ရန်ကုန်ဈေးကွက်

ဆန်
ယခုရက်သတ္တပတ်အတွင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန်ဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘို ပေါ်ဆန်းဆန်သစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၈၀၀၀ ကျပ်နှုန်းနှင့် အောက်စ တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန် အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၆၄၀၀၀ ကျပ်နှုန်း၊ အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်း ဖြင့်လည်းကောင်း၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်းအကြမ်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၅၈၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၅၇၅၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ငစိန်ဆန် အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၆၄၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ရွှေဘိုပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်းစသော ဆန်ချောအုပ်စုများမှာ ဆန်ဟောင်းလက်ကျန် နည်းခြင်း နှင့် ဆန်သစ်ထွက်ရှိမှုနည်းခြင်းတို့ကြောင့် ဈေးကွက်သို့ ကုန်အဝင်နည်းသော် လည်း ဝယ်လိုအားနည်းခြင်း၊ ရောနှောစားသုံးမှုများရှိခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ ပြည်တွင်းသုံးစွဲမှုများသော ကျန်ဆန်အမျိုးအစားများမှာလည်း စားသုံးသူများမှ လိုအပ်သလောက်သာ ဝယ်ယူမှုရှိသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့မှလည်း သင့်တင့်မျှတ သော ဈေးနှုန်းများဖြင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ဧည့်မထဆန်များကို ရောင်းချ ပေးလျက်ရှိခြင်းကြောင့် ဆန်ချော ဆန်ကြမ်းများအားလုံး ယခင်အပတ်ဈေးနှုန်းများဖြင့်သာဈေးငြိမ်အရောင်းအဝယ်အေးလျက်ရှိသည်။ ပြည်ပတင်ပို့မှုမှာလည်း ပုံမှန်တင်ပို့မှုရှိပြီး ဖိလစ်ပိုင်၊ တရုတ်၊ စပိန်၊ ပိုလန်၊ နယ်သာလန် စသော နိုင်ငံများသို့ တင်ပို့မှုရှိကြောင်းသိရသည်။ ပြင်ပ လက်လီ ဈေးကွက်များတွင်လည်း အရည်အသွေးပိုမိုကောင်းမွန်သော ဆန်များအား သတ်မှတ်ဈေးနှုန်းထက် ပိုမိုသော ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်းများအား ထိုင်းနှင့်အိန္ဒိယနိုင်ငံများသို့ အကောက်ခွန် လွတ်တင်သွင်းနိုင်သော ကာလဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ ပြောင်းဈေးပေးခြင်းနှင့် ပြောင်းဈေးဆွဲချ၍ ဈေးကစားမှုရှိခြင်းကြောင့်လည်းကောင်း၊ ပြည်ပဝယ်လက်များမှ အခြေအနေ စောင့်ကြည့်မှုများရှိခြင်းကြောင့်လည်း ကောင်း အရောင်းအဝယ်အေးကာ အစေ့ ထုတ်ပြောင်းဈေးနှုန်းများ ယခင်အပတ်ထက် ဈေးနိမ့်လာခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာ လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၉၅၀၄၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၉၄၅၀၀ ကျပ် သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ သွင်းအားစုများ ဈေးမြင့်ခဲ့ခြင်းနှင့် နယ်မြေအခြေအနေများကြောင့် စိုက်ဧကနှင့်အထွက်နှုန်းများ လျော့နည်းကာ ပြည်တွင်းလက်ကျန်လည်း နည်းလာချိန်ဖြစ်သည်။ ယခင်ရက် သတ္တပတ် ၂ ပတ်အတွင်း ဈေးမြင့်ခဲ့ခြင်းမှာလည်း ပြည်ပတင်ပို့ရန် လိုအပ်ချက်ကြောင့် ကုန်သည်များမှ ဈေးပေးအဝယ်ရှိလာသဖြင့် အနည်းငယ်ဈေးမြင့်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပဲမျိုးစုံ
အိန္ဒိယပြည်နယ်အချို့၌ မတ်ပဲလက်ကျန်နည်း လာခြင်းနှင့်မြန်မာပြည်တွင်း၌လည်းမတ်ပဲလက်ကျန်နားလာချိန်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံလက်ကျန်နည်းလာချိန်ဖြစ်ခြင်းနှင့် ပြည်တွင်ဝယ်လိုအား များလာချိန်ဖြစ်ခြင်းတို့ကြောင့်လည်းကောင်း မတ်ပဲ (သင်္ဘောတင်)နှင့် ပဲစင်းငုံ(သင်္ဘောတင်) ဈေးနှုန်းများ ယခင်အပတ်ထက် ဈေးမြင့်လာခဲ့သည်။ မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၂၉၉၅၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၀၀၀၀၀၀ ကျပ်သို့ရောက်ရှိဈေးမြင့်ခဲ့သည်။ ပဲစင်းငုံ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၂၇၇၀၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၇၈၀၀၀၀ ကျပ်သို့ ရောက်ရှိဈေးမြင့် ခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက်ရှိခဲ့ပြီး မတ်ပဲ (သင်္ဘောတင်)မှာ ကုန်သေတ္တာ(၈၅)လုံးခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲစင်းငုံ( သင်္ဘောတင်)မှာ ကုန်သေတ္တာ(၁၅) လုံးခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ပဲတီရွှေဝါမှာ တရုတ်နိုင်ငံအပါအဝင် ပြည်ပ ဝယ်လက်အချို့ဝယ်လိုအားရှိလာချိန်ဖြစ်ခြင်း၊ ပြည်တွင်းလက်ကျန် နည်းလာချိန်ဖြစ်ခြင်း၊ မိုးစိုက်ဒေသအချို့တွင် မျိုးအဖြစ်ဝယ်ယူချိန်ဖြစ်ခြင်းတို့ကြောင့် ယခင်အပတ်နည်းတူ ဈေးနှုန်း အမြင့်တွင် ဆက်လက်တည်ရှိခဲ့သည်။ ပဲတီရွှေဝါ ၃တင်း / ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၄၃၅၄၅၀ ကျပ်ဖြစ်သည်။ ကုလားပဲမှာ ကုန်အဝင် ပုံမှန်ရှိခြင်းနှင့် ဝယ်ယူစားသုံးမှု ပုံမှန်ရှိခြင်းကြောင့်လည်းကောင်း၊ ပဲလွမ်းဖြူ၊ ပဲပုတ်၊ဘိုကိတ်ပဲများမှာ ဈေးကွက်သို့ ကုန်အဝင် နည်းခြင်းနှင့် ပြည်တွင်းသုံးစွဲမှုသာရှိခြင်းကြောင့် လည်းကောင်း ယခင်အပတ်ဈေးနှုန်းများဖြင့် သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ကုလားပဲ တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၄၅၆၀ ကျပ်၊ ပဲလွမ်းဖြူမှာ ၃တင်း / ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၆၅၁၀၀ ကျပ်၊ ဘိုကိတ် ၃တင်း /၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၂၃၅၀၅၀ ကျပ်ဖြစ်သည်။ ထောပတ်ပဲ မှာ ဈေးကွက်သို့ ကုန်အဝင်နည်းသော်လည်း အရည်အသွေးနိမ့်လာခြင်း၊ ပြည်ပတင်ပို့မှုမရှိခြင်း တို့ကြောင့် ထောပတ်ပဲ ၃တင်း /၆၀ ပိဿာလျှင် ယခင် အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၉၄၆၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၈၉၂၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။
စားသုံးဆီ
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သော နိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက်မှ ၂၉ ရက်အထိ ကုန်ဆုံးသော ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၀၈၀ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဆီတစ်ပိဿာလျှင် ၃၀ ကျပ် ထပ်မံဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင် အချို့၌ ရည်ညွှန်းဈေးနှုန်းထက်များစွာ မကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီ တစ်ပိဿာ၏ ပြင်ပပေါက်ဈေးမှာ ၁၀၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။
အေးသန္တာဝင်း