မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ အိန္ဒိယသို့ ကွမ်းသီးတင်ပို့မှုတန်ဖိုး သိသိသာသာ တိုးတက်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ အိန္ဒိယသို့ ကွမ်းသီးတင်ပို့မှုတန်ဖိုး သိသိသာသာ တိုးတက်

အိန္ဒိယအောက်လွှတ်တော်တွင် အစိုးရက ပေးအပ်ခဲ့သည့် အချက်အလက်များအရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အိန္ဒိယနိုင်ငံသို့ ကွမ်းသီးတင်ပို့မှုတန်ဖိုး သိသိသာသာ တိုးတက်လာခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၉ ရက်က ဖော် ပြသည်။

အိန္ဒိယအောက်လွှတ်တော်၌ ယခုလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jitin Prasada က ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အထိ ကွမ်းသီးတင်သွင်းမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို လွှတ်တော်သို့ စာဖြင့်ရေးသား ဖြေကြားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့သော ကွမ်းသီးတန်ဖိုးသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၉ သန်းမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၀၆ သန်းသို့ တိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။

အိန္ဒိယအစိုးရ၏ အချက်အလက်များအရ အိန္ဒိယနိုင်ငံ၏ စုစုပေါင်း ကွမ်းသီးတင်သွင်းမှု တန်ဖိုးသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၇ ဒသမ ၉၉ သန်းရှိခဲ့ရာမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၄၅ သန်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အချက်အလက်များအရ အိန္ဒိယနိုင်ငံ၏ စုစုပေါင်းကွမ်းသီးတင်သွင်းမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝေစုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၉ ရာခိုင်နှုန်းရှိရာမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ၃၇ ရာခိုင်နှုန်းသို့ တိုးမြင့်လာခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့သော ကွမ်းသီးတန်ဖိုးသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆၁ သန်းမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၂၀ သန်းသို့ တိုးလာခဲ့ကြောင်း သိရသည်။

သို့ရာတွင် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း သီရိလင်္ကာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်ပို့သော ကွမ်းသီးတန်ဖိုး ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။

သီရိလင်္ကာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့သော ကွမ်းသီးတန်ဖိုးသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၈၇ သန်းမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၉၇ သန်းသို့ ကျဆင်းခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ကွမ်းသီးတင်ပို့မှုတန်ဖိုးသည်လည်း ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၁၄ သန်းမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၆ သန်းသို့ ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၈ ဒသမ ၁၉ သန်းနှင့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၁၈ သန်း တန်ဖိုးရှိ ကွမ်းသီးများကို တင်သွင်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့်မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး ပိုမိုတင်သွင်းနိုင်မည့် အခွင့်အလမ်းများ ရှိနေကြောင်းနှင့် သတ်မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်းများနှင့် အခြားသော သွင်းကုန်ဆိုင်ရာစည်း မျဉ်းစည်းကမ်းများနှင့်အညီ တရားဝင် တင်ပို့နိုင်မည်ဆိုပါက ကွမ်းသီးစိုက်တောင်သူများအတွက် အကျိုးကျေးဇူး ရရှိစေနိုင်ကာ နိုင်ငံ၏ပို့ကုန်ဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း နိုင်မည်ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ပါသည်။

ကောင်းထွဋ်အောင် 

The Hindu Businessline, Arecanut exports from Bangladesh to India quadruple to $53 million in 2024-25, July 29, 2025