွက်

(မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်း၊ ကိုင်းတန်းဈေး၊ သီရိမာလာဈေးတို့မှ ၁၂-၈-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်)
ဆန်ဈေးကွက်အခြေအနေ
ရန်ကုန်ပေါ်ဆန်းမှာ မိုးစပါးစိုက်ထားချိန်ဖြစ်၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ မြို့တွင်းစားသုံးမှုပုံမှန်ဖြစ်ခြင်း၊ နယ်ဝေးတင်ပို့ရမှုမရှိခြင်းကြောင့် တစ်အိတ် ၁၂၅၀၀၀ကျပ်မှ ၁၁၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး ရွှေဘိုပေါ်ဆန်းမှာ မြို့တွင်းစားသုံးမှု နည်းသော်လည်း တစ်အိတ် ၁၅၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မနောသုခဆန်မှာ နွေစပါးဝင်ရောက်မှု ရှိခြင်း၊ မြို့တွင်းစားသုံးမှုအသစ်အားဝယ်ယူမှုနည်း၍ အရောင်း အဝယ်အေးခြင်းကြောင့် တစ်အိတ် ၇၈၀၀၀ကျပ်မှ ၇၂၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ငစိန်ဆန်မှာ နွေစပါးဝင်ရောက်မှုရှိ၍ ပင်ရင်းဈေးနိမ့်ခြင်း၊ မုန့်လုပ်ငန်းသမားအဝယ်နည်းခြင်း ကြောင့် တစ်အိတ် ၆၂၀၀၀ကျပ်မှ ၆၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ ဇီယာဆန်မှာ ပင်ရင်းဈေးနိမ့်ခြင်း အဝင်ပုံမှန် မြို့တွင်း စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၈၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဧရာမင်းဆန်မှာ အသစ်အဝင်နည်းသွားခြင်း၊ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းတို့ကြောင့် တစ်အိတ် ၁၂၀၀၀၀ကျပ်မှ ၁၂၅၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။
ဆီထွက်သီးနှံ ဈေးကွက်အခြေအနေ
မြေပဲ (လုံးဆံ) ဈေးနှုန်းမှာ မိုးမြေပဲဝင်ချိန်နီး၍ တောင်သူထုတ်ရောင်းမှုရှိခြင်းကြောင့် ပြည်မြေပဲဆံ ၁၀၀ပိဿာ ၆၅၀၀၀၀ကျပ်၊ ရမည်းသင်းလုံးဆံ ၇၀၀၀၀၀ကျပ်၊ နွားထိုးကြီး မှဝင်သော လုံးဆံ အရည် အသွေးပေါ်မူတည်၍ ၇၃၀၀၀၀ကျပ်မှ ၇၈၀၀၀၀ကျပ် အသီးသီးဖြင့် ဈေးကွာခြားမှုရှိသည်။ မြေပဲ (ဆီဆံ) မှာလည်း အရည်အသွေးပေါ်မူတည်၍ ၁၀၀ပိဿာ ၆၅၀၀၀၀ကျပ်မှ ၇၂၅၀၀၀ကျပ်ဖြင့် ဆီစက်သမားများ ဝယ်ယူမှုပုံမှန်ရှိသည်။
နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်းဖြူ(ရိုးရိုး)မှာ မိုးနှမ်းဝင်ချိန်နီးခြင်း၊ ဆောင်းလက်ကျန်နည်း၍ အသစ်ဈေးဖြစ်ခြင်း၊ မုန့်လုပ်ငန်းသမားအဝယ်သာရှိခြင်းကြောင့် ယခင်အပတ် ၃၀၅၀၀၀ကျပ်မှ အရည်အသွေး ကောင်းအဟောင်း ၄၅ပိဿာ ၂၆၀၀၀၀ကျပ်၊ အသစ် ၄၅ပိဿာ အရည်အသွေးပေါ်မူ တည်၍ ၂၇၅၀၀၀ကျပ်မှ ၂၉၀၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းချမှုရှိသည်။ နှမ်းညိုမှာ အသစ်အဝင်နည်းသေးခြင်း၊ နှမ်းကြားဝင်ရောက်မှုရှိခြင်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ယခင်အပတ်အရည်အသွေးအကောင်းဆုံး ၂၇၅၀၀၀ကျပ်မှ ၂၈၀၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး အညံ့ဆုံး ၂၇၀၀၀၀ကျပ်မှ ၂၅၀၀၀၀ကျပ်သို့ မသိမသာ ဈေးနိမ့်သွားသည်။
နှမ်းနက်(စမုံ)မှာ အသစ်အဝင်ရှိခြင်း၊ တရုတ်ဝယ်လက်နှင့် မုန့်လုပ်ငန်းမှ အဝယ်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၈၃၅၀၀၀ ကျပ်မှ ၇၈၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ပန်းနှမ်းဈေးနှုန်းအနေဖြင့် အထွက်နည်း အဝင်နည်းခဲ့ခြင်း၊ ဘယဆေးနှင့် လက်လီသမား အဝယ်ရှိခြင်းကြောင့် ယခင်အပတ် ၃၃၀၀၀၀ကျပ်မှ ၃၃၅၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ နေကြာဈေးနှုန်းအနေဖြင့် မြို့နေကြာဝင်ချိန်နီး၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ နေကြာ ဈေးမြင့်သဖြင့် ဆီစက်သမားအဝယ်နည်းခြင်းတို့ကြောင့် ယခင်အပတ် ၂၇ပိဿာ ၁၈၅၀၀၀ ကျပ်မှ ၁၇၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ပဲမျိုးစုံဈေးကွက်အခြေအနေ
မတ်ပဲဈေးနှုန်းအနေဖြင့် ပဲခွဲစက်များအဝယ်ပုံမှန်ရှိသော်လည်း ရန်ကုန် ဝယ်လက်နည်းခြင်းကြောင့် ကျောက်ရစ်ပဲ ၃တင်းတစ်အိတ် ၂၈၅၀၀၀ ကျပ်မှ ၂၈၀၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး အညာပဲများမှာ အရည်အသွေးကောင်း ၃တင်းတစ်အိတ် ၂၂၀၀၀၀ ကျပ် အရည်အသွေးညံ့တစ်အိတ် ၁၈၀၀၀၀ ကျပ် ဈေးအသီးသီးဖြင့် ရောင်းဝယ်မှုရှိသည်။
ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ထွက်ရှိရာဒေသနှင့် အရည်အသွေးပေါ်မူတည်၍ ပဲခွဲစက်သမားနှင့် အဝေးပို့ဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၃၅၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲစဉ်းငုံ (ဖြူ/နီ)တို့မှာ ပစ္စည်းရှားသော်လည်း ရန်ကုန်ဝယ်လက်နှင့် ပဲခွဲစက်အဝယ်နည်းခြင်း ကြောင့် ပဲစဉ်းငုံ(နီ) ၃တင်းတစ်အိတ် ၂၆၆၀၀၀ ကျပ်မှ ၂၅၇၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး ပဲစဉ်းငုံ(ဖြူ)မှာ အရောင်း အဝယ်ဖြစ်မှုတစ်ပတ်တာ အတွင်းနည်းခြင်းကြောင့် ယခင်အပတ်ဈေးနှုန်း အတိုင်း ၃တင်းတစ်အိတ် ၂၅၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်အေးနေသည်။
ပဲပုတ်(ရှမ်း/မြန်မာ) တို့မှာ ပဲပုတ်(မြန်မာ) မှာ မိုးပဲပုတ်အသစ်များ ဝင်ရောက်စပြုခြင်း၊ လုပ်ငန်းသမားအဝယ်နည်းခြင်း၊ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် ယခင်အပတ် ၃တင်း တစ်အိတ် ၄၁၀၀၀၀ကျပ်မှ ၃၈၅၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ ပဲပုတ်(ရှမ်း)မှာလည်း အသစ်အဝင်နည်းသေးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၂၆၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကုလားပဲ(လုံးဖြူကြီး/လုံးဝါကြီး) တို့မှာ ပစ္စည်းနည်းသော်လည်း လုပ်ငန်းသမားနှင့် ပဲခွဲစက်များ အဝယ်နည်းခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၂၆၁၀၀၀ကျပ်မှ ၂၅၀၀၀၀ကျပ်သို့ လည်းကောင်း ကုလားပဲ (လုံးဝါကြီး)မှာလည်း ပဲစိုများ ပေါချိန်ဖြစ်၍ ပဲခွဲစက်များ အဝယ်နည်းခြင်း ကြောင့် ၃တင်းတစ်အိတ် ၂၄၃၀၀၀ကျပ်မှ ၂၃၇၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ လုံးဝါကြီး ဈေးနိမ့်သဖြင့် အနိမ့်ဈေးဖြင့် ကြိတ်ခွဲရသဖြင့် ခွဲခြမ်းမှာလည်း တစ်ပိဿာ ၆၃၀၀ကျပ်မှ ၆၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ပဲယင်းမှာလည်းအရောင်းအဝယ်အေးခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၂၃၀၀၀၀ ကျပ်မှ ၂၂၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ မြေတောက်ပဲမှာ အညာပဲများ ဝင်ရောက်ပြီး ဒေသအလိုက် အရည်အသွေးပေါ်မူတည်၍ ၂၇၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်တိဖြင့် လုပ်ငန်းသမား၊ အကြော် အလှော်သမားများ ဝယ်ယူမှုရှိသည်။ စားတော်ပဲ(ကျွန်း)မှာ စိုက်ဧကနည်းအထွက်နည်း အဝင်နည်းခြင်း၊ စားတော်ပဲ(ယူကရိန်း) မဝင်ခြင်း၊ လက်လီသမားအဝယ်ပုံမှန်ရှိခြင်း၊ အရည်အသွေး ပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အညံ့ဆုံး ၃တင်းတစ်အိတ် ၆၃၀၀၀၀ကျပ်၊ အကောင်းဆုံး ၆၅၅၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။
ပဲကြီး (ကြီး) မှာ အဝေးပို့သမား၊ အကြော်လှော်သမားအဝယ်ရှိခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၃၇၀၀၀၀ကျပ်မှ ၃၉၀၀၀၀ ကျပ်သို့လည်းကောင်း၊ ပဲကြီး (သေး)မှာ ပဲကြော်/လှော်လုပ်ငန်းသမားအဝယ်များခြင်း၊ မိုးပဲမဝင်သေးခြင်းကြောင့် ၃တင်းတစ်အိတ် ၃၁၀၀၀၀ ကျပ်မှ ၃၅၀၀၀၀ ကျပ်သို့ ဈေးအသီးသီးမြင့်သွားသည်။ ထောပတ်ပဲ (ကြီး/သေး)မှာ အရောင်း အဝယ် အေးခြင်းကြောင့် ယခင်အပတ်ဈေးနှုန်းအတိုင်း ၃တင်း တစ်အိတ် ၃၁၅၀၀၀ကျပ်၊ ထောပတ်ပဲ (သေး) ၂၅၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။
စားဖိုဆောင်သီးနှံဈေးကွက်အခြေအနေ
ငရုတ်ခြောက် (ရှည်) မှာ ကျောက်ဆည်၊ ကူမဲတို့မှ အဝင်နည်းပြီး ရှမ်းသီးများသာ အဝင်များပြီး တစ်ပိဿာ ၈၅၀၀ကျပ်၊ ဧရာဝတီမှ အပွတစ်ပိဿာ ၂၃၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည့် ကြက်သွန်နီဈေးနှုန်းမှာ နယ်စုံ (ရွှေဘို၊ မုံရွာ၊ မြင်းခြံ၊ ထီးဆောင်း၊ စမြတ်ခုံတို့မှ မဝင်တော့ဘဲ မုံရွာဘက်မှ အဝင်များခြင်း၊ နယ်ဝေး တင်ပို့ရမှုမရှိခြင်းတို့ကြောင့် ကြီးတစ်ပိဿာ ၁၅၀၀ ကျပ်၊ လတ်တစ်ပိဿာ ၁၃၀၀ကျပ်၊ သေး တစ်ပိဿာ ၈၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကြက်သွန်ဖြူ (မြေပြန့်)တရုတ်တို့မှာ လက်ကျန်များသာ ရောင်း ဝယ်မှုရှိပြီး ကြက်သွန်ဖြူ ရှမ်းတစ်မျိုးသာ ဝင်ရောက်ပြီး အရည်အသွေးအနိမ့်ဆုံး တစ်ပိဿာ ၃၀၀၀ကျပ်မှ အကောင်းဆုံး ၆၀၀၀ကျပ်ဖြင့် မြို့ တွင်းသုံး ဝယ်ယူမှုသာရှိသည်။
အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူးတစ်မျိုးတည်းသာဝင်ရောက်မှုရှိပြီး တစ်ပိဿာ ၄၀၀၀ကျပ်၊ အေဝမ်းတစ်ပိဿာ ၃၅၀၀ကျပ်ဖြင့် မြို့တွင်းစားသုံးမှုသာရှိပြီး ဈေးတည်ငြိမ်နေသည်။
ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ ဈေးကွက်အခြေအနေ
သာစည်ဘက်မှ ငရုတ်စို(ရှည်)များ အဝင်များလာပြီး နယ်ဝေး တင်ပို့ရမှုမရှိခြင်း၊ မြို့တွင်းစားသုံးမှုသာရှိခြင်း၊ လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် တစ်ပိဿာ ၃၀၀၀ ကျပ်၊ စတတ်တာ ၃၅၀၀ ကျပ်၊ ငရုတ်စို(လတ်)မှာ ချောင်းဦးဘက်မှ ဝင်ရောက်ပြီး လမ်းပမ်း ဆက်သွယ်ရေးကြောင့် အရောင်းအဝယ်အေးပြီး တစ်ပိဿာ ၉၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ခရမ်းချဉ်ဈေးနှုန်းအနေဖြင့် အင်းသီးများ အဝင်များခြင်း၊ လုံးခင်း၊ မြစ်ကြီးနားသို့ တင်ပို့ရမှု နည်းခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၂၀ ပိဿာ တစ်သေတ္တာ ၃၀၀၀၀ကျပ်မှ ၆၀၀၀၀ကျပ် ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။
မုံရွာချောင်းဦးမှ ဖရဲသီးများလှိုင်လှိုင်ဝင်ရောက်ခြင်း၊ အရည် အသွေး ကွာခြားခြင်းကြောင့် တလုံး ၁၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။ သီပေါ ကုန်းသာနာနတ်များလည်း အဝင်များပြီး တလုံး ၈၀၀ မှ ၁၅၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ် မှုရှိသည်။ တရုတ်စပျစ်သီးများ အဝင်နည်းပြီး ရမည်းသင်းစပျစ်များသာ ဝင်ရောက်ပြီး တစ်ပိဿာ ၇၅၀၀ ကျပ်မှ ၉၀၀၀ကျပ်၊ ရွာငံဘက်မှ ထောပတ်သီး ၁၂၀လုံးပါ ပိုက်အိတ်တစ်အိတ် ၃၀၀၀၀ကျပ် ပုပ္ပားမှ နဂါးမောက်သီး ၂၄လုံးပါ တစ်ဖာ ၁၈၀၀၀ကျပ်ဖြင့် မန္တလေးဝန်းကျင်မြို့များ ပြင်ဦးလွင်၊ ရွှေဘိုစသော အမှာရှိသောမြို့များသို့ တင်ပို့သည်။
ဂျုံနှင့်အစေ့ထုတ်ပြောင်းဈေးကွက်အခြေအနေ
ငါန်းဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို၊ မြင်းမူ၊ မြောင် ဂျုံများ လှောင်သမားထုတ်ရောင်းရှိခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၆၀ပိဿာ ၂၄၀၀၀၀ ကျပ်မှ ၂၃၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ကလေးဂျုံ၊ ရှမ်းဂျုံ ကြူကုတ်ဂျုံတို့မှာ အရည် အသွေးအကောင်းဆုံး ၃တင်းတစ်အိတ် ၂၀၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဩစတေးလျဂျုံမှုန့်မှာလည်း အဝင်ပုံမှန် လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃၈၅၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။
အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ မိုးပြောင်းဝင်ချိန်နီးခြင်းကြောင့် အစာစပ်သမားအဝယ်ပုံမှန်ရှိ သော်လည်း ၃တင်းတစ်အိတ် ၈၇၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ခင်မေကြည်