မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

ဆန်

ဆန်အသစ်ဝင်ရောက်မှုရှိခြင်း၊မြို့တွင်းစားသုံးမှုသာရှိခြင်း၊ မန္တလေးဝန်းကျင်မှ မှာယူမှုနည်းခြင်း၊ တင်ပို့နေကျဒေသများသို့ လမ်းပမ်းဆက်သွယ်ရေးအရ တင်ပို့နိုင်မှုနည်းခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၃၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ် အိတ် ၁၃၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

မနောသုခဆန်မှာ မန္တလေးဝန်းကျင်မှ အသစ်များအဝင်ရှိခြင်း၊ လူလတ်တန်းစားအများသုံးဆန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ငစိန်ဆန်မှာ အသစ်များဝင်ရောက်မှုများခြင်း၊ လုပ်ငန်းသမား၊ မုန့်လုပ်ငန်းရှင်များ ဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် တစ်အိတ်၈၀၀၀၀ကျပ်မှ ယခုအပတ် ၇၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး ဇီယာဆန်မှာ အဝင်ပုံမှန်၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၈၇၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။ ဧရာမင်းဆန်မှာ အသစ်အဝင်နည်းသွားခြင်း၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ယခင်အပတ် ၁၂၅၀၀၀ကျပ်မှ ယခုအပတ် ၁၃၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

ဆီထွက်သီးနှံ

မြေပဲ (လုံးဆန်)ဈေးနှုန်းမှာ အရည်အသွေးကွာခြားမှုပေါ် မူတည်၍ လုံးဆန်အဟောင်း ၁၀၀ ပိဿာ ၈၄၀၀၀၀ကျပ်၊ မြင်းမူလုံးဆန်(သစ်) ၉၈၀၀၀၀ကျပ်၊ လုံးဆန်(အညာ)၈၄၀၀၀၀ကျပ်ဖြင့် လုပ်ငန်းသမားများ ဝယ်ယူမှုပုံမှန်ရှိနေသည်။ မြေပဲ(ဆီဆန်)မှာ အသစ်များဝင်ရောက်မှုရှိပြီး ဆီစက်သမားအဝယ် ပုံမှန်ရှိခြင်းကြောင့် ၁၀၀ ပိဿာလျှင် အရည်အသွေးကွာခြားမှုအရ ၈၂၀၀၀၀ကျပ်မှ ၈၄၀၀၀၀ ကျပ် ဖြင့် ရောင်းဝယ်နေသည်။

နှမ်းမျိုးစုံတို့အနက် နှမ်း(ဖြူ)မှာ ဆောင်းနှမ်းအဝင်ပုံမှန်ရှိသော် လည်း လုပ်ငန်းသမားနှင့် နယ်ဝေးသမားဝယ်ယူမှုနည်းခြင်းကြောင့် အရည်အသွေး ကွာခြားမှုပေါ်မူတည်၍ အနိမ့်ဆုံး ၄၅ ပိဿာ ၃၃၅၀၀၀ကျပ်မှ အကောင်းဆုံး ၃၄၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းညိုမှာ အဝင်ပုံမှန်၊ ဆီစက်သမားဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၃၁၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး နှမ်းနက်(စမုံ)မှာ ၇၀၀၀၀၀ကျပ်၊ နှမ်းဝါ ၃၁၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပန်းနှမ်းဈေးနှုန်းအနေဖြင့် အသစ်မဝင်သေးခြင်း, လှောင်သမားထုတ်ရောင်းမှုရှိခြင်း ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၄၅ ပိဿာ ၂၃၅၀၀၀ ကျပ် ဈေးရှိပြီး နေကြာဈေးနှုန်းမှာ ဆောင်းနေကြာ ဝင်ရောက်မှုရှိခြင်း၊ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် ၂၇ ပိဿာ ၁၈၀၀၀၀ကျပ်မှ ၁၆၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
 

စားဖိုဆောင်သီးနှံ

ငရုတ်ခြောက်(ရှည်)မှာ သာစည်၊ ပျော်ဘွယ်ဘက်တွင် ရာသီကုန်ဖြစ်၍ အဝင်မရှိတော့ဘဲ့ ဧရာဝတီတိုင်းမှ ဝင်ရောက်မှုရှိပြီး တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး၊ ငရုတ်ခြောက်(လတ်)မှာ ရှမ်းစကများ အဝင်နည်းသွားခြင်း၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ၁၂၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ငရုတ်ခြောက်(ပွ)မှာ ဆင်ဖြူကျွန်းမှ ဝင်ရောက်သော အပွသီး(အသစ်)များ ဖြစ်၍ အဝင်များလာခြင်း ကြောင့် တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

ကြက်သွန်နီမှာ နယ်စုံကြက်သွန်များ ရာသီကုန်အဝင်မရှိတော့ဘဲ မြစ်သားကြက်သွန် တစ်မျိုးတည်းသာတွေ့ရပြီး ကြီးတစ်ပိဿာ ၃၅၀၀ကျပ်၊ လတ်တစ်ပိဿာ ၃၂၀၀ကျပ်၊ သေးတစ် ပိဿာ၂၈၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ကြက်သွန်ဖြူ(တရုတ်)အနေဖြင့် လမ်းပန်းဆက်သွယ်ရေးကြောင့် အဝင်နည်းခြင်းကြောင့် လက်ကျန်များသာ ရောင်းဝယ်မှုရှိပြီး တစ်ပိဿာ ၁၅၀၀၀ မှ ၁၆၀၀၀ထိ အရည်အသွေးပေါ်မူတည်၍ ရောင်းချမှုရှိသည်။ ကြက်သွန်ဖြူ(ရှမ်း) ရာသီကုန်ပစ္စည်းရှားသွားပြီး ရွှေဘို၊ ရွှေပန်းကုံးရွာလက်မှ ကြက်သွန်ဖြူ(မြန်မာ)များ ဝင်ရောက်မှုရှိပြီး အရည်အသွေးကောင်းလာခြင်း၊ အဝင်နည်းသေးခြင်းကြောင့် အညံ့ဆုံး တစ်ပိဿာ ၄၀၀၀ကျပ်မှ ၆၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး အကောင်းဆုံး ၁၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

တရုတ်အာလူးအဝင်မရှိသလောက်နည်းပြီး အောင်ပန်းအာလူးများ အဝင်များခြင်း၊ နယ်ဝေး တင်ပို့ရမှုနည်းခြင်း၊ အာလူးကြော်သမားအဝယ်နည်းခြင်းကြောင့် တစ်ပိဿာ၅၀၀၀ကျပ်မှ ၄၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ ချင်းဈေးနှုန်းမှာ အောင်ပန်းချင်းများ လှိုင်လှိုင်ဝင်ရောက်ခြင်း၊ နယ်ဝေးတင်ပို့ရမှုနည်းခြင်း၊ ချင်းထိုးသမားအဝယ်နည်းခြင်းကြောင့် တစ်ပိဿာ၃၀၀၀ကျပ်မှ ၂၈၀၀ကျပ်သို့ ဈေးမသိမသာနိမ့် သွားသည်။

ပဲမျိုးစုံ

မတ်ပဲမှာ ရန်ကုန်ဝယ်လက်၊ လှောင်သမား၊ ပဲခွဲစက်များအဝယ်ရှိခြင်းကြောင့် အသစ်ဝင်ရောက်မှုရှိသော်လည်း ကျောက်ရစ်ပဲ(၃တင်းတစ်အိတ်) အရည်အသွေးအကောင်းဆုံး၂၇၇၀၀၀ကျပ်၊ မတ္တရာနှင့် အညာပဲ ၂၇၀၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲတီစိမ်း(အညာ)မှာ တရုတ်ဝယ်လက်နည်းပြီး လုပ်ငန်းသမားနှင့် လှောင်သမား၊ ပဲခွဲစက် အဝယ်နည်းခြင်း၊ စိုက်ပျိုးရာဒေသများမှ ဆောင်းပဲများ ဝင်ရောက်ခြင်းကြောင့် အရည်အသွေး အကောင်းဆုံး ၃တင်းတစ်အိတ်၂၈၅၀၀၀ကျပ်မှ ၂၈၀၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

ပဲစဉ်းငုံ(နီ)မှာ အသစ်ဝင်ရောက်မှုရှိပြီး ရန်ကုန်သမားအဝယ်နည်းခြင်း၊ လုပ်ငန်းသမားနှင့် ခွဲစက်များအဝယ်နည်းခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၇၄၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲပုတ်(ရှမ်း/မြန်မာ) တို့မှာ အသစ်များ ဝင်ရောက်သော်လည်း လုပ်ငန်းသမားနှင့် ဆီစက် သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲပုတ်(မြန်မာ) ၃တင်းတစ်အိတ်၃၀၀၀၀၀ကျပ်မှ ၂၉၅၀၀၀ကျပ်သို့လည်းကောင်း၊ ပဲပုတ် (ရှမ်း) ၃၄၀၀၀၀ကျပ်မှ ၃၃၀၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

ကုလားပဲဈေးနှုန်းများအနေဖြင့် ဆောင်းပဲအသစ်များဝင်ရောက်မှုရှိခြင်း လုပ်ငန်းသမားနှင့် ပဲခွဲစက်များဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ကုလားပဲ (လုံးဖြူကြီး) ၃တင်းတစ်အိတ် ၂၃၀၀၀၀ကျပ်၊ ကုလားပဲ(ထိုင်ဝမ်) ၂၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ကုလားပဲ(ခွဲခြမ်း)မှာ လက်ကျန်များခြင်း၊ ပဲစိုများပေါ်ချိန်ဖြစ်ခြင်း၊ အလှူပွဲများမှ ဝယ်ယူမှုနည်းခြင်းကြောင့် တစ်ပိဿာ ၆၃၀၀ကျပ်မှ ၆၀၀၀ ကျပ်သို့ ဈေးနိမ့်နေသည်။

ပဲယင်း၊ မြေတောက်ပဲတို့မှာ အသစ်ဝင်ရောက်မှုရှိခြင်း လုပ်ငန်းသမားဝယ်ယူမှုပုံမှန်သာရှိခြင်းကြောင့် ပဲယင်း ၃တင်းတစ်အိတ် ၁၉၀၀၀၀ ကျပ် မြေတောက်ပဲတစ်အိတ် ၂၈၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး စားတော်ပဲ (ကျွန်း)မှာ စိုက်ဧကနည်း အဝင်နည်းခြင်း လက်လီသမားအဝယ်ပုံမှန်ရှိခြင်း ကြောင့် ၃တင်းတစ်အိတ်၃၃၀၀၀၀ကျပ်မှ ၃၆၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲကြီး(ကြီး/သေး) ထောပတ်ပဲ(ကြီး/သေး)တို့အနက် ပဲကြီး(ကြီး/သေး)နှင့် ထောပတ်ပဲ(သေး) မှာ ဆောင်းပဲများဝင်ရောက်မှုရှိခြင်း၊ လက်လီသမားနှင့် လှောင်သမားများ အဝယ်ရှိခြင်းကြောင့် ပဲကြီး (ကြီး)၃တင်းတစ်အိတ် ၂၉၀၀၀၀ကျပ်မှ ၂၈၀၀၀၀ကျပ် ပဲကြီး(သေး) ၂၄၀၀၀၀ကျပ်မှ ၂၂၀၀၀၀ ကျပ်၊ ထောပတ်ပဲ(သေး) ၂၄၀၀၀၀ကျပ်မှ ၂၂၀၀၀၀ကျပ်သို့ ဈေးအသီးသီးနိမ့်သွားသည်။

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ

ခရမ်းချဉ်သီး(ရှမ်း/တောင်) ရာသီကုန်အဝင်မရှိတော့ဘဲ မုံရွာ၊ ညောင်ပင်ဝန်းဘက်မှ ထိုင်ဝမ်တစ်ပိဿာ ၁၀၀၀မှ ၁၅၀၀ကျပ်၊  မတ္တရာ၊      မိတ္ထီလာမှ မြန်မာသီး တစ်ပိဿာ ၁၅၀၀ကျပ်ဖြင့် နယ်ဝေးတင်ပို့ရမှုမရှိဘဲ မြို့တွင်းသုံးသာရှိနေသည်။ ငရုတ်စို (ရှည်နှင့် လတ်)မှာ မုံရွာ၊ ချောင်းဦးမှ အဝင်များလာခြင်း နယ်ဝေးတင်ပို့ရမှုမရှိခြင်း၊ ငပိထောင်း၊ လက်ဖက် သမားနှင့် မြို့တွင်းသုံးသာရှိခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၂၈၀၀ကျပ်၊ ငရုတ်စို (လတ်) ၄၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ဟင်းသီးဟင်းရွက်များအနေဖြင့် အောင်ပန်းနှင့် မန္တလေးဝန်းကျင်မှ အဝင်များလာခြင်း ကြောင့် ပန်းမုံလာတစ်ပွင့် ၁၀၀၀ကျပ် ဂေါ်ဖီတစ်ထုတ် ၁၂၀၀ကျပ်၊ ဘိုစားပဲသီး တစ်ပိဿာ ၃၀၀၀ကျပ်၊ ပြင်ဦးလွင်မှ မုံလာဥနီတစ်ပိဿာ ၃၀၀၀ကျပ်ဖြင့် စားသောက်ဆိုင်နှင့် မြို့တွင်း စားသုံးမှုပုံမှန်ရှိနေ သည်။ သစ်သီးဝလံဈေးနှုန်းအနေဖြင့် ချောင်းဦး၊ ငါန်းဇွန်၊ မင်းကွန်းမှ ဖရဲသီးအဝင်ရှိပြီး ၃ပိဿာ တစ်လုံး ၄၀၀၀ကျပ်၊ မြစ်သားဘက်မှ ရွှေသခွားတစ်လုံး အရည်အသွေးပေါ် မူတည်၍ ၂၀၀၀ မှ ၃၀၀၀ ကျပ်၊ ဖရဲ/သခွား ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်၊ ညောင်ပင်ဝန်းမှ သင်္ဘောသီးတစ်လုံး ၁၅၀၀ကျပ်မှ ၂၀၀၀ ကျပ်ဖြင့် ပြင်ဦးလွင်၊ တန့်ဆည်၊ ရွှေဘို၊ မိတ္ထီလာနှင့် အမှာရှိ သောမြို့များသို့ တင်ပို့မှုရှိသည်။

ပြင်ဦးလွင်မှ ထောပတ်သီးများ အဝင်နည်းသွားခြင်းကြောင့် ၁၂၀လုံးပါ ပိုက်အိတ် တစ်အိတ် ၃၅၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်ထိ ဈေးမြင့်သွားသည်။ ပျားလိမ္မော်(ရွှေလိမ္မော်) ဈေးနှုန်းမှာ လိမ္မော် ၁၀ ပိဿာ တစ်ခြင်း ၁၄၀၀၀၀ကျပ်၊ ရွှေလိမ္မော် ၄၀လုံးပါ တစ်ဖာ ၃၅၀၀၀ကျပ်၊ ရွှေလိမ္မော် ၁၀လုံး ၆၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ယိုးဒယားပန်းသီးအကြွပ် ၁၀၀လုံးပါ တစ်ဖာ ၁၅၀၀၀၀ကျပ်၊ ရမည်းသင်း စပျစ်သီး တစ်ပိဿာ ၁၁၀၀၀ကျပ် ဈေးဖြင့် 
မြို့တွင်းသုံးနှင့် အမှာရှိသောမြို့များသို့ နယ်စုံတင်ပို့မှု ရှိသည်။

ဂျုံနှင့် အစေ့ထုတ်ပြောင်း

ဂျုံအသစ်မဝင် သေးခြင်း၊ လက်ကျန်နည်းခြင်း၊ ဂျုံစက်များ ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် မြင်းမူ၊ မြောင်၊ ငါန်းဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို ဒေသထွက် ဂျုံများမှာ ၃တင်း တစ်အိတ် ၂၂၀၀၀၀ကျပ်မှ ၂၃၀၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ရှမ်းဂျုံမှာ ဂျုံထွက်နည်းသဖြင့် အရောင်းအဝယ် အေးခြင်းကြောင့် ၃တင်းတစ်အိတ် ၂၀၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ကြူကုတ်ဂျုံမှာ ၁၈၀၀၀၀ ကျပ်၊ ဩစတေးလျဂျုံမှုန့်
တစ်ပိဿာ ၃၇၀၀ကျပ်ဖြင့် လုပ်ငန်းသမားများ ဝယ်ယူမှု ပုံမှန် ရှိနေသည်။

အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ ဆောင်းပြောင်းအသစ်များ ဝင်ရောက်သော်လည်း အဝင်နည်းခြင်း၊ လုပ်ငန်းသမားနှင့် အစာစပ်သမား ဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၈၄၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

ခင်မေကြည်