ရန်ကုန်ဈေးကွက်

ဆန်
ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းအဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း အသစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၈၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း ဆန်ဟောင်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန်ဟောင်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဇီယာဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၆၄၀၀၀ ကျပ်နှင့် အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ငစိန်ဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၄၀၀၀ ကျပ်နှုန်း နှင့်အောက်စတစ်အိတ်လျှင် ၆၃၀၀၀ကျပ်နှုန်း ဖြင့်လည်းကောင်း၊ ဧည့်မထဆန်ကြမ်း ၂၅ ရာခိုင်နှုန်း နှင့် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၅၈၀၀၀ကျပ်နှုန်းနှင့်အောက်စတစ်အိတ်လျှင် ၅၇၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ယခင်လ၏ ဈေးနှုန်းများအတိုင်းပင် ဈေးငြိမ်လျက် အရောင်းအဝယ် အေးကြောင်းသိရသည်။ ဆန်ဟောင်းလက်ကျန်များနည်းလာ ချိန်ဖြစ်သော်လည်း ဆန်ဈေးတည် ငြိမ်ကာ အရောင်းအဝယ်အေးနေခြင်းကြောင့် လှောင်လက်များမှ ရောင်းလိုအားများလာခြင်း၊ စားသုံးသူများမှ လိုအပ်သလောက်သာ ဝယ်ယူမှုရှိခြင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းတို့မှလည်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆန်ချော၊ ဆန်ကြမ်းများအား ကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိခြင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ပြည်ပပို့ဆန်ဈေးနှုန်းများ ကျဆင်းနေခြင်းနှင့် ရောင်းလိုအားများနေခြင်း စသည့် အခြေအနေများကြောင့် ပြည်တွင်း သုံးစွဲသော ဆန်ချော၊ ဆန်ကြမ်းများအပါအဝင် ပြည်ပပို့ဆန်ဈေးနှုန်းများလည်း တည်ငြိမ် လျက်ရှိခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင် တရုတ်၊ မဒါဂက်စကာ၊ ဖိလစ်ပိုင်၊ စပိန်၊ ပိုလန် စသော နိုင်ငံများအပါအဝင် နိုင်ငံပေါင်း(၂၀)ကျော်သို့ မြန်မာ့ဆန်များ ပုံမှန်တင်ပို့မှုရှိခဲ့ ကြောင်း သိရသည်။ ပြင်ပရှိလက်လီဈေးကွက်များတွင်လည်း အရည်အသွေးပိုမိုကောင်းမွန်သော ဆန်များအား သတ်မှတ်ဈေးနှုန်းများထက် ပိုမိုသော ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ ရန်ကုန် ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ကြောင်းသိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်းများအား ထိုင်းနှင့်အိန္ဒိယနိုင်ငံများသို့ အကောက်ခွန် လွတ်တင်ပို့ နိုင်သော ကာလဖြစ်သော်လည်း ကမ္ဘာတွင် ပြောင်းလဲလျက်ရှိသည့် အခြေအနေများအရ ကမ္ဘာ့ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်း အပြောင်းအလဲ များကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံ၏ ပြောင်းဈေးပေးခြင်းနှင့် ပြောင်းဈေးဆွဲချ၍ ဈေးကစားမှုများရှိခြင်းကြောင့်လည်းကောင်း၊ အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းသစ်များအရ အခြားနိုင်ငံများနှင့်ကုန်သွယ်မှု သဘော တူညီချက် အပြောင်းအလဲများရှိလာခြင်းကြောင့်လည်းကောင်း၊ ပြည်ပဝယ်လက်များမှ အခြေအနေစောင့်ကြည့်မှုများရှိကာ အရောင်းအဝယ်အေးနေခြင်း ကြောင့်လည်း ကောင်း၊အစေ့ထုတ်ပြောင်းဈေးနှုန်းများ ယခင်အပတ်ထက် ဆက်လက် ဈေးနိမ့်လာခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင် အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၉၃၉၆၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့ခြင်း ဖြစ်သည်။
စားဖိုဆောင်သီးနှံ
ငရုတ်ခြောက်(ရှည်)မှာ ပန်းရဲ၊ မြားနီ ငရုတ်ခြောက်ရှည်များ၊ အအေးခန်းလှောင်စများ ကုန်အဝင် ပုံမှန်ရှိခြင်းနှင့်ပုံမှန်ဝယ်ယူစားသုံးမှုရှိခြင်းကြောင့်လည်းကောင်း ငရုတ်ခြောက်(လတ်)မှာ မြစ်ဝမိုးထောင် တစ်မျိုးတည်းသာ ဈေးကွက်သို့ ကုန်အဝင်ရှိခြင်း၊ ကုန်အဝင်နည်းခြင်းနှင့် ဝယ်လို အားနည်းခြင်း ကြောင့် လည်းကောင်း၊ ငရုတ်ခြောက်(ပွ)မှာ ဆင်ဖြူကျွန်း(ပု)နှင့် မြစ်ဝ (ပု)နှစ်မျိုးသာ ကုန်အဝင်ရှိသော်လည်း ဈေးကွက်သို့ ကုန်အဝင်အလွန်နည်းခြင်း၊ စားသုံးသူများမှလည်း လိုအပ်သလောက်သာဝယ်ယူမှုရှိခြင်း၊ ဝယ်လိုအားအလွန်နည်းခြင်းတို့ကြောင့် ရောင်းလိုအား၊ ဝယ်လိုအားမျှကာ ဈေးနှုန်းတည်ငြိမ်လျက်ရှိ သည်။ငရုတ်ခြောက်(ရှည်၊ လတ်၊ ပွ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ၇၇၅၀-၉၅၀၀-၁၅၅၀၀ ကျပ်ဖြစ် သည်။ ကြက်သွန်နီ (ထူး၊လတ်၊သေး)မှာ မိုးရွာသွန်းမှုများကြောင့် ဈေးကွက်သို့ ကုန်အဝင်နည်းပါးသော် လည်း အရည်အသွေးအနိမ့်စများခြင်း၊ ပြည်ပတင်ပို့မှုနည်းခြင်းနှင့် ပြည်ပပေါက်ဈေးမှာလည်း နိမ့်လာ ခြင်းကြောင့်လည်းကောင်း၊ ရောင်းလိုအားများခြင်းကြောင့်လည်းကောင်း ယခင်အပတ်ထက် ဈေးနိမ့် လာခဲ့သည်။ ကြက်သွန်နီ(ထူး၊လတ်၊သေး)တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်း မှာ ၁၄၂၅-၁၃၅၀-၉၂၅ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၄၀၀-၁၂၅၀-၈၀၀ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ရန်ကုန်ဈေးကွက်သို့ မြင်းခြံ၊မုံရွာ၊ မြစ်သား၊ ဆိတ်ဖြူ၊ မိတ္ထီလာဒေသ များမှ ကုန်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ ယခုလတ်တလောကာလသည် ရှမ်းကြက်သွန်ဖြူ၊ဗမာကြက်သွန်ဖြူနှင့် တရုတ်ကြက်သွန်ဖြူ များဈေးကွက်သို့ဝင်ရောက်လာချိန်ဖြစ်သည်။ရှမ်းကြက်သွန်ဖြူ(အောင်ပန်းကြက်သွန်ဖြူ)များ ဈေးကွက်သို့ ကုန်အဝင်ပိုလာချိန်ဖြစ်ခြင်း၊စားသုံးသူများမှ ပိုမိုဝယ်ယူမှုရှိခြင်းကြောင့် ရှမ်းကြက်သွန်ဖြူဈေးနှုန်းများ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်းမှာ ၅၄၀၀ ကျပ်ဖြစ်သည်။ ကြက်သွန်ဖြူ(ကြူကုတ်)မှာ တင်သွင်းဈေးမြင့်လာချိန်ဖြစ်ခြင်း၊ အဟောင်းစနှင့် အသစ်စများ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုရှိခြင်း၊ အရည်အသွေးကောင်းလာခြင်းနှင့် ကုန်အဝင်နည်း ခြင်းတို့ကြောင့် ကြူကုတ်ကြက်သွန်ဖြူများမှာ ယခင်အပတ်ထက် သိသာစွာဈေးမြင့်လာခဲ့သည်။ ကြက်သွန်ဖြူကြူကုတ်တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၈၄၀၀ ကျပ်ဖြစ်ပြီး ယခု အပတ်ဈေးနှုန်းမှာ ၁၀၂၅၀ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ အာလူးဈေးနှုန်းများမှာ ရှမ်းအာလူး နှင့် တရုတ်အာလူးများ ဈေးကွက်သို့ ကုန်အဝင်နည်းလာခြင်း၊ ကျောင်းဖွင့်ချိန်ဖြစ်၍ အိမ်ရှင်မများမှ ဝယ်ယူမှုများခြင်းတို့ကြောင့် ယခင်အပတ်ထက် သိသာစွာဈေးမြင့်လာခဲ့သည်။ အာလူး (အက်စ်ဝမ်း၊ အိုကေ၊ အေဝမ်း)တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၃၀၀၀-၃၀၀၀-၂၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ၃၆၀၀-၃၆၀၀-၃၆၀၀ကျပ်သို့ရောက်ရှိဈေးမြင့်ခဲ့သည်။တရုတ်အာလူး တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၃၄၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေး နှုန်းမှာ ၄၀၀၀ကျပ်သို့ ရောက်ရှိ ဈေးမြင့်ခဲ့သည်။
စားသုံးဆီ
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်မှ ၁၃ ရက်အထိ ကုန်ဆုံးသော ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန် အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆၀၃၀ ကျပ်ဖြစ်သည်။ ယခင် အပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဆီတစ်ပိဿာလျှင် ၃၀ ကျပ် နှုန်း ဈေးနိမ့်လာခဲ့ခြင်း ဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့ ၌ ရည်ညွှန်းဈေးနှုန်းထက် များစွာမကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းရောင်းချပေး လျက်ရှိသည်။ အမေရိကန်၏ နောက်ဆုံးထုတ်ပြန်ထား သည့် အကောက်အခွန်နှုန်းထားများအရ အမေရိကန်သို့ တင်ပို့သည့် အင်ဒိုနီးရှားစားအုန်းဆီသည် အကောက် ခွန် ၃၂ ရာခိုင်နှုန်း စည်းကြပ်ခံရမည်ဖြစ်ပြီး မလေးရှားစားအုန်းဆီသည် အကောက်ခွန်၂၅ရာခိုင်နှုန်းစည်းကြပ်ခံရမည်ဖြစ်သည်။ သို့ဖြစ်ရာ အကောက် ခွန်နှုန်းထား သက်သာသည့်နိုင်ငံများက အမေရိကန်သို့ ဟင်းသီး ဟင်းရွက်ဆီတင်ပို့မှုမြင့်တက်လာနိုင်ပြီး အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ စားအုန်းဆီ တင်ပို့မှု လျော့ကျလာနိုင်ဖွယ် ရှိကြောင်း သိရသည်။
အေးသန္တာဝင်း