မန္တလေးဈေးကွက်

ဆန်နှင့်ဆီ
မန္တလေးဆန်ပွဲရုံများတွင် အရောင်းအဝယ်အေးခြင်း၊ မြို့တွင်း ဝယ်ယူမှုနည်းခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၃၀၀၀၀ကျပ်၊ ရွှေဘိုအပေါ်ဆန်းတစ်အိတ် ၁၄၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ မနောသုခဆန်မှာ နွေစပါးအသစ်ဝင်ရောက်ခြင်း၊ မိုးအတွက်ပြင်ဆင်ချိန်ဖြစ်ခြင်း၊ အဟောင်းလက်ကျန်ပစ္စည်းရှား၍ အသစ်ဈေးဖြစ်ခြင်းကြောင့် ယခင်အပတ်တစ်အိတ် ၉၀၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်သို့ ဈေးနိမ့် သွားသည်။ ငစိန်နှင့် ဇီယာဆန်မှာလည်း မိုးစပါးစိုက်ချိန်ဖြစ်၍ တောင်သူထုတ်ရောင်းမှုရှိခြင်းကြောင့် ပင်ရင်းဈေးနိမ့်ခြင်း၊ ရောင်းလိုအားများပြီး လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် တစ်အိတ် ယခင်အပတ် ၇၂၀၀၀ ကျပ်မှ ယခုအပတ် ၆၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ဇီယာဆန်မှာ တောင်သူထုတ်ရောင်းခြင်း၊ အဝေးတင်ပို့ရမှုနည်း၍ ပင်ရင်းဈေးနိမ့်ခြင်းကြောင့် ၉၀၀၀၀ ကျပ်မှ ၈၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ဧရာမင်းဆန်မှာ မန္တလေးဝန်းကျင်မှ ဝင်ရောက်ပြီး မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲဆီနှင့်နှမ်းဆီသုံးစွဲမှုများပြီး မြေပဲ(ဆီဆန်)ဈေးနိမ့်သဖြင့် ပဲဆီ တစ်ပိဿာ ယခင်အပတ် ၁၈၅၀၀ ကျပ်မှ ယခုအပတ် ၁၇၅၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး နှမ်းဆီမှာ နှမ်းညိုဈေးတည်ငြိမ်သဖြင့် တစ်ပိဿာ ၁၄၅၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။
ဆီထွက်သီးနှံ
မြေပဲ(လုံးဆန်)မှာ မိုးမြေပဲစိုက်ချိန်ဖြစ်၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် လုပ်ငန်းသမားအဝယ်ပုံမှန်ရှိသော် လည်း မြေပဲ(လုံးဆန်) ၁၀၀ ပိဿာ ယခင်အပတ် ၁၀၀၀၀၀၀ ကျပ်မှ ယခုအပတ် ၉၄၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး မြေပဲ(ဆီဆန်)မှာလည်း ဆီစက်အဝယ်ပုံမှန်ရှိသော်လည်း လှောင်သမားထုတ်ရာင်းမှုရှိခြင်းကြောင့် ၁၀၀ ပိဿာ ၉၆၀၀၀၀ ကျပ်မှ ၈၉၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းဖြူမှာ အရောင်းအဝယ်အေးခြင်း၊ လုပ်ငန်းသမားဝယ်ယူမှုသာရှိခြင်းကြောင့် ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၃၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး နှမ်းညိုမှာ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ယခင်အပတ် ၃၄၀၀၀၀ ကျပ်မှ ယခုအပတ် ၃၁၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းနက်(စမုံ)မှာ အရည်အသွေးကောင်းများ ရွေးချယ်ဝယ်ယူမှုရှိခြင်းကြောင့် အရည်အသွေးအနိမ့်ဆုံး ၄၅ ပိဿာ ၇၀၀၀၀၀ ကျပ်မှ အကောင်းဆုံး ၈၁၅၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။ ပန်းနှမ်းမှာ အထွက်နည်း၊ အဝင်နည်းခဲ့သဖြင့် ပစ္စည်းရှားခြင်း၊ ဘယဆေးသမား၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ၂၈၂၀၀၀ ကျပ်မှ ၂၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နေကြာမှာ အထွက်နည်း၊ အဝင်နည်းသဖြင့် ဆောင်းလက်ကျန်နည်းခြင်း၊ မိုးနေကြာမဝင်သေးခြင်းကြောင့် ဆီစက်သမားအဝယ်နည်းသော်လည်း ၂၇ ပိဿာ ၂၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စားဖိုဆောင်သီးနှံ
မြစ်သားကြက်သွန်များ အဝင်နည်းသွားပြီး နယ်စုံကြက်သွန်များသာ ဝင်ရောက်ပြီး လမ်းပန်းဆက်သွယ်ရေးကြောင့် နယ်ဝေးတင်ပို့ရမှုမရှိခြင်း မြို့တွင်း အရောင်းအဝယ်အေးခြင်းကြောင့် ကြက်သွန်နီကြီးတစ်ပိဿာ ၁၅၀၀ ကျပ်မှ ၁၁၀၀ ကျပ်၊ လတ်တစ်ပိဿာ ၁၀၀၀ ကျပ်၊ သေးတစ်ပိဿာ ယခင်အပတ် ၁၂၀၀ ကျပ်မှ ၈၀၀ ကျပ်သို့ ဈေး သိသိသာသာ နိမ့်သွားသည်။ကြက်သွန်ဖြူ(တရုတ်)မှာ အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၈၀၀၀ မှ အမြင့်ဆုံး ၁၀၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံးဝယ်ယူမှုသာရှိသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အဝင်ပုံမှန် မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် အရည် အသွေး အညံ့ဆုံး တစ်ပိဿာ ၃၀၀၀ ကျပ်၊ အကောင်းဆုံး ၈၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ကြက်သွန်ဖြူ(မြန်မာ)မှာ ရွှေဘိုဘက်မှ ဝင်ရောက်ပြီး တောင်သူလက်ကျန်နည်းသွားခြင်းကြောင့် အရည်အသွေးအညံ့ဆုံး တစ်ပိဿာ ၁၂၀၀၀ ကျပ်မှ အကောင်းဆုံး ၁၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ တရုတ်အားလူးနှင့် ဘန့်ဘွေး၊ အောင်ပန်း အာလူးနှစ်မျိုးလုံးတွေ့ရပြီး တရုတ်အာလူးတစ်ပိဿာ ၃၂၀၀ ကျပ်၊ အောင်ပန်း၊ ဘန့်ဘွေး အာလူးတစ်ပိဿာ ၄၀၀၀ ကျပ်ဖြစ်သည်။
ပဲမျိုးစုံ
မတ်ပဲဈေးနှုန်းမှာ ကျောက်ရစ်ပဲများ အဝင်ပုံမှန်၊ ပဲခွဲစက်နှင့် ရန်ကုန်ဝယ်လက် ရံဖန်ရံခါရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၈၀၀၀၀ ကျပ်မှ ၂၈၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲတီစိမ်း(အညာ)မှာ ဆောင်းလက်ကျန် နည်းခြင်း၊ မိုးပဲစိုက်ချိန်ဖြစ်ခြင်း၊ အရည်အသွေးကွာခြားမှုပေါ်မူတည်၍ အဝေးတင်ပို့ရန် ဈေးပေးဝယ်ယူမှုရှိခြင်း၊ ယခုအပတ်အတွင်း အရောင်းအဝယ်အေးခြင်းကြောင့် အညံ့ဆုံး ၃တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ်မှ ၂၆၅၀၀၀ ကျပ်သို့လည်းကောင်း အကောင်းဆုံး ၃၈၀၀၀၀ ကျပ်မှ ၃၆၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ ပဲစဉ်ငုံ(နီ)ရန်ကုန်ဝယ်လက်နည်းသော်လည်း အထွက်နည်းအဝင်နည်း၊ ပစ္စည်းရှားခြင်း၊ စက်သမားလုပ်ငန်းသမားအဝယ်ရှိခြင်းကြောင့် ယခင်အပတ် ၃ တင်းတစ်အိတ် ၂၅၈၀၀၀ကျပ်မှ ယခု အပတ် ၂၆၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲစဉ်းငုံ(ဖြူ)မှာ အဝေးတင်ပို့ရန် ရံဖန်ရံခါရှိခြင်းကြောင့် ယခင် အပတ် ၂၅၅၀၀၀ကျပ်မှ ၂၆၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲပုတ်(မြန်မာ)မှာ မိုးပဲစိုက်ချိန်ဖြစ်၍ လှောင်သမားထုတ်ရောင်းမှုရှိသောကြောင့် မုန့်လုပ်ငန်း၊ ပဲငပိသမားအဝယ်ပုံမှန်ရှိသော်လည်း ယခင်အပတ် ၃ တင်းတစ်အိတ် ၄၂၀၀၀၀ ကျပ်မှ ယခု အပတ် ၄၁၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ ပဲပုတ်(ရှမ်း)မှာ အဝင်ပုံမှန် အဝယ်ပုံမှန် ရှိခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ကုလားပဲ(လုံးဖြူကြီး/လုံးဝါကြီး)တို့မှာ အဝယ်ပုံမှန်ရှိသော်လည်း လှောင်သမား ရောင်းလိုအားများ၍ ကုလားပဲ(ကုဖြူကြီး)၃တင်းတစ်အိတ် ယခင်အပတ် ၂၆၅၀၀၀ ကျပ်မှ ယခုအပတ် အရောက်ပို့ ၂၆၃၀၀၀ ကျပ်၊ လုံးဝါကြီး ၂၄၇၀၀၀ ကျပ်မှ ၂၄၃၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ခွဲခြမ်းမှာမူ စားသုံးမှုပုံမှန်ရှိသဖြင့် တစ်ပိဿာ ၆၃၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ပဲယင်းမှာ ပဲခွဲစက်၊ ကြာဇံသမားအဝယ်နည်းပြီး လှောင်သမားထုတ်ရာင်းမှုရှိခြင်းကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၂၃၈၀၀၀ ကျပ်မှ ယခုအပတ် ၂၃၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး မြေထောက်ပဲမှာမူ အရည်အ သွေးပေါ် မူတည်၍ ၃တင်းတစ်အိတ် အရည်အသွေးအကောင်းဆုံး ၃၁၀၀၀၀ ကျပ်မှ အညံ့ဆုံး ၂၈၀၀၀၀ ဖြင့် ရောင်းဝယ်နေသည်။ စားတော်ပဲ(ကျွန်း)မှာ စားတော်ပဲ(ကနေဒါ)ဈေးမြင့်ခြင်း၊ စားတော်ပဲ(ယူကရိန်း) မဝင်သေးခြင်းကြောင့် လက်လီအဝယ်များပြီး အရည်အသွေးအကောင်းဆုံး ၅၀၀၀၀၀ ကျပ်မှ ၅၁၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ထောပတ်ပဲ(သေး)မှာ အဝင်ပုံမှန် လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၇၀၀၀၀ ကျပ်၊ ပဲကြီး(သေး)မှာလည်း လှောင်သမား ထုတ်ရောင်း မှုရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၇၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ပဲကြီး (ကြီး)နှင့် ထောပတ်ပဲ(ကြီး) အရောင်းအဝယ်အေးခြင်းကြောင့် ပဲကြီး(ကြီး) ၃တင်းတစ်အိတ် ၃၂၅၀၀၀ ကျပ် ထောပတ်ပဲ ၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ပဲလွန်းဖြူမှာ ယခုအပတ် တရုတ်ဝယ်လက်ရှိခြင်းကြောင့် ၃တင်း တစ်အိတ် ၂၁၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ပဲလွန်းပြာမှာ အဝင်ပုံမှန် အဝယ် ပုံမှန်ရှိခြင်းကြောင့် ၂၁၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။
ဟင်းသီး/ရွက်နှင့်သစ်သီးဝလံ
ခရမ်းချဉ် အင်းသီးတစ်မျိုးတည်းသာ ဝင်ရောက်မှုရှိခြင်းကြောင့် ၂၀ ပိဿာ တစ်သေတ္တာလျှင် ၇၀၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။ ပြင်ဦးလွင်မှ ပြောင်းဖူး ၁၀၀ဖူးပါ တစ်အိတ် ၅၀၀၀၀ ကျပ် ဘိုစားပဲတစ်ပိဿာ ၅၀၀၀ ကျပ်၊ ပြင်ဦးလွင်နှင့် နယ်စုံမှ ပန်းမုံလာ တစ်ပွင့် ၈၀၀ ကျပ်မှ ၁၂၀၀ ကျပ်၊ ဂေါ်ဖီထုပ် ၇၀၀ ကျပ်မှ ၁၀၀၀ ကျပ် မုံလာဥနီ တစ်ပိဿာ ၃၀၀၀ ကျပ်ဖြင့် ပုံမှန်ဝယ်ယူမှုရှိသည်။ ပြင်ဦးလွင် နာနတ်သီးများ လှိုင်လှိုင်ဝင်ရောက်ပြီး တစ်လုံး ၈၀၀ မှ ၁၀၀၀ ကျပ် ဝမ်းတွင်း၊ ဆားတောင်၊ မုံရွာမှ ဖရဲသီးတစ်လုံး ၂၀၀၀ကျပ်၊ ပိုက်သခွားတစ်လုံး ၂၀၀၀ မှ ၆၀၀၀ ကျပ် နဂါးမောက်သီး ၁၈မှ ၂၄ လုံးပါတစ်ခြင်း ၈၀၀၀မှ ၁၀၀၀၀ ကျပ်၊ ထောပတ်သီး ၁၂၀ လုံးပါတစ်အိတ် ၄၅၀၀၀ ကျပ်၊ စပျစ်သီးတစ်ပိဿာ ၈၀၀၀ ကျပ်ဖြင့် မြစ်ကြီးနား၊ ရွှေကူ၊ လားရှိုး၊ မူဆယ်နှင့်အမှာရှိသော မြို့များသို့ တင်ပို့သည်။
ဂျုံနှင့်အစေ့ထုတ်ပြောင်း
ဂျုံ အထွက်နည်း အဝင်နည်း၊ ပစ္စည်းရှားခြင်းကြောင့် ငါန်းဇွန်၊ မြင်းမူ၊ မြောင်၊ ဘုတလင်၊ ဆားတောင်၊ မုံရွာမှ ဂျုံများ ၃တင်းတစ်အိတ် ၂၃၀၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ်၊ ရှမ်းဂျုံ ၂၁၀၀၀၀ကျပ်၊ ကြူကုတ်ဂျုံ၊ အထွက်တိုးဂျုံ ၂၁၀၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ဩစတေးလျမှာလည်း လုပ်ငန်းသမားအဝယ်များပြီး အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၃၇၀၀ကျပ်မှ ၃၈၅၀ကျပ်သို့ ဈေးမြင့်သွားသည်။ အစေ့ထုတ်ပြောင်း ဆောင်းလက်ကျန်နည်းခြင်း၊ မိုးပြောင်းစိုက်ပျိုးထားဆဲဖြစ်ခြင်း၊ လှောင်သမားများက မြဝတီနှင့်တိုက်ရိုက်ဆင်းဝယ်သူများကိုသာ ရောင်းချမှုများခြင်းကြောင့် ဈေးကွက် အတွင်း ပစ္စည်းရှားခြင်း၊ အစာစပ်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် ၃ တင်းတစ်အိတ် ၈၅၀၀၀ ကျပ်မှ ၉၁၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ခင်မေကြည်