ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

ဆန်

ဆန်စပါးကုန်စည်ဒိုင် ဝါးတန်းလမ်းတွင် ထုတ်ပြန်ထားသော ဆန်ဈေးနှုန်းများအရရွှေဘိုပေါ်ဆန်းအလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်းအလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ပေါ်ကျွဲဆန်အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စ တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန်အလတ်စတစ် တင်းခွဲတစ်အိတ်လျှင် ၇၉၀၀၀ကျပ်နှုန်းနှင့်အောက်စတစ်အိတ်လျှင် ၇၈၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းအကြမ်းနှင့် ငစိန်ဆန်အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၇၁၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ဆန်ဟောင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်း၊ ဆန်သစ်များလည်းဝင်ရောက်မှုရှိခြင်း၊ မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုစရိတ်နှင့် ရိတ်ချွေစရိတ်များမြင့်ကာ ရေကြီးနစ်မြုပ်မှုများကြောင့် စိုက်ပျိုးထွက်ရှိမှုနည်းခဲ့သော်လည်း ဈေးကွက်သို့ ကုန်အဝင်ပုံမှန်ရှိခြင်းကြောင့်လည်းကောင်း၊ ပြည်တွင်း/ပြည်ပမှဝယ်လိုအားပုံမှန်ရှိခြင်းကြောင်းလည်းကောင်း၊ဆန်ဈေး နှုန်း အများစုမှာယခင်ရက်သတ္တပတ် နည်းတူ ဈေးနှုန်းအမြင့်တွင် တည်ငြိမ်နေခဲ့ခြင်းဖြစ်သည်။ ပြည်ပပို့ ဆန်ဈေးနှုန်းများလည်း တည်ငြိမ်နေခဲ့ပြီး ပုံမှန်တင်ပို့မှုရှိကြောင်းသိရသည်။ ပြင်ပရှိလက်လီဈေးကွက်တွင်လည်း အရည် အသွေး ပိုမိုကောင်းမွန်သော ဆန်များအား သတ်မှတ်ဈေးနှုန်းများထက် ပိုမိုသော ဈေး နှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင် ရောက်မှုရှိခဲ့ပြီး စားသုံးသူများမှ ပုံမှန်ဝယ်ယူမှုရှိခဲ့ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

အစေ့ထုတ်ပြောင်းများမှာ နယ်စပ်ဂိတ်များမှ တင်ပို့မှုမရှိသလောက် နည်းခြင်း၊ လှောင်လက်များမှ ဝယ်ယူမှုနည်းခြင်း၊ ပြည်ပဝယ်လက်များမှ ဝယ်ယူမှုနည်းခြင်းတို့ကြောင့် ယခင်ရက်သတ္တပတ်များနည်းတူ ဈေးငြိမ် အရောင်းအဝယ်အေးခဲ့သည်။ ရေကြီးနစ်မြုပ်မှုများကြောင့် စိုက်ပျိုးထွက်ရှိမှုအပေါ် ထိခိုက်ခြင်း၊ သွင်းအားစုနှင့် သယ်ယူပို့ဆောင်စရိတ်များ ကြီးမြင့်ခဲ့ခြင်းကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများမှာ ဈေးမြင့်လျက်ရှိသော်လည်း အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် နိုဝင်ဘာလပထမရက် သတ္တပတ်မှ စတုတ္ထရက်သတ္တပတ်တိုင်အောင် ၈၂၆၂၀ ကျပ်ဖြင့် ဈေးငြိမ်အရောင်းအဝယ်အေးခဲ့ ခြင်းဖြစ်သည်။

စားဖိုဆောင်သီးနှံ

ငရုတ်ခြောက်(ရှည်) မှာ ကုန်အဝင်ပိုလာသော်လည်း စားသုံးသူများမှ ဝယ်လိုအားများခြင်း ကြောင့် ယခင်ရက်သတ္တပတ်ဈေးနှုန်းများဖြင့်သာ ရောင်းဝယ်လျက်ရှိပြီး ကုန်အဝင်အလွန်နည်း သော ငရုတ်ခြောက်(လတ်)မှာ ယခင်အပတ်ထက် သိသာစွာ ဈေးမြင့်လာခဲ့သည်။ ငရုတ်ခြောက်(ပွ) မှာမူ ကုန်အဝင်နည်းသော်လည်း ဝယ်လိုအားနည်းခြင်းကြောင့် ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ် အရောင်းအဝယ်အေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ ပန်းရဲ၊ မြားနီ၊ ပန်းတနော်၊ မိုးထောင်(မြစ်ဝ)၊ ဆင်ဖြူကျွန်း(ပု)၊ မြစ်ဝ(ပု) ငရုတ်များ ဝင်ရောက်မှုရှိပြီး အအေးခန်းလှောင်ငရုတ်များလည်းဝင်ရောက်မှုရှိခဲ့ခြင်းဖြစ်သည်။ စားသုံးသူများမှာမူ ကြိုက်နှစ်သက် မှုထက် ဈေးနှုန်းချိုသော ငရုတ်ခြောက်(ရှည်)အမျိုးအစားများကိုသာ ဝယ်ယူမှုများခဲ့ခြင်းဖြစ်သည်။ ကြက်သွန်နီ(ထူး၊လတ်၊သေး)မှာပြည်ပသို့တင်ပို့မှုနည်းခြင်း၊အဟောင်းလက်ကျန် များအရည်အသွေး နိမ့်လာခြင်းတို့ကြောင့် ယခင်အပတ်ထက် ဆက်လက်ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ ရန်ကုန် ဈေးကွက်သို့ မြင်းခြံ၊ ဆိတ်ဖြူ၊ မုံရွာ၊ ပခုက္ကူ ၊ တောင်သာဒေသများမှ ကုန်ဝင်ရောက်မှုရှိခဲ့ခြင်း ဖြစ်သည်။ ကြက်သွန်နီ(ထူး၊လတ်၊ သေး) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၄၀၀၀-၃၅၅၀-၂၅၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၄၂၅-၃၀၅၀-၂၀၅၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ကြက်သွန်ဖြူ (ရှမ်း) မှာ ဈေးကွက်သို့ ကုန်အဝင် ပုံမှန်ရှိသော်လည်း မျိုးအဖြစ် ဝယ်ယူချိန်ဖြစ်ခြင်း တို့ကြောင့် စိုက်ပျိုးထွက် ရှိရာဒေသများတွင် ဈေးမြင့်လာခြင်း၊  စားသုံးသူများမှ ဝယ်လိုအားများခြင်းတို့ကြောင့် ယခင်ရက် သတ္တပတ်နည်းတူ ဈေးနှုန်းအမြင့်တွင် တည်ငြိမ်လျက်ရှိသည်။ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၁၃၇၅၀ ကျပ်ဖြစ်သည်။ တရုတ်အာလူးဈေးနှုန်းမှာ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းခဲ့ ခြင်းကြောင့် ဈေးမြင့်ခဲ့ရာမှ စားသုံးသူများ ဝယ်ယူစားသုံးမှု နည်းလာခဲ့ခြင်းကြောင့် ယခင်အပတ်ထက် ဈေးနိမ့်လာခဲ့သည်။ အာလူး(တရုတ်) တစ်ပိဿာလျှင် ယခင် အပတ်ပျမ်းမျှဈေးနှုန်းမှာ ၉၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၈၉၀၀ ကျပ်သို့ရောက်ရှိ ဈေးနိမ့်ခဲ့သည်။

စားသုံးဆီ

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သော နိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကုန်ဆုံးသောကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၇၂၈၀ ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၂၆၅ ကျပ်ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိလက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက်များစွာမကွာသော ဈေး နှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်း ရောင်းချလျက်ရှိပြီး အချို့သော မြို့နယ်များတွင်  စားအုန်းဆီတစ်ပိဿာ၏ ပြင်ပ ပေါက်ဈေးမှာ ၁၅၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။

အေးသန္တာဝင်း