မန္တလေးဈေးကွက်

ဆန်
ဆန်အသစ်ဝင်ရောက်မှုရှိခြင်း မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၂၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
မနောသုခဆန်မှာ မန္တလေးဝန်းကျင်မှ ထွက်ရှိခြင်း၊ မြို့တွင်းလူလတ်တန်းစားသုံးဆန်ဖြစ်ခြင်း၊ အသစ်ဝင်ရောက်မှုရှိခြင်း၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၈၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ငစိန်ဆန်မှာ ပဲခူးတိုင်းမှ ထွက်ရှိပြီး ရန်ကုန်ဈေးကွက်မှ တဆင့်ဝင်ရောက်သော ဆန်ဖြစ်ခြင်း မုန့်လုပ်ငန်းသမားများ အဝယ်နည်းခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ကျပ်မှ ၇၈၀၀၀ကျပ်သို့ ဈေးမသိ မသာနိမ့်သွားပြီး ဇီယာဆန်မှာ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၈၈၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။
ဧရာမင်းဆန်မှာ မန္တလေးဝန်းကျင်မှ အသစ်များဝင်ရောက်ခြင်း၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။
ဆီထွက်သီးနှံ
မြေပဲ (လုံးဆန်/ဆီဆန်) ဈေးနှုန်းမှာ ဆောင်းမြေပဲအသစ်များ အဝင်များလာခြင်းကြောင့် မြင်းမူလုံးဆံအသစ် အရည်အသွေးကောင်းများ ၁၀၀ပိဿာ ၉၈၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး လက်ကျန်အဟောင်း များမှာ အရည်အသွေးညံ့သွားပြီး အရောင်းအဝယ်အေးခြင်းကြောင့် ၁၀၀ ပိဿာ ၉၀၀၀၀၀ကျပ်မှ ၈၈၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ မြေပဲ(ဆီဆန်)ဈေးနှုန်းမှာ အသစ်မဝင်သေးခြင်း၊ ဆီစက်သမား ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၁၀၀ပိဿာ အရည်အသွေးအကောင်းဆုံး ၈၇၀၀၀၀ကျပ်မှ ၉၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် အဝင်ပုံမှန်ရှိပြီး လုပ်ငန်းသမားနှင့်တရုတ်ဝယ်လက်နည်းခြင်း ကြောင့် ၄၅ပိဿာ ၃၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းညိုမှာ အသစ်အဝင်ရှိပြီး ဆီစက် သမားအဝယ်ပုံမှန်ရှိခြင်း၊ နှမ်းဝါ၊ နှမ်းနီများလည်း ဝင်ရောက်မှုရှိခြင်းကြောင့် ၄၅ပိဿာ ၃၁၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းနီ ၄၅ပိဿာ ၃၃၅၀၀၀ကျပ်၊ နှမ်းဝါ ၃၂၀၀၀၀ကျပ် ဆောင်းနှမ်းနက် ၅၆၀၀၀၀ကျပ်တို့ဖြင့် ရောင်းဝယ်မှုရှိသည်။
ပန်းနှမ်းဈေးနှုန်းမှာ အသစ်မဝင်သေးခြင်း၊ ဈေးမြင့်သဖြင့် ဆီစက်သမားအဝယ်နည်းပြီး အရောင်းအဝယ်အေးခြင်းကြောင့် ၄၅ပိဿာ ၂၃၅၀၀၀ကျပ်၊ နေကြာမှာလည်း ဆီစက်သမား အဝယ်နည်းခြင်း၊ ဆောင်းနေကြာမဝင်သေးခြင်းကြောင့် ယခင်ဈေးအတိုင်း ၂၇ပိဿာ ၁၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
စားဖိုဆောင်သီးနှံ
ငရုတ်ခြောက်(ရှည်) ဈေးနှုန်းမှာ သာစည်၊ ပျော်ဘွယ် နယ်စုံ အဝင်ရှိခြင်းကြောင့် တစ်ပိဿာ လဆန်းပိုင်း ၁၅၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ စစ်ကိုင်းဘက်မှ ငရုတ်စို(လတ်)များ မဝင်သေးခြင်းကြောင့် ရှမ်းငရုတ်ခြောက်လတ်များ တစ်ပိဿာ ၁၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ Air-con ဖြင့်ထားသော ငရုတ်ခြောက်(ပွ)များ လက်ကျန်မရှိသလောက်နည်းသွားပြီး ပခုက္ကူနှင့် ဧရာဝတီတိုင်းမှ အပွသီးများ ဝင်ရောက်ခြင်း ကြောင့် ငရုတ်ခြောက် (ပွ) တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ကြက်သွန်နီဈေးနှုန်းမှာ မြစ်သား၊ ရွှေဘိုနှင့် နယ်စုံအဝင်ရှိပြီး မြစ်သား ကြက်သွန်(ကြီး) တစ်ပိဿာ ၄၀၀၀ကျပ်၊ လတ်တစ်ပိဿာ ၃၈၀၀ကျပ်၊ သေးတစ်ပိဿာ ၃၂၀၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေပြီး ရွှေဘိုနှင့် နယ်စုံကြက်သွန်များမှာ ကြီးတစ်ပိဿာ ၃၂၀၀ကျပ်၊ လတ်တစ်ပိဿာ ၂၈၀၀ကျပ်၊ သေးတစ်ပိဿာ ၁၈၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကြက်သွန်ဖြူ(တရုတ်) အဝင်မရှိသလောက်နည်းပြီး လက်ကျန်များသာ ရောင်းချမှုရှိသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ လက်ကျန် အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ဖြင့် မြို့တွင်းစားသုံးမှု ပုံမှန်ရှိနေသည်။
အာလူးဈေးနှုန်းမှာ တရုတ်အာလူးအဝင်နည်းပြီး လက်ကျန်များသာ ရောင်းဝယ်မှုရှိခြင်း ကြောင့် တစ်ပိဿာ ယခင်အပတ် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး အောင်ပန်းအာလူးမှာ အဝင်ပုံမှန်မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။
ချင်းဈေးနှုန်းအနေဖြင့် အောင်ပန်းချင်းများ အဝင်နည်းခြင်း၊ မြို့တွင်းသုံး ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။
ပဲမျိုးစုံ
မတ်ပဲဈေးနှုန်းမှာ မန္တလေးဝန်းကျင် ပဲများအရည်အသွေးပေါ်မူတည်၍ ၂၅၀၀၀၀ကျပ်မှ ၂၈၀၀၀၀ကျပ်၊ ကျောက်ရစ်ပဲ ၃တင်းတစ်အိတ် ၂၈၂၀၀၀ကျပ်၊ ရေသွင်းပဲ ၂၄၀၀၀၀ကျပ်ဖြင့် ရန်ကုန်ဝယ်လက်နှင့် ပဲခွဲစက်များ အဝယ်ပုံမှန်ရှိ နေသည်။
ပဲတီစိမ်း (အညာ)မှာ ဆောင်းပဲတီသစ်များ အဝင်ရှိခြင်း၊ ထွက်ရှိရာဒေသ အရည်အသွေးပေါ် မူတည်၍ ဈေးကွာခြားခြင်းကြောင့် တစ်အိတ် ၂၇၀၀၀၀ကျပ်မှ ၂၉၀၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးနှင့် ပဲခွဲစက်များ၊ လှောင်သမား များဝယ်ယူမှုရှိသည်။
ပဲပုတ်(မြန်မာ) မှာ ဆောင်းပဲအသစ်များ ဝင်ရောက်ခြင်း၊ လုပ်ငန်းသမားဝယ်ယူမှု ပုံမှန်ရှိခြင်း ကြောင့် ၃တင်းတစ်အိတ် ၃၃၀၀၀၀ကျပ်မှ ၂၉၀၀၀၀ကျပ်သို၌ ဈေးနိမ့်သွားပြီး ပဲပုတ်(ရှမ်း)မှာ အသစ် မဝင်သေးခြင်း၊ ဆီစက်သမားဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ၃၁၅၀၀၀ကျပ်မှ ၃၃၅၀၀၀ကျပ်သို့ ဈေးမြင့် သွားသည်။
ပဲစဉ်းငုံ(နီ)များ အသစ်အဝင်ရှိခြင်း၊ ရန်ကုန်ဝယ်လက် အဝယ်နည်းခြင်းကြောင့် ၃တင်း တစ်အိတ် ၂၉၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကုလားပဲဈေးနှုန်းမှာ (ကုဖြူကြီး) မှာ အသစ်များဝင်ရောက်ခြင်းကြောင့် လုပ်ငန်းသမား အဝယ်ပုံမှန်ရှိသော်လည်း ၃တင်းတစ်အိတ် ၂၇၀၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ကုလားပဲ (လုံးဝါကြီး)မှာ အသစ်မဝင်သေးခြင်း၊ ပစ္စည်းရှားသော်လည်း အရောင်းအဝယ်အေးခြင်း ကြောင့် ၃တင်းတစ်အိတ် ယခင်ဈေးနှုန်းများအတိုင်း ၂၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ခွဲခြမ်းမှာ ဟင်းသီး/ရွက် ပဲစိုများ ပေါချိန်ဖြစ်၍ လက်ကျန်များပြီး တစ်ပိဿာ ၆၄၀၀ကျပ်မှ ၆၃၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ပဲကြီး(ကြီး/သေး)၊ ပဲလွန်းဖြူ/ပြာ တို့မှာ အသစ်ဝင်ချိန်နီးသော်လည်း မဝင်သေးခြင်း၊ လက်ကျန်နည်းသော်လည်း လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် ပဲကြီး (ကြီး) ၃တင်းတစ်အိတ် ၂၉၅၀၀၀ကျပ်၊ ပဲကြီး(သေး)၂၄၀၀၀၀ကျပ်၊ ပဲလွန်းဖြူ ၂၅၀၀၀၀ကျပ်၊ ပဲလွန်းပြာ ၂၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ထောပတ်ပဲ(သေး)မှာ အသစ်စတင်ဝင်ရောက်မှုရှိပြီး လက်လီသမား အဝယ်ပုံမှန်ရှိခြင်း ကြောင့် တစ်အိတ် ၃၁၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။
ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ
မန္တလေးကိုင်းတန်းဈေးတွင် ခရမ်းချဉ်(ရှမ်းတောင်)မှာ ရာသီကုန်ပင်ကျ သီးများသာ ဝင်ရောက်မှုရှိပြီး အရည်အသွေးညံ့ခြင်း၊ ပွဲရုံတိုင်းဝင်ရောက်မှုမရှိခြင်းကြောင့် ၂၀ပိဿာ တစ်သေတ္တာ ၂၀၀၀၀ကျပ်၊ ထိုင်ဝမ်သီးတစ်ပိဿာ ၁၄၀၀ကျပ်၊ မြန်မာသီး တစ်ပိဿာ ၁၅၀၀ကျပ်ဖြင့် မြို့တွင်း စားသုံးမှုများနေသည်။ မုံရွာ၊ ချောင်းဦးမှအဝင်များခြင်းကြောင့် ငရုတ်စို(ရှည်) တစ်ပိဿာ ၃၀၀၀ကျပ် ငရုတ်စို(လတ်) ၆၀၀၀ကျပ်ဖြင့် ငပိထောင်းလက်ဖက်သမားများ အဝယ်များနေသည်။ ဆောင်းကာလ ဖြစ်၍ ဂေါ်ဖီတစ်ထုပ် ၁၅၀၀ကျပ်၊ ပန်းမုံလာတစ်ပွင့် ၈၀၀မှ ၁၀၀၀ကျပ်၊ ပန်းမုံလာစိမ်းတစ်ပွင့် ၈၀၀ကျပ် ပြင်ဦးလွင်မှ မုံလာဥနီ တစ်ပိဿာ ၂၀၀၀ကျပ်ဖြင့် စားသောက် ဆိုင်များနှင့် မြို့တွင်း စားသုံးရန်ဝယ်ယူမှု ပုံမှန်ရှိနေသည်။
သစ်သီးဝလံများအနေဖြင့် ညောင်ပင်ဝန်းမှ သင်္ဘောသီးများ အဝင်များပြီး တစ်လုံး ၁၈၀၀မှ ၂၀၀၀ကျပ်၊ မင်းကွန်းဘက်မှ ဖရဲသီး ၃ပိဿာ ၅၀ကျပ်သား အလေးချိန် တစ်လုံး ၅၀၀၀ကျပ်၊ ရွှေသခွားတစ်လုံး ၄၅၀၀ကျပ်၊ ပိုက်သခွားတစ်လုံး ၃၀၀၀ကျပ်၊ တရုတ်စပျစ်သီး ၄ပိဿာ တစ်ခြင်း ၅၅၀၀ကျပ်၊ ဆီးပန်းသီး တစ်ဖာ ၂၀၀၀၀ကျပ်၊ ပျားလိမ္မော် ၁၁ပိဿာ တစ်ခြင်း ၁၄၀၀၀၀ကျပ်ဖြင့် ပြင်ဦးလွင်၊ မကွေး၊ အောင်လံ၊ မြစ်ကြီးနား၊ လုံးခင်း၊ အင်းတော်၊ ထီးချိုင့် စသော အမှာရှိသော မြို့များသို့ တင်ပို့မှု ရှိသည်။
ဂျုံနှင့် အစေ့ထုတ်ပြောင်း
ဂျုံစိုက်ဧကနည်း အထွက်နည်း အဝင်နည်းခဲ့ခြင်းကြောင့် လက်ကျန်နည်းခြင်း၊ အသစ်မဝင်သေးခြင်းကြောင့် ဂျုံစက်များ အဝယ်နည်းပြီး အရောင်းအဝယ်အေးပြီး အရည်အသွေးပေါ်မူတည်၍ ငါန်းဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘို၊ မြင်းမူ၊ မြောင်ဒေသထွက် ဂျုံ ၃တင်းတစ်အိတ် ၂၁၀၀၀၀ ကျပ်မှ ၂၂၀၀၀၀ ကျပ်၊ ရှမ်းဂျုံတစ်အိတ် ၁၉၅၀၀၀ ကျပ် မှ ၂၀၀၀၀၀ ကျပ်၊ ကြူကုတ်ဂျုံ ၁၈၀၀၀၀ ကျပ်၊ ဩစတြေးလျဂျုံမှုန့် တစ်ပိဿာ ၃၇၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။
အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ ဆောင်းပြောင်းမှာ ဝင်ချိန်နီးခြင်း၊ လှောင်သမား ထုတ်ရောင်းမှု ရှိခြင်း၊ ရာသီဥတုအေး၍ အစိုဓာတ်ပါဝင်မှုရှိခြင်းတို့ကြောင့် အစာစပ်သမား ဝယ်ယူမှုပုံမှန်ရှိသော်လည်း ၅၄ ပိဿာ တစ်အိတ် ၈၄၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ခင်မေကြည်