ရန်ကုန်ဈေးကွက်

ဆန်
ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းအဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်း၊ ရွှေဘိုပေါ်ဆန်း အသစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှုန်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်နှုန်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်း၊ ဇီယာဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၈၂၀၀၀ ကျပ် နှင့် အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၈၀၀၀၀ကျပ်နှုန်း၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်း အကြမ်းနှင့် ငစိန်ဆန် အလတ်စတစ်တင်းခွဲ တစ်အိတ် လျှင် ၇၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၇၁၀၀၀ကျပ်နှုန်းတို့ဖြင့်အသီးသီး ရောင်း ဝယ်လျက်ရှိကြောင်းသိရသည်။ ပြည်တွင်းစားသုံးမှုများသော ဆန်ချော၊ ဆန် လတ် ဆန်သစ်အချို့အဝင်ရှိလာခြင်းကြောင့် ဆန်ဟောင်းများ အနည်းငယ် ဈေးမြင့်လာခဲ့ပြီး ဆန်သစ်များ ဝယ်လိုအား နည်းချိန်ဖြစ်ခြင်းကြောင့် အနည်း ငယ် ဈေးနိမ့်နေခြင်း ဖြစ်သည်။ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေးနှင့် နိုင်ငံတကာ ငွေကြေးလဲလှယ်နှုန်း အပြောင်းအလဲများကြောင့်လည်းကောင်း၊နှစ်သစ်ကူး ပိတ်ရက်များကြောင့်လည်းကောင်း၊ ပြည်ပပို့ဆန် ရောင်းလိုအားများကာ အိမ်နီးချင်း နိုင်ငံများနည်းတူ ပြည်ပပို့ ဆန်ဈေးနှုန်းများ အနည်းငယ်ဈေးနိမ့်လာခဲ့သည်။ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ပိုလန်စသော နိုင်ငံများသို့ ပုံမှန်တင်ပို့လျက်ရှိကြောင်းသိရသည်။ပြည်တွင်းဈေးကွက်တွင်လည်းရောင်းလိုအား ဝယ်လိုအား မျှကာ ယခင်လများနည်းတူ ဆန်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်။ လက်လီဈေးကွက်တွင်လည်း အရည်အသွေး ပိုမိုကောင်းမွန် သော ဆန်များအား သတ်မှတ်ဈေးနှုန်းများထက် ပိုမိုသော ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှုပုံမှန်၊ ဝယ်ယူမှု ပုံမှန်ရှိခဲ့ ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
နှစ်သစ်ကူးပိတ်ရက်များရှိခဲ့ခြင်း၊ နိုင်ငံတကာ ငွေလဲနှုန်း အပြောင်း အလဲများကြောင့် ပြည်ပဝယ်လက်များမှ အရောင်းအဝယ်အေးကာ အစေ့ထုတ်ပြောင်းဈေးနှုန်းများ ယခင်အပတ်ထက် ဈေးနိမ့်လာခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၉၀၁၈၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၈၉၆၄၀ ကျပ်သို့ ရောက်ရှိဈေးနိမ့် ခဲ့သည်။ အစေ့ထုတ်ပြောင်းများအား အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် တရုတ် နိုင်ငံများသို့ တင်ပို့မှုနည်းခဲ့ပြီး ပြည်တွင်း/ပြည်ပမှ အရောင်းအဝယ်အေးခဲ့ကြောင်းသိရသည်။
ပဲမျိုးစုံ
အဓိကဝယ်လက်ဖြစ်သော အိန္ဒိယတွင် မိုးစိုက်ပဲဧကများထွက်ပေါ်ချိန်ဖြစ်၍ ပြည်ပမှပဲ ဝယ်လိုအားနည်းခဲ့ခြင်းကြောင့်လည်းကောင်း၊ ကမ္ဘာ့ နိုင်ငံရေးနှင့် နိုင်ငံတကာငွေလဲနှုန်း အပြောင်းအလဲများကြောင့် ရူပီးငွေ တန်ဖိုး ကျဆင်းခြင်းကြောင့်လည်းကောင်း၊ နှစ်သစ်ကူးပိတ်ရက်များရှိခဲ့ခြင်းကြောင့်လည်းကောင်း၊အရောင်းအဝယ် အေးကာ မတ်ပဲ၊ ပဲစင်းငုံဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ပေါ်ခဲ့သည်။ ထို့သို့ အိန္ဒိယ ပဲဈေးနှုန်းများ ဆက်လက် ဈေးကျမည်ကို စိုးရိမ်သဖြင့်လည်းကောင်း ပြည်တွင်း၌လည်း ပဲသစ်များ အဝင်ရှိခြင်းကြောင့်လည်းကောင်း၊ မတ်ပဲ(သင်္ဘောတင်)နှင့် ပဲစင်းငုံ(သင်္ဘောတင်) များအား ရောင်းလိုအားများကာ ယခင်အပတ် ဈေးနှုန်းများထက် ဆက်လက် ဈေးနိမ့်လာခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့် ရက် ၅ ရက်ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၆၀ လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲစင်းငုံ (သင်္ဘောတင်)မှာ ကုန်သေတ္တာ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ မတ်ပဲ(သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ် ပျမ်းမျှ ဈေးနှုန်းမှာ ၃၁၉၇၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၃၁၉၅၀၀၀ ကျပ်ဖြစ်သည်။ ပဲစင်းငုံ(သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၃၁၁၅၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၃၀၇၅၀၀၀ ကျပ်ဖြစ်သည်။ ပြည်ပပို့ကုန် ပဲများဖြစ်သော မတ်ပဲ၊ ပဲစင်းငုံများ ဈေးနှုန်းကျဆင်းလာခြင်း ကြောင့် အခြားသော ပဲအမျိုးအစားအချို့မှာလည်း ဈေးနှုန်းကျဆင်းမှုများရှိလာခဲ့သည်။ ထောပတ်ပဲ၊ ပဲလွမ်းဖြူ၊ ဘိုကိတ်ပဲများမှာ ပြည်တွင်း ပြည်ပမှာ ဝယ်လိုအားနည်းခြင်းကြောင့် ယခင်အပတ်ထက်ဈေးနိမ့်ခဲ့သည်။ ထောပတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၃၅၇၆၀၀ ကျပ် ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၄၇၁၀၀ကျပ် ဖြစ်သည်။ ပဲလွမ်းဖြူ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၅၅၉၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၅၃၅၀၀ ကျပ်ဖြစ်သည်။ ဘိုကိတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၆၀၁၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၅၂၄၅၀ကျပ် ဖြစ်သည်။ ကုလားပဲနှင့်ပဲပုပ်မှာ ရောင်းလိုအား၊ ဝယ်လိုအားမျှနေခြင်းကြောင့် ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ ကုလားပဲ တစ်ပိဿာလျှင် ပျမ်းမျှ ဈေးနှုန်းမှာ ၅၀၀၀ ကျပ်ဖြစ်ပြီး ပဲပုပ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၅၇၄၅၀ ကျပ် ဖြစ်သည်။ ပဲတီရွှေဝါမှာမူ မိုးစိုက်ပဲများ လက်ကျန်နည်းလာချိန်ဖြစ်ခြင်း၊ တရုတ်ဝယ်လက်များ ဝယ်ယူမှုများခြင်း၊ ပင်လယ်ရေကြောင်းမှလည်း ပုံမှန်တင်ပို့မှုရှိခြင်းတို့ကြောင့် ယခင် အပတ်ထက်ဈေးမြင့်လာခဲ့သည်။ ပဲတီရွှေဝါ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်ပျမ်းမျှဈေးနှုန်းမှာ ၃၃၃၀၀၀ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၃၅၅၅၀ကျပ်ဖြစ်သည်။
စားသုံးဆီ
အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် စားအုန်းဆီ အထွက်နှုန်းကျဆင်းခဲ့ခြင်း၊ ဇီဝလောင်စာဆီ အဖြစ်တိုးမြှင့်အသုံးပြုမှုများလာခြင်း၊ ဆီကြမ်းပို့ကုန်အခွန်နှုန်းထားများ မြင့်လာခြင်း စသော အခြေအနေများကြောင့် ကမ္ဘာ့စားအုန်းဆီ ဈေးမြင့်တက်မှုများဖြစ်ပေါ်ခဲ့သည်။ကမ္ဘာ့စားအုန်းဆီ ဈေးကွက် အပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အထိ ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ရက်သတ္တပတ် အတိုင်း စားအုန်းဆီ တစ်ပိဿာလျှင် ၇၂၈၀ ကျပ်ဖြစ်သည်။ ပြင်ပရှိ လက်လီ ဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက်များစွာ မကွာသော ဈေးနှုန်းဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းရောင်းချပေးလျက်ရှိသည်။ အချို့သောမြို့နယ်များတွင် စားအုန်းဆီတစ်ပိဿာ၏ ပြင်ပပေါက်ဈေးမှာ၁၅၀၀၀ ကျပ်ဝန်းကျင် ဖြစ်သည်။
အေးသန္တာဝင်း