ရန်ကုန်ဈေးကွက်

(၁၂-၈-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။)
ဆန်ဈေးကွက်
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း ဆန်အဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘို ပေါ်ဆန်း ဆန်အသစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းနှင့် အောက်စ တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ပေါ်ကျွဲဆန်အဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်း ဖြင့်လည်းကောင်း၊ဇီယာဆန်အသစ်အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၆၄၀၀၀ကျပ် နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၅၈၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၅၇၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငစိန်ဆန် အလတ်စ တစ်တင်းခွဲအိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်းနှင့်အောက်စတစ်အိတ်လျှင် ၆၁၀၀၀ ကျပ်နှုန်းဖြင့်လည်း ကောင်း ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ဆန်ဟောင်းလက်ကျန်နည်းလာချိန်ဖြစ်သော်လည်း လှောင်လက်များမှ စပါးထုတ် ရောင်းမှုများခြင်း၊ စပါးရောင်းလိုအားများကာ ဝယ်လိုအားနည်းနေခြင်းကြောင့် စပါးဈေးကျခြင်း၊ သယ်ယူပို့ဆောင်စရိတ်နှင့် ကြိတ်ခွဲစရိတ်များ ဈေးမြင့်လာသော်လည်း ရည်ညွှန် ဆန်ဈေးများ တည်ငြိမ်နေခြင်း၊စားသုံးသူများမှလည်းလိုအပ်သလောက်သာဝယ်ယူမှုရှိခြင်း၊ ဆန်ချော၊ ဆန်ကြမ်း ရောနှောစားသုံးမှုများခြင်း၊ အရောင်းအဝယ်အေးခြင်းတို့ကြောင့် ပြည်တွင်း သုံးစွဲမှုများသော ဆန်ချော၊ဆန်ကြမ်းများအားလုံး ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။အိမ်နီးချင်းနိုင်ငံများ၏ ပြည်ပပို့ ဆန်ဈေးနှုန်းများမှာလည်း ဆန်လက်ကျန်များခြင်း၊ ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် အမေရိကန် နိုင်ငံ၏ သွင်းကုန်အခွန်တိုးမြှင့်မှုကို ချိန်ညှိနေသော နိုင်ငံများ၏ ဝယ်လိုအားလျော့နည်းခြင်း စသော အခြေအနေများကြောင့် ဈေးနိမ့်လျက်ရှိသည်။ အလားတူပင် ပြည်ပပို့ဆန်ဈေးနှုန်းများ မှာလည်း အရောင်းအဝယ်အေးကာ ဈေးနိမ့်လျက်ရှိသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့မှလည်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆန်ချော၊ ဆန်ကြမ်းများအား ကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်းဈေးကွက်
အစေ့ထုတ်ပြောင်းများအား ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ အကောက် ခွန်လွတ်တင်သွင်းနိုင်သော ကာလဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံရေး အပြောင်း အလဲများနှင့်အတူ ကမ္ဘာ့ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းအပြောင်းအလဲများကြောင့်လည်းကောင်း၊သွင်းကုန်အခွန်ဖြေလျော့ရေး ညှိနှိုင်း မှုအဖြစ် ထိုင်းနိုင်ငံသည် အမေရိကန်ပြောင်းများအား တန်ချိန်တိုးမြှင့် ဝယ်ယူမည်ဆိုသည့် သတင်းများနှင့်အတူ ထိုင်းကုန်သည်များက မြန်မာပြောင်းဝယ်ယူမှုကို ထိန်းနေခြင်းကြောင့် လည်းကောင်း၊ ထိုင်းနိုင်ငံ၏ ဝယ်လိုအားကျဆင်းကာ မြန်မာ့ပြည်တွင်း ပြောင်းဈေးများလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ဇွန်လ တတိယအပတ်၏ ဈေးနှုန်းဖြစ်သော ၉၅၀၄၀ ကျပ်မှ ဩဂုတ်လ ပထမရက်သတ္တပတ်၏ ဈေးနှုန်းဖြစ်သော ၈၈၅၆၀ ကျပ်တိုင်အောင် တရွေ့ရွေ့ ဈေးကျလာခဲ့ခြင်းဖြစ်သည်။ ယခုရက်သတ္တပတ်၏ ဈေးနှုန်းမှာလည်း အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၈၈၅၆၀ ကျပ်ပင်ဖြစ်သည်။
စားဖိုဆောင်သီးနှံဈေးကွက်
ကြက်သွန်နီ(ထူး၊ လတ်၊ သေး)မှာ ဈေးကွက်သို့ ကုန်အဝင်နည်းလာခြင်း၊ ပစ္စည်းအလှရှား ခြင်း၊ စိုက်ပျိုးထွက်ရှိရာ ဒေသများတွင် ပြည်ပဝယ်လက်များမှ ဝယ်ယူမှုရှိခြင်း၊ အရည်အသွေး အနိမ့်စများမှာလည်း ပြည်တွင်းစားသုံးရန် ဝယ်ယူမှုများခြင်းစသည့် အခြေအနေများကြောင့် ယခင်အပတ်ထက်ဈေးမြင့်လာခဲ့သည်။ ကြက်သွန်နီ(ထူး၊ လတ်၊ သေး) တစ်ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်းမှာ ၁၃၅၀-၁၂၁၃-၇၇၅ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၅၈၈-၁၃၁၃-၈၇၅ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ရန်ကုန်ဈေးကွက်သို့ မြင်းခြံ၊ ဆိပ်ဖြူ၊ မုံရွာ၊ တောင်တွင်း၊ တောင်သာ၊ မင်းဘူး၊ ပျော်ဘွယ်၊ မိတ္ထီလာဒေသများမှ ကုန်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ ငရုတ်ခြောက် (ရှည်၊လတ်၊ပွ)ဈေးနှုန်းများမှာလည်း ပစ္စည်းအလှရှားခြင်း၊ မိုးရွာသွန်းမှုများကြောင့် ဈေးကွက်သို့ ကုန်အဝင်နည်းလာခြင်း၊စားသုံးသူများမှဝယ်လိုအားများခြင်း၊အအေးခန်းသိုလှောင်ငရုတ်ခြောက်များလည်း ကုန်ဝင်ရောက်မှုရှိခြင်းတို့ကြောင့် ယခင်အပတ်ထက် သိသာစွာ ဈေးမြင့်လာခဲ့သည်။ ငရုတ်ခြောက် (ရှည်၊လတ်၊ပွ)တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၇၇၅၀-၉၅၀၀-၁၅၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၉၂၅၀-၁၁၅၀၀-၁၈၅၀၀ ကျပ်သို့ ရောက်ရှိ ဈေးမြင့် ခဲ့သည်။ ဈေးကွက်သို့ ပန်းရဲ၊ မြားနီ မြစ်ဝ(မိုးထောင်)၊ ဆင်ဖြူကျွန်းပု)၊ မြစ်ဝ(ပု)ငရုတ်ခြောက် များကုန်ဝင်ရောက်မှုရှိခဲ့ပြီး အရည်အသွေးကောင်းမွန်လှပသော အအေးခန်းလှောင်ငရုတ်ခြောက် များလည်း ကုန်ဝင်ရောက်မှုရှိခဲ့ကြောင်းသိရသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာဈေးကွက်သို့ကုန်အဝင် နည်းလာခြင်း၊ သယ်ယူစရိတ်များ ဈေးမြင့်လာခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားများခြင်းတို့ကြောင့် ဈေးမြင့်ခဲ့ပြီး ကြက်သွ န်ဖြူ(ကြူကုတ်)မှာ ဈေးကွက်သို့ ကုန်အဝင် အလွန်နည်းခြင်း၊ တင်သွင်းရန် ဝယ်ဈေးမြင့်ခြင်း၊ သယ်ယူပို့ဆောင်စရိတ်များမြင့်ခြင်းတို့ကြောင့် ဈေးမြင့်ခဲ့သည်။ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ယခင်ပျမ်းမျှဈေးနှုန်းမှာ ၅၁၅၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၆၅၀၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင် ယခင်ပျမ်းမျှဈေးနှုန်းမှာ ၁၀၆၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၈၂၅၀ ကျပ်သို့ ရောက်ရှိ ဈေးမြင့်ခဲ့သည်။အောင်ပန်းဒေသထွက်အာလူးဈေးနှုန်းများမှာအာလူးအသစ်များဖြစ်၍ အစိုဓာတ် များခြင်း၊အရွယ်အစားသေးခြင်းတို့ကြောင့် ဈေးကွက်သို့ကုန်အဝင်နည်းသော်လည်း ယခင်အပတ် ထက်ဈေးနိမ့်ခဲ့ပြီး တရုတ်အာလူးမှာမူကုန်အဝင်နည်းခြင်းကြောင့်ယခင်အပတ်ထက် အနည်းငယ် ဈေးမြင့်လာခဲ့သည်။အာလူး(အေဝမ်း)မှာ ယခင်ရက်သတ္တပတ်အတွင်း ကုန်အဝင်မရှိခြင်းကြောင့် ဈေးနှုန်းမရရှိခဲ့ပါ။ ထို့ကြောင့် အာလူး(S1၊ OK၊ A1) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်း မှာ ၄၃၀၀-၄၂၀၀- ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၅၀၀-၃၃၀၀-၃၀၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ တရုတ်အာလူးတစ်ပိဿာလျှင် ယခင် အပတ်ပျမ်းမျှဈေးနှုန်းမှာ ၅၂၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၅၃၀၀ ကျပ် ဖြစ်သည်။
စားသုံးဆီဈေးကွက်
ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သော နိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ ကုန်ဆုံးသောကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ ၆၂၈၅ ကျပ်ဖြစ်သည်။ ယခင် အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၄၅ ကျပ်နှုန်း ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့စားအုန်းဆီ အများဆုံးထုတ်လုပ်သော အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီတင်ပို့ခွန်နှုန်းထားများအား ဩဂုတ်လအတွင်း ပြောင်း လဲတိုးမြှင့် သတ်မှတ်လာခြင်းရှိခဲ့ကြောင်း သိရသည်။ ပြင်ပရှိ လက်လီဈေး ကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက်များစွာ မကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်း ရောင်းချပေး လျက်ရှိသည်။
အေးသန္တာဝင်း