ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

ဆန်

ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းအဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း အသစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း ဆန်ဟောင်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်နှုန်း၊ ပေါ်ကျွဲဆန်ဟောင်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၈၁၀၀၀ ကျပ် နှင့် အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထဆန်ကြမ်း ၂၅ ရာခိုင်နှုန်း နှင့် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၆၄၅၀၀ ကျပ်နှုန်းနှင့်အောက်စတစ်အိတ်လျှင် ၆၄၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငစိန်ဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၆၀၀၀ ကျပ်နှုန်း နှင့်အောက်စတစ်အိတ်လျှင် ၆၅၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း အသီးသီးရောင်းဝယ်လျက်ရှိ ကြောင်းသိရသည်။ ပြည်တွင်းစားသုံးမှုများသော ဆန်ချော၊ ဆန်လတ်များမှာ ကုန်အဝင်ပုံမှန် ရှိခြင်း၊ စားသုံးသူများမှ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။   အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်း နိုင်ငံများ၏ ပြည်ပပို့ဆန်းဈေးနှုန်းများ ကျဆင်းနေခြင်း၊ ပြည်တွင်းလက်ကျန်များနေခြင်း၊ ဆန်သစ်အဝင်လှိုင်ချိန်ဖြစ်ခြင်း၊ ရောင်းလိုအားများခြင်း၊ ပြည်ပဝယ်လက်များမှစောင့်ကြည့်မှုများရှိကာ ဝယ်လိုအားနှေးခြင်းစသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံ ပြည်ပတင်ပို့သော ဆန်ကြမ်းဈေးနှုန်းများလည်း ဈေးနိမ့်ကာ အရောင်းအဝယ်အေးလျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ပြီး စားသုံးသူများမှလည်း ပုံမှန်ဝယ်ယူမှုသာရှိခဲ့ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ပြောင်းထုတ်လုပ်မှုများ ကျဆင်းမည်ဟု ခန့်မှန်းထားခြင်းကြောင့် လည်းကောင်း၊ ထိုင်းနိုင်ငံသို့ အကောက်အခွန်လွတ် တင်ပို့ချိန်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်နှင့် ထိုင်းနိုင်ငံ များသို့ ပင်လယ်ရေကြောင်းမှတင်ပို့မှုရှိခြင်းတို့ကြောင့် လည်းကောင်း၊ ပြောင်းတင်ပို့သူများက ဝယ်လိုအားကောင်းကာ အစေ့ထုတ်ပြောင်းဈေးနှုန်းများ ယခင်ရက်သတ္တပတ်နည်းတူ ဈေးနှုန်းအမြင့်တွင် တည်ငြိမ်နေခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်းမှာ ၉၁၂၆၀ ကျပ်ဖြစ်သည်။ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ အစေ့ထုတ်ပြောင်းများ ဈေးကွက်သို့ ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

စားဖိုဆောင်သီးနှံ

ငရုတ်ခြောက်(ရှည်)မှာ ပန်းရဲ၊ မြားနီ၊ ပန်းတနော်(ငရုတ်ခြောက်ရှည်)အဟောင်း အသစ်နှင့် အအေးခန်းလှောင်စများ ဈေးကွက်သို့ ကုန်အဝင်လှိုင်ခြင်း၊ ရာသီပူလာခြင်းကြောင့် စားသုံးသူများမှ ဝယ်ယူစားသုံးမှုနည်းခြင်းကြောင့်လည်းကောင်း၊ ငရုတ်ခြောက်(လတ်)မှာ မြစ်ဝ (မိုးထောင်)တစ်မျိုးတည်းသာ ဈေးကွက်သို့ ကုန်အဝင်ရှိသော်လည်း ကုန်အဝင်ပိုလာခြင်းနှင့် ဝယ်ယူစားသုံးမှုနည်းခြင်းကြောင့်လည်းကောင်း၊ ငရုတ်ခြောက်(ပွ)မှာ       ဆင်ဖြူကျွန်း(ပု) အသစ်တစ်မျိုးတည်းသာ ကုန်အဝင်ရှိသော်လည်း ကုန်အဝင်ပိုလာခြင်းနှင့် ဝယ်ယူစားသုံးမှုနည်းခြင်း ကြောင့်လည်းကောင်း၊ ယခင်အပတ်ထက် အသီးသီးဈေးနိမ့်ခဲ့ကြသည်။ ငရုတ်ခြောက်(ရှည်၊ လတ်၊ပွ)တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၆၅၀၀-၁၂၇၅၀ -၁၄၅၀၀ ကျပ်နှုန်း ဖြစ်ပြီး ယခုအပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၆၀၀၀-၉၅၀၀-၁၂၂၅၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ကြက်သွန်နီ(ထူး၊လတ်၊သေး)မှာ ဈေးကွက်သို့ ကုန်အဝင်လှိုင်ချိန်ဖြစ်ခြင်း၊ မိုးကြက်သွန်များဖြစ် ၍ စားသုံးသူများမှ လိုသလောက်သာ ဝယ်ယူမှုရှိခြင်းတို့ကြောင့် ယခင်အပတ်ထက် သိသာစွာ ဈေးနိမ့်ခဲ့ကြသည်။ ကြက်သွန်နီ(ထူး၊ လတ်၊ သေး)တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်း မှာ ၃၄၅၀-၃၃၅၀ -၂၆၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၀၂၅-၂၉၀၀-၂၁၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ရန်ကုန်ဈေးကွက်သို့ မြင်းခြံ၊ မြစ်သာ၊ ဆိပ်ဖြူ၊ မုံရွာ၊ တောင်တွင်း၊ မင်းလှ၊ မင်းဘူး၊ စလေ၊ ရေနံချောင်းဒေသများမှ ကုန်ဝင်ရောက်မှုများခဲ့ကြောင်း သိရသည်။ ကြက်သွန်ဖြူ (ရှမ်း)မှာ အဟောင်းလက်ကျန်များဈေးကွက်သို့ ကုန်အဝင်ရှိခြင်း၊ အသစ်ပေါ်ချိန်နီး၍ ရောင်းလိုအားများခြင်း၊စားသုံးသူများမှ လိုအပ်သလောက်သာဝယ်ယူမှု ရှိခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာဈေးငြိမ်အရောင်းအဝယ် အေးခဲ့သည်။ကြက်သွန်ဖြူ(ကြူကုတ်) မှာ ရှမ်းကြက်သွန်ဖြူများ ကုန်အဝင်များချိန်ဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးကာ ဈေးနိမ့် လာခဲ့သည်။ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၁၀၅၀၀ကျပ် ဖြင့် ဈေးနှုန်း တည်ငြိမ်လျက်ရှိသည်။ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်း မှာ ၁၄၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၂၀၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ တရုတ်အာလူးများသာ ဈေးကွက်သို့ ကုန်အဝင်ရှိခြင်း၊ ကုန် အဝင်လှိုင် ခြင်း၊ အရောင်းအဝယ်အေးခြင်း၊ ရောင်းလိုအားများခြင်းတို့ကြောင့် ယခင်အပတ် ထက် ဆက်လက်ဈေးနိမ့်လာခဲ့သည်။ တရုတ်အာလူးတစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၃၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၀၀၀ ကျပ်ဖြစ်သည်။ တရုတ်အာလူး များ အရည် အသွေးအနိမ့်စများခြင်းနှင့် ကုန်အဝင်လှိုင်ခြင်းကြောင့် ယခင်လလယ်ခန့်မှစကာ အာလူး ဈေးနှုန်းများ တဖြည်းဖြည်းဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။

စားသုံးဆီ

စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၂ ရက်အထိ ကုန်ဆုံးသော ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၉၀၉ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၇၆ ကျပ် ဈေးနိမ့်လာခဲ့ခြင်း ဖြစ်သည်။ စားအုန်းဆီ အမြောက်အမြားထုတ်လုတ်လုပ်သော အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများတွင်မိုးရွာသွန်းမှုများနှင့်ရေကြီးမှုများရှိခဲ့ခြင်းကြောင့်စားအုန်းဆီ အထွက်နှုန်းကျဆင်း ခဲ့ခြင်း၊ ဇီဝလောင်စာဆီအဖြစ် တိုးမြှင့်အသုံးပြုမှုများရှိခဲ့ခြင်း၊ ဆီကြမ်းပို့ကုန် အခွန်နှုန်းထားများမြင့်လာခြင်း စသည့် အခြေအနေများကြောင့် စားအုန်းဆီ တင်သွင်းဈေးနှုန်းများ ဈေးမြင့် လာခဲ့သည်။ ထို့သို့ ဈေးမြင့်လာခြင်းကြောင့် ဟင်းသီးဟင်းရွက်ဆီ အများဆုံးတင်သွင်းသော အိန္ဒိယနိုင်ငံသည် ပိုမိုဈေးသက်သာသော နေကြာဆီနှင့် ပဲပုပ်ဆီများကို ပြောင်းလဲတင်သွင်း မှုများလာခဲ့ပြီး မလေးရှားနိုင်ငံ၏ စားအုန်းဆီကြမ်းဈေးနှုန်းများကို ကျဆင်းစေခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ပြင်ပရှိလက်လီ ဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းများစွာ မကွာသောဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းရောင်းချပေးလျက်ရှိသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီ 
တစ်ပိဿာ၏ ပြင်ပပေါက်ဈေးနှုန်းမှာ ၁၂၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။

အေးသန္တာဝင်း