မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

ဆန်

မန္တလေးဈေးကွက်တွင် မိုးစပါးစိုက်ချိန်ဖြစ်၍ လှောင်သမား ထုတ်ရောင်းမှု ရှိခြင်း၊ မြို့တွင်းသုံးနှင့် မန္တလေးဝန်းကျင်မှ ဝယ်ယူမှုရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၁၃၀၀၀၀ ကျပ်မှ  ၁၃၅၀၀၀ ကျပ်သို့ လည်း ကောင်း၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၄၀၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ်သို့ ဈေးမြင့် သွားသည်။ မနောသုခဆန်မှာ နွေစပါးအသစ်ဝင်ရောက်မှုရှိခြင်း၊ အဝင်ပုံမှန်ရှိခြင်း၊ အသစ်အား နှစ်သက်မှုနည်းပါး၍ အရောင်းအဝယ်အေးခြင်းကြောင့် တစ်အိတ် ၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ငစိန်ဆန်မှာ နွေစပါးဝင်ရောက်မှုရှိပြီး အဝင်ပုံမှန်ရှိခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ဇီယာဆန်မှာ နွေစပါးအဝင်နည်းသေးခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ပင်ရင်းဈေးနိမ့်ခြင်း၊ နယ်ဝေးတင်ပို့ရမှု နည်းခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ဧရာမင်းဆန်မှာ အရည်အသွေးပေါ်မူတည်၍ တစ်အိတ် ၁၂၀၀၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ်ထိ ရောင်းဝယ်နေသည်။

ဆီထွက်သီးနှံ

မြေပဲ (လုံးဆံ) ဈေးနှုန်းမှာ လုပ်ငန်းသမား အဝယ်နည်းသော်လည်း လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် အရည်အသွေး ပေါ်မူတည်၍ ၁၀၀ ပိဿာ အညံ့ဆုံး ၉၁၀၀၀၀ ကျပ်မှ အကောင်းဆုံး ၉၃၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။ မြေပဲ (ဆီဆံ)မှာ ဆီစက်သမားအဝယ်ပုံမှန်၊ အဝင်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ပိဿာ အညံ့ဆုံး ၈၅၀၀၀၀ မှ အကောင်းဆုံး ၈၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းဖြူ (ရိုးရိုး)မှာ နွေနှမ်းအသစ်များ ဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ်၊ ဂျပန်နှမ်းဖြူမှာ လက်ကျန်နည်း အသစ်မဝင်သေးခြင်းကြောင့် တစ်အိတ် ၃၈၀၀၀၀ ကျပ်သို့ ဈေးမြင့် သွားသည်။ နှမ်းညိုမှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း၊ မကွေးဘက်မှ ရေလွတ်နှမ်းများ အသစ်အဝင်ရှိခြင်း ကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၃၁၀၀၀၀ ကျပ်မှ ယခုအပတ် ၂၉၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းနက် (စမုံ)မှာ အသစ်အဝင်နည်းသေးခြင်း၊ တရုတ်ဝယ်လက် အနည်းငယ်ရှိခြင်းကြောင့် ယခင်အပတ် အရည်အသွေး အကောင်းဆုံး ၈၁၅၀၀၀ ကျပ်မှ ၈၃၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ပန်းနှမ်းမှာ အဝင်နည်း၊ ပစ္စည်းရှားခြင်း၊ ဆီစက်နှင့် ဘယဆေးသမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၉၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နေကြာ ဈေးနှုန်းမှာ မိုးနေကြာဝင်ချိန်နီးခြင်း၊ လှောင်သမားထုတ်ရောင်းမှုရှိခြင်း ကြောင့် ၂၇ပိဿာ ၂၀၀၀၀၀ ကျပ်မှ ၁၉၅၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

စားဖိုဆောင်သီးနှံ

ငရုတ်ခြောက်ရှည်မှာ သာစည်၊ တပ်ကုန်းမှ ဝင်ရောက်ပြီး တစ်ပိဿာ ၈၀၀၀ မှ ၉၀၀၀ ကျပ်၊ ငရုတ်ခြောက်(ပွ)မှာ ဧရာဝတီတိုင်းမှ ဝင်ရောက်ပြီး တစ်ပိဿာ ၁၂၀၀၀ မှ ၁၅၀၀၀ ဈေးရှိသည်။ ကြက်သွန်နီ ဈေးနှုန်းအနေဖြင့် မုံရွာ၊ မြင်းမူ၊ နွားထိုးကြီး၊ တောင်သာ စသော နယ်စုံ ကြက်သွန်များ ဝင်ရောက်မှုများသော်လည်း မြို့တွင်းသုံးနှင့် မန္တလေးအနီး ဝန်းကျင်မှ ဝယ်ယူမှုရှိခြင်း၊ အရည်အသွေးကောင်းခြင်းကြောင့် ကြက်သွန်နီကြီးတစ်ပိဿာ ၁၁၀၀ ကျပ်မှ ၁၄၀၀ ကျပ်၊ လတ်တစ်ပိဿာ ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်၊ သေးတစ်ပိဿာ ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်သို့ ဈေးမ သိမသာမြင့် သွားသည်။ ကြက်သွန်ဖြူ (ရှမ်း)မှာ အဝင်များခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အညံ့ဆုံးတစ်ပိဿာ ၄၀၀၀ ကျပ်မှ အကောင်းဆုံး ၇၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူ (မြန်မာ) ပစ္စည်းမရှိသလောက်ရှားနေပြီး ကြက်သွန်ဖြူ (တရုတ်)မှာ လမ်းပမ်းဆက်သွယ်ရေးအရ အဝင်နည်း ခြင်းကြောင့် ဈေးတည်ငြိမ်မှု မရှိပါ။ အာလူးဈေးနှုန်းမှာ တရုတ်အာလူးနှင့် အခြားသောအာလူးများ အဝင်မရှိဘဲ အောင်ပန်းအာလူး တစ် မျိုးတည်း သာဝင်ရောက်မှုရှိပြီး အိုကေတစ်ပိဿာ ၃၈၀၀ကျပ်၊ အေဝမ်းတစ်ပိဿာ ၃၆၀၀ ကျပ်ဖြင့် မြို့တွင်း စားသုံးရန် ဝယ်ယူမှုသာရှိသည်။

ပဲမျိုးစုံ

မတ်ပဲဈေးနှုန်းအနေဖြင့် ကျောက်ရစ်ဖက်မှ အဝင်ပုံမှန်ရှိခြင်း၊ ရန်ကုန်ဝယ်လက်နှင့် ပဲခွဲစက်များအဝယ်ပုံမှန်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲတီစိမ်း(အညာ)မှာ ဆောင်းလက်ကျန်နည်းခြင်း၊ မိုးပဲမဝင်သေးခြင်း၊ ပဲအရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အရည်အသွေး အညံ့ဆုံး ၃တင်းတစ်အိတ် ၂၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး အရည်အသွေးအကောင်းဆုံးမှာ ၃၆၀၀၀၀ ကျပ်မှ ၃၉၀၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။ ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ ရန်ကုန်ဝယ်လက်နည်းသော်လည်း အထွက်နည်း၊ အဝင်နည်းခဲ့ခြင်း၊ စက်သမား လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ပဲစဉ်းငုံ(နီ) ၂၆၂၀၀၀ ကျပ်မှ ၂၆၆၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ပဲစဉ်းငုံ(ဖြူ)မှာ အရောင်းအဝယ်အေးခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ ဆောင်းလက်ကျန်နည်းခြင်း၊ မိုးပဲမဝင်သေးခြင်းကြောင့် လုပ်ငန်းသမား၊ ဆီစက်သမားအဝယ်နည်း၍ အရောင်းအဝယ် အေးသော်လည်း ပဲပုတ်(မြန်မာ) ၃တင်းတစ်အိတ် ၄၁၅၀၀၀ ကျပ်၊ ပဲပုတ်(ရှမ်း)မှာ ဆောင်းပဲလက်ကျန်နည်းသော်လည်း ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၂၇၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ကုလားပဲ(လုံးဖြူကြီး)အဝင်ပုံမှန် ပဲခွဲစက်နှင့် လက်လီသမား လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် လုံးဖြူကြီး ၃တင်းတစ်အိတ် ၂၆၃၀၀၀ကျပ်၊ လုံးဝါကြီးတစ်အိတ် ၂၄၃၀၀၀ကျပ် ခွဲခြမ်းတစ်ပိဿာ ၆၃၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲယင်း၊ မြေထောက်ပဲ၊ စားတော်ပဲ(ကျွန်း)တို့မှာ ပဲယင်းမှာ ပဲခွဲစက်၊ ကြာဇံသမားအဝယ်နည်းခြင်း အရောင်းအဝယ်အေးခြင်းကြောင့် ယခင်အပတ် ၂၃၂၀၀၀ကျပ်မှ ယခုအပတ် ၂၂၅၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ မြေထောက်ပဲမှာ ရံဖန်ရံခါ ရန်ကုန်ဝယ်လက်ရှိခြင်း၊ ပဲကြော်/လှော်သမား အဝယ်ရှိခြင်းကြောင့် အရည်အသွေးအညံ့ဆုံး ၃တင်းတစ်အိတ် ၂၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး အရည်အသွေးအကောင်းဆုံးမှာ ၂၈၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ စားတော်ပဲ(ကျွန်း)မှာ ယခုအပတ် စားတော်ပဲ၊ ယူကရိန်းမဝင်သေးခြင်း၊ ကနေဒါဝင်ရောက်သော်လည်း ဈေးမြင့်ခြင်းကြောင့် စားတော်ပဲ(ကျွန်း)ပါ ယခင်အပတ် ၅၁၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲကြီး(ကြီး)မှာ အရောင်းအဝယ်အေးသော်လည်း ဆောင်းလက်ကျန်နည်းပြီး၊ မိုးပဲမဝင်သေးခြင်း ကြောင့် ၃တင်းတစ်အိတ် ၃၃၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲကြီး(သေး)နှင့် ထောပတ်ပဲ(ကြီး)မှာ ပဲကြော်/လှော်လုပ်ငန်းသမား အဝယ်များခြင်းကြောင့် ပဲကြီး(သေး) ၃တင်းတစ်အိတ် ၂၇၀၀၀၀ ကျပ်မှ ၃၀၅၀၀၀ ကျပ်သို့လည်းကောင်း၊ ထောပတ်ပဲ(ကြီး) ၃တင်းတစ်အိတ် ၃၀၀၀၀၀ကျပ်မှ ၃၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ

ငရုတ်စိုဈေးနှုန်းမှာ ယခင်ဝင်နေကျဖြစ်သော မုံရွာ၊ ချောင်းဦးမှ မဝင်သေးခြင်း၊ သာစည်၊ တပ်ကုန်းတို့မှ ဝင်ရောက်ခြင်း၊ အဝင်နည်းခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၇၀၀၀ကျပ်၊ ပြင်ဦးလွင်မှ ငရုတ်စို(လတ်)တစ်ပိဿာ ၈၀၀၀ကျပ်ဈေးဖြင့် ငပိထောင်း၊ လက်ဖက် သမား ပုံမှန်ဝယ်ယူမှုရှိခြင်း၊ ရန်ကုန်ဝယ်လက်မှ ထွက်ရှိရာဒေသသို့ ဆင်း၍ ဝယ်ယူမှုရှိခြင်းကြောင့် ပင်ရင်း ဈေးမြင့်ပြီး ဈေးမြင့်ရခြင်းဖြစ်ပါသည်။ ခရမ်းချဉ် ရှမ်းတောင်အဝင်များခြင်း၊ ဖားကန့်၊ လုံးခင်းသို့ တင်ပို့ရမှု နည်းခြင်းကြောင့် ၂၀ ပိဿာ တစ်သေတ္တာ ၇၀၀၀၀ကျပ်မှ ၆၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ပြင်ဦးလွင်မှ ဂေါ်ဖီတစ်ထုပ် ၁၀၀၀ ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့် ၁၂၀၀ကျပ်၊ ဂေါ်ရခါးသီး ၁၀လုံး ၅၀၀၀ ကျပ်ဖြင့် စားသောက် ဆိုင်များ ပုံမှန်ဝယ်ယူမှုရှိသည်။ ဖရဲသီးများ အရည်အသွေးပေါ်မူတည်၍ တစ်လုံး ၁၀၀၀ မှ ၃၀၀၀ကျပ်၊ သခွားမွှေးများ အဝင်များပြီး တစ်လုံးအရည်အသွေးပေါ်မူတည်၍ ၂၀၀၀ မှ ၇၀၀၀ကျပ်၊ သင်္ဘောသီး ၂လုံး ထုပ်တစ်ထုတ် ၃၀၀၀ကျပ်၊ ထောပတ်သီး ၁၂၀လုံးပါ ပိုက်အိတ်တစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၃၀၀၀၀ကျပ်မှ ၅၀၀၀၀ကျပ်၊ ရမည်းသင်းမှ စပျစ်သီးတစ်ပိဿာ ၈၀၀၀ကျပ်၊ အော်ဂင်လိမ္မော် ၁၁ ပိဿာ တစ်ခြင်း ၁၂၅၀၀၀ကျပ်ဖြင့် ပြင်ဦးလွင်၊ ကျိုက်ထို၊ မုံရွာနှင့် အမှာရှိသော မြို့များသို့တင်ပို့သည်။

ဂျုံနှင့် အစေ့ထုတ်ပြောင်း

ဂျုံဈေးနှုန်းနေဖြင့် ငါန်းဇွန်၊ မြင်းမူ၊ မြောင်၊ ဆားတောင်၊ ဘုတလင်၊ မုံရွာ ဂျုံများ အရည်အသွေးပေါ်မူတည်ပြီး ၂၃၀၀၀၀ ကျပ်မှ ၂၄၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်အေးပြီး အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။ ရှမ်းဂျုံများမှာ ၂၁၅၀၀၀ကျပ်၊ အထွက်တိုးဂျုံ ၂၀၅၀၀၀ကျပ်၊ ပန်ဆိုင်းဂျုံမှာ ၃တင်းတစ်အိတ် ၂၁၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ဩစတေးလျဂျုံမှုန့်မှာ လုပ်ငန်းသမားအဝယ်ပုံမှန် အဝင်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃၈၅၀ကျပ် ဖြင့် ဈေးတည်ငြိမ် နေသည်။

အစေ့ထုတ်ပြောင်း မိုးစိုက်မဝင်သေးခြင်း၊ ဆောင်းလက်ကျန်နည်းခြင်း၊ တိုက်ရိုက် စိုက်ပျိုးရာဒေသသို့ ဆင်း၍ ဝယ်ယူမှုများရှိခြင်းကြောင့် ဈေးကွက်အတွင်း အဝင်နည်းပြီး တိရစ္ဆာန်အစာသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၉၁၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ခင်မေကြည်