မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

ဆန်

ရွှေဘိုပေါ်ဆန်းမှာ ရွှေဘိုဒေသတစ်ခုထဲမှ ဝင်ရောက်သော ဆန်ဖြစ်ခြင်း၊ အဝင်နည်းခြင်း၊ အဟောင်းလက်ကျန်မရှိတော့ခြင်း၊ မြို့တွင်းစားသုံမှု များခြင်းတို့ကြောင့် တစ်အိတ် ၁၂၅၀၀၀ကျပ်မှ ၁၃၀၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ရန်ကုန်ပေါ်ဆန်း မှာ အဝင်များလာခြင်း အသစ်အားမြို့တွင်းသုံးစွဲမှုနည်းသေးခြင်းကြောင့် တစ်အိတ် ၁၁၅၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ မနောသုခဆန်မှာ အသစ်ဝင်ရောက်သော်လည်း အဟောင်းလက်ကျန်နည်းသွားခြင်းကြောင့် တစ်အိတ် ၇၆၀၀၀ ကျပ်မှ ၇၈၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ဇီယာမျိုးနွယ်ဝင်ဆန်များမှာ ပြည်ပပို့ရန် အဝယ်နည်းခြင်း အဝင်ပုံမှန်ရှိသော်လည်း ပင်ရင်းဈေးနိမ့်ခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ကျပ်မှ ၈၅၀၀၀ကျပ်သို့ ဈေးနိမ့်သွား သည်။ ငစိန်ဆန်မှာ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိသော်လည်း အသစ်ဝင်ရောက်မှုရှိ၍ ပင်ရင်းဈေးမသိမသာ နိမ့်ခြင်းကြောင့် တစ်အိတ်ယခင်အပတ် ၇၆၀၀၀ကျပ်မှ ၇၄၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ဧရာမင်းဆန်မှာ အသစ်များသာဝင်ရောက်မှုများခြင်း အဟောင်းလက်ကျန်နည်းခြင်းကြောင့် အသစ်များတစ်အိတ် ၁၂၀၀၀၀ ကျပ်မှ ၁၁၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး အဟောင်းတစ်အိတ် ၁၃၅၀၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။

ဆီထွက်သီးနှံ

မြေပဲ(လုံးဆန်) ဈေးနှုန်းမှာ အဝင်ပုံမှန်ရှိခြင်း၊ လုပ်ငန်းသမားအဝယ်နည်း၍ အရောင်းအဝယ်အေးခြင်းကြောင့် လုံးဆန်(သစ်) ၁၀၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၈၇၀၀၀၀ကျပ်၊ မြင်းမူလုံးဆံ ၉၅၀၀၀၀ကျပ် အညာဆံ ၈၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မြေပဲ(ဆီဆန်)မှာ ဆီစက်သမားအဝယ်ပုံမှန် အဝင်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ ပိဿာ ၈၂၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းမျိုးစုံတို့အနက် နှမ်းဖြူနှင့် နှမ်းညိုမှာ ယခုအပတ်ဝယ်လိုအားရှိသော်လည်း ရောင်းလိုအားနည်း ခြင်းကြောင့် ယခင်အပတ်ဈေးနှုန်းအတိုင်း နှမ်းဖြူ ၄၅ ပိဿာ ၃၂၀၀၀၀ကျပ်၊ နှမ်းညို ၃၀၀၀၀၀ ကျပ်ဖြင့် ဈေးသာရှိသည်။ နှမ်းနက်မှာ လုပ်ငန်းသမား ရန်ကုန်သမား အဝယ်ရှိသော်လည်း အရောင်းအဝယ်ဖြစ်မှု နည်းခြင်းကြောင့် ၄၅ ပိဿာ ၅၇၅၀၀၀ ကျပ်မှ ၅၄၅၀၀၀ကျပ်သို့ ဈေးနိမ့်သွား သည်။ ပန်းနှမ်းဈေးနှုန်းမှာ အဝင်နည်းခြင်း ဘယဆေးသမားနှင့် ရောဆီအတွက် ဆီစက်သမား အဝယ်ရှိခြင်း ကြောင့် ၄၅ ပိဿာလျှင် ယခင်အပတ် ၂၄၅၀၀၀ကျပ်မှ ၂၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နေကြာဈေးနှုန်းအနေဖြင့် အဝင်နည်းသွားခြင်း ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၂၇ ပိဿာ ၁၆၅၀၀၀ ကျပ်မှ ၁၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

စာဖိုဆောင်သီးနှံ

ငရုတ်ခြောက်(ရှည်)များ ဧရာဝတီတိုင်းမှ အသစ်များဝင်ရောက်ခြင်း အရည်အသွေးကောင်းခြင်းကြောင့် တစ်ပိဿာ ၁၃၀၀၀ကျပ်ထိ ဈေးမြင့်သွားပြီး ငရုတ်ခြောက်(လတ်)မှာ လည်း လက်ကျန်အဟောင်းများ မဝင်တော့ဘဲ စစ်ကိုင်းဘက်မှ ဝင်ရောက်ပြီး အရည်အသွေကောင်းများဖြစ်၍ တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ငရုတ်ခြောက်(ပွ)မှာ ဆင်ဖြူကျွန်း(ပွ)များ အဝင်နည်း ပစ္စည်းရှားသွားပြီး အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ ကျပ် ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေပြီး ဧရာဝတီတိုင်းမှ ဝင်ရောက်သော အပွများမှာ ဝင်ရောက်စကာလဖြစ်၍  တစ်ပိဿာ ၁၈၀၀၀ မှ ၂၀၀၀၀ကျပ်ဖြင့် မြို့တွင်းသုံးနှင့်အနီးဝန်းကျင် မြို့များသို့ အမှာရှိပါက တင်ပို့မှုရှိသည်။ ကြက်သွန်နီဈေးနှုန်းမှာ မြစ်သားကြက်သွန်များအဝင်များပြီး လမ်းပန်းဆက်သွယ်ရေးကြောင့် အင်းတော်၊ ဖားကန့်၊ ထီးချိုင့်၊ နမ့်မားသို့ တင်ပို့ရမှုနည်းခြင်း၊ မုံရွာကြက်သွန်များလည်း ဝင်ရောက်ခြင်းကြောင့် ကြီးတစ်ပိဿာ ၂၅၀၀ကျပ်၊ လတ်တစ်ပိဿာ ၂၃၀၀ ကျပ် သေးတစ်ပိဿာ ၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်ပိသာ ၁၃၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ကြက်သွန်ဖြူ(မြန်မာ)မှာ အဝင်းများလာခြင်း မြို့တွင်းသုံးမျှသာရှိခြင်းကြောင့် တစ်ပိဿာ အရည်အသွေးအနိမ့်ဆုံး ၆၀၀၀ကျပ်မှ ၅၀၀၀ကျပ် အကောင်းဆုံး ၉၀၀၀ကျပ်မှ ၈၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ကြက်သွန်ဖြူ (ရှမ်း)များလည်း စတင်ဝင်ရောက်မှုရှိပြီး အရည်အသွေးညံ့သောကြောင့် အကောင်းဆုံးတစ်ပိဿာ ၆၀၀၀ကျပ် အညံ့ဆုံးတစ်ပိဿာ ၂၅၀၀ကျပ်ဖြင့် မြို့တွင်းသုံးစွဲရန် ဝယ်ယူမှုရှိသည်။ ပြင်ဦးလွင်နှင့် အောင်ပန်းမှ အာလူးများဝင်ရောက်မှုရှိပြီး မြို့တွင်းသုံးစွဲမှုသာရှိခြင်းကြောင့် တစ်ပိဿာလျှင် ပြင်ဦးလွင်အာလူး ၄၀၀၀ကျပ်၊ အောင်ပန်းအာလူး ၄၅၀၀ကျပ်ဈေးရှိသည်။

ပဲမျိုးစုံ

မတ်ပဲ အဝင်ပုံမှန်ရှိခြင်း၊ ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိသော်လည်း ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၂၈၃၀၀၀ကျပ် မှ ၂၈၂၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ ပဲတီစိမ်း(အညာ)မှာ အရည် အသွေးပေါ်မူတည်၍ ဈေးကွာ ခြားပြီး အရည်အသွေးကောင်းများအား ရန်ကုန်ဝယ်လက်ရှိပြီး ၃တင်းတစ်အိတ် ၃၀၀၀၀၀ကျပ်၊ ပဲခွဲစက်များ အရည် အသွေးညံ့ ၃တင်းတစ်အိတ် ၂၆၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။ ပဲစဉ်းငုံ (ဖြူ/နီ)  တို့မှာ အသစ်များဝင်ရောက်ခြင်း၊ ရန်ကုန်သမားအဝယ်နည်းခြင်း၊ ပဲခွဲစက်များ အဝယ် ပုံမှန်ရှိခြင်းကြောင့် ပဲစဉ်းငုံ(ဖြူ) ၃တင်းတစ်အိတ် ၂၇၅၀၀၀ကျပ်၊ ပဲစဉ်းငုံ(နီ) မှ ၂၇၈၀၀၀ကျပ်ဖြင့် ဈေး တည်ငြိမ်နေသည်။ ကုလားပဲ(လုံးဖြူကြီး)မှာ အသစ်အဝင်ရှိခြင်းကြောင့် လုပ်ငန်းသမား၊ ပဲကြော်/လှော်သမား အဝယ်ရှိသော်လည်း ၃တင်းတစ်အိတ် ၂၃၃၀၀၀ကျပ်မှ ၂၃၁၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားပြီး ကုလားပဲ(လုံးဝါကြီး)မှာ အသစ်အဝင်ပုံမှန်၊ ပဲခွဲစက်များ အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ် အိတ် အရည်အသွေးပေါ်မူတည်၍ ၂၀၈၀၀၀ကျပ်မှ ၂၀၂၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ခွဲစက်များ ဝယ်ယူ မှုပုံမှန်ရှိသည်။ ပဲယင်းမှာ ပဲခွဲစက်များ အဝယ်ပုံမှန်ရှိခြင်း အဝင်နည်း ခြင်းကြောင့် ယခင်အပတ်အရည်အသွေး အကောင်းဆုံး ၃တင်းတစ်အိတ် ၁၉၅၀၀၀ကျပ်မှ ၂၀၀၀၀၀ကျပ်ထိ ဈေးမြင့်သွားသည်။ မြေထောက်ပဲမှာလည်း အဝင်ပုံမှန်၊ လုပ်ငန်းသမားအဝယ် ပုံမှန်ရှိခြင်းကြောင့် အရည် အသွေးကွာခြားမှုအပေါ်မူတည်၍ ၃တင်းတစ်အိတ် ၂၆၀၀၀၀ကျပ်မှ ၂၉၀၀၀၀ကျပ် ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။ စားတော်ပဲ (ကျွန်း)မှာ အသစ်ဝင်ရောက်သော်လည်း စားတော်ပဲ (ကနေဒါ) ဈေးမြင့်ခြင်း၊ အရည်အသွေးကွာခြားမှုပေါ်မူတည်၍ ဈေးကွာခြားခြင်း၊ လက်လီသမားအဝယ်များခြင်းတို့ကြောင့် အနိမ့်ဆုံး ၃၃၅၀၀၀ ကျပ်မှ အကောင်းဆုံး ၃၇၅၀၀၀ ထိ ဈေးမသိမသာမြင့်သွားသည်။ ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ (ကြီး/သေး)တို့မှာ အသစ်များဝင်ရောက်မှုရှိခြင်း၊ လှောင်သမားအဝယ် ပုံမှန်ရှိခြင်းကြောင့် ပဲကြီး(ကြီး)နှင့် ထောပတ်ပဲ(ကြီး)တို့မှာ ပဲကြီး(ကြီး) ၂၇၀၀၀၀ ကျပ်၊ ထောပတ်ပဲ(ကြီး) ၃၂၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲကြီး(သေး) မှာ လက်လီသမား အရောင်းအဝယ်အေး၍ ၃တင်း တစ် အိတ်၂၂၀၀၀၀ကျပ်မှ ၂၁၀၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး ထောပတ်ပဲ(သေး)မှာ လက်လီသမားအဝယ် များခြင်း ကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၂၄၅၀၀၀ကျပ် မှ ၂၆၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

ဟင်းသီး/ ရွက်နှင့် သစ်သီးဝလံ

ခရမ်းချဉ်(တရုတ်(တိုင်ပေ)) အဝင်များခြင်းကြောင့် တစ်ပိဿာ ၆၀၀ ကျပ်ထိ ဈေးနိမ့်သွာသည်။ မုံရွာ၊ ချောင်းဦးဘက်မှ ငရုတ်စို(ရှည်နှင့်လတ်)များ အဝင်များခြင်း၊ နယ်ဝေးတင်ပို့ရမှုမရှိဘဲ မြို့တွင်းလုပ်ငန်းသုံးသာရှိခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၂၅၀၀ကျပ်၊ လတ် ၃၅၀၀ကျပ်သို့ ဈေးနိမ့်နေသည်။ မန္တလေးဝန်းကျင် မြေပြန့်ဒေသနှင့် ပြင်ဦးလွင်တို့မှ ပန်းမုံလာ၊ ဂေါ်ဖီများ အဝင်များခြင်းကြောင့် ပန်းမုံလာတစ်ပွင့် ၁၀၀၀ကျပ်၊ ဂေါ်ဖီတစ် ထုပ် ၈၀၀ကျပ်၊ ဘိုစားပဲသီး တစ်ပိဿာ ၃၀၀၀ကျပ်၊ ဂေါ်ရခါးသီး ၁၀လုံး ၃၀၀၀ကျပ်၊ ပြောင်းဖူး ၁၀၀ဖူး ၄၀၀၀၀ကျပ်တို့ဖြင့် မြို့တွင်းသုံးနှင့် စားသောက်ဆိုင်များဝယ်ယူမှု ပုံမှန်ရှိသည်။ ကျောက်ဆည် ချောင်းဦးဘက်မှ သခွားမွှေးတစ်လုံး ၄၀၀၀ကျပ်၊ ရွှေသခွား အရည်အသွေးပေါ်မူတည်၍ တစ်လုံး ၁၀၀၀ကျပ်မှ ၃၅၀၀ကျပ်၊ တံတားဦးဘက်မှ သင်္ဘောသီး၁လုံး ၃၅၀၀ကျပ်၊ ၂လုံးထုပ် ၂၇၀၀ကျပ်၊ ရမည်းသင်းစပျစ်တစ်ပိဿာ ၁၀၀၀၀ကျပ်၊ အော်ဂင်လိမ္မော်သီး ၁၀ပိဿာ တစ်ခြင်း ၁၁၀၀၀၀ကျပ်၊ ပန်းသီးအရည် အသွေးပေါ်မူတည်၍ ၁၀၀လုံး ပါကင်ဖာ ၁၂၀၀၀၀ကျပ်၊ ၇၀လုံးပါ ၁၀၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။ သစ်သီးမျိုးစုံကို ရွှေကူ၊ မြဝတီ၊ ရွှေဘို၊ လားရှိုး၊ မုံရွာ၊ မူဆယ်စသော အမှာရှိသောမြို့များသို့ တင်ပို့မှုရှိသည်။

ဂျုံနှင့်အစေ့ထုတ်ပြောင်း

ငါန်ဇွန်၊ မြင်းမူ၊ မြောင်၊ ဆားတောင်၊ ဘုတလင်၊ မုံရွာဒေသတို့မှ ဂျုံများ အသစ်ထွက်ရှိသော်လည်း အဝင်နည်းခြင်း၊ ဂျုံစက်များ အဝယ်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၂၀၀၀၀၀ကျပ်မှ ၂၁၀၀၀၀ ကျပ်၊ ရှမ်းဂျုံ ၁၈၃၀၀၀ကျပ်၊ ကလေးဂျုံ ၃တင်းတစ်အိတ် ၁၆၀၀၀၀ကျပ်၊ အထွက်တိုးဂျုံ(သစ်) ၁၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။  နိုင်ငံခြားဂျုံဖြစ်သော ဩစတေးလျဂျုံမှုန့် တစ်ပိဿာ ၃၇၀၀ကျပ်ဖြင့် လက်လီသမား များ အဝယ်ပုံမှန်ရှိနေသည်။ အစေ့ထုတ် ပြောင်းဈေးနှုန်းမှာ အသစ်များဝင်ရောက်မှုရှိသော်လည်း အဝင်နည်း ခြင်း၊ အစာစပ်သမားများ အဝယ်ပုံမှန် ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၈၄၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။                                                           

ခင်မေကြည်