မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

ဆန်

ဆန်ဈေးနှုန်းအနေဖြင့် မိုးများသဖြင့် အသစ်မဝင်သေးခြင်း၊ အဟောင်းလက်ကျန်နည်းခြင်း၊ မြို့တွင်းစားသုံးရန်အဝယ်ပုံမှန်ရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၁၄၀၀၀၀ ကျပ်မှ ၁၄၅၀၀၀ ကျပ်သို့လည်း ကောင်း၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်၁၆၀၀၀၀ကျပ်မှ ၁၆၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ မနောသုခဆန်မှာ မန္တလေးဝန်းကျင်မှ ထွက်သော ဆန်ဖြစ်ခြင်း၊ အသစ်ဝင်ရောက်မှုရှိခြင်း ကြောင့် တစ်အိတ် ၉၀၀၀၀ကျပ်မှ ၈၅၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။ ရန်ကုန်မှတဆင့်ဝင်ရောက်သော ငစိန်ဆန်နှင့် ဇီယာဆန်မှာ မိုးများ၍ ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် လုပ်ငန်းသမားအဝယ်နည်းပြီး အရောင်းအဝယ်အေးခြင်းကြောင့် ငစိန်ဆန် တစ်အိတ် ၇၈၀၀၀ ကျပ်မှ ၇၄၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ဇီယာဆန်မှာပုံမှန်စားသုံးရန်ဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဧရာမင်းဆန်မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဆီထွက်သီးနှံနှင့်ဆီ

မိုးမြေပဲအဝင်ရှိခဲ့ခြင်း၊ လုပ်ငန်းသမားအဝယ်ရှိခြင်းကြောင့် မြေပဲ (လုံးဆန်) ၁၀၀ပိဿာလျှင် အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၈၀၀၀၀၀ ကျပ်မှ ယခုအပတ် ၈၁၀၀၀၀ကျပ်၊ အနိမ့်ဆုံး၇၆၀၀၀၀ကျပ်မှ ၇၈၀၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး မြေပဲ (ဆီဆန်) မှာလည်း မိုးမြေပဲ အဝင်နည်းသွားခြင်း၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ ပိဿာ ယခင်အပတ် အရည်အသွေးအကောင်းဆုံး ၇၄၀၀၀၀ ကျပ်မှ ၇၇၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ယခုအပတ် ရာသီဥတု အခြေအနေနှင့် ကထိန်ကာလ အရောင်း အဝယ် အေးခြင်းကြောင့် နှမ်းဖြူ ၄၅ပိဿာ ၃၈၀၀၀၀ကျပ်၊ နှမ်းညို ၃၀၅၀၀၀ ကျပ်၊ နှမ်းနက်(စမုံ) အရည်အသွေးအကောင်းဆုံး ၆၅၀၀၀၀ ကျပ်၊ နှမ်းနီ ၃၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပန်းနှမ်းနှင့် နေကြာမှာ လက်ကျန်မရှိသလောက်ရှားခြင်း၊ အရောင်း အဝယ်အေးခြင်းကြောင့် ပန်းနှမ်း ၄၅ ပိဿာ၊ ယခင်လ ဈေးနှုန်းအတိုင်း ၂၅၀၀၀၀ ကျပ်၊ မိုးနေကြာအဝင်နည်းခြင်း၊ ဆောင်း စိုက်စတင်ချိန်ဖြစ်ခြင်းကြောင့် ယခင်လဈေးနှုန်းအတိုင်း ၂၇ ပိဿာ ၂၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဆီဈေးနှုန်းများအနေဖြင့် မြေပဲ(ဆီဆန်) ဈေးနိမ့်သဖြင့် တစ်ပိဿာ ၁၄၅၀၀ ကျပ်၊ နှမ်းဆီ ၁၃၅၀၀ ကျပ်၊ ပန်းနှမ်းဆီ ၁၄၀၀၀ ကျပ်၊ ပဲပုတ်ဆီ ၁၂၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။

စားဖိုဆောင်သီးနှံ

ငရုတ်ခြောက်(ရှည်)မှာ သာစည်၊ ပျော်ဘွယ်ဒေသစုံမှ လက်ကျန် အဟောင်းများသာ ဝင်ရောက်ပြီး တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ငရုတ်ခြောက်(လတ်) ၈၀၀၀ကျပ်၊ ငရုတ်ခြောက်ပွမှာ ဧရာဝတီတိုင်း Air-con ဖြင့်ထားသော အပွသီး တစ်ပိဿာ ၂၃၀၀၀ ကျပ်၊ သဘာဝသီး ၁၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ကြက်သွန်နီမှာလည်း နယ်စုံလက်ကျန်အဟောင်းများ လက်ကျန်နည်းခြင်း၊ အသစ်မဝင်သေး ခြင်းကြောင့် ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၄၇၀၀ ကျပ်မှ ၄၈၀၀ ကျပ်၊ လတ်တစ်ပိဿာ ၄၁၀၀ ကျပ်မှ ၄၅၀၀ ကျပ်၊ သေးတစ်ပိဿာ ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ် သို့ ဈေးမြင့်သွားသည်။

ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်၊ အသုံးပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၂၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အဝင်ပုံမှန်ရှိခြင်း၊ မြို့တွင်းစားသုံးရန် ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် အရည်အ သွေးအနိမ့်ဆုံး ၁၂၀၀၀ ကျပ်မှ အမြင့်ဆုံး၁၄၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

အာလူးမှာ လမ်းပမ်းဆက်သွယ်ရေးကြောင့် အဝင်နည်းပြီး တရုတ်အာလူး တစ်ပိဿာ ၈၀၀၀ ကျပ်၊ အောင်ပန်း အာလူး အိုကေတစ်ပိဿာ ၈၀၀၀ ကျပ်၊ အေဝမ်း ၇၀၀၀ ကျပ်၊ ဆွဲ ၆၀၀၀ ကျပ်သို့ ဈေးအသီးသီးမြင့် သွားသည်။ ချင်းဈေးနှုန်းမှာ အဝေးတင်ပို့ရမှုမရှိခြင်း၊ မြို့တွင်းသုံးစွဲမှုသာရှိခြင်းကြောင့် တစ်ပိဿာ ၄၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲမျိုးစုံ

မတ်ပဲ အသစ်စိုက်ချိန် ဖြစ်ခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ရန်ကုန်ဝယ်လက်နှင့် ပဲခွဲစက်များ အဝယ်နည်းသော်လည်း ၃တင်း တစ်အိတ် ၃၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲတီစိမ်း(အညာ)မှာ မိုးပဲတီစိမ်း အဝင် နည်းသော်လည်း ကထိန်ကာလဖြစ်၍ အရောင်းအဝယ်အေးခြင်းကြောင့် အရည်အသွေးအညံ့ဆုံး ၃တင်း တစ်အိတ် ၂၃၀၀၀၀ကျပ်၊ အကောင်းဆုံး ၂ ၆၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲပုတ်(ရှမ်း/မြန်မာ) တို့မှာ မိုးပဲအဝင်နည်းခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် ၄၄၅၀၀၀ ကျပ်မှ ၄၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲပုတ်(ရှမ်း)မှာ ပဲအရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားမှုရှိခြင်း၊ အသစ်အဝင်နည်းပြီး လက်ကျန်အဟောင်းများသာရှိခြင်း၊ ဆီစက် သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးအနိမ့်ဆုံး ၃၆၀၀၀၀ ကျပ်မှ အကောင်းဆုံး ၄၀၀၀၀၀ ကျပ် ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

ကုလားပဲ(ကုဖြူကြီး)မှာ အသစ်မဝင်သေးခြင်း၊ အဟောင်း လက် ကျန် နည်းပြီး လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် ကုလားပဲ(ကုဖြူကြီး) ၃တင်း တစ်အိတ် ၃၁၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ကုလားပဲ(လုံးဝါကြီး)မှာလည်း ပဲခွဲစက်များအဝယ်နည်းခြင်း၊ ကထိန်ကာလ အရောင်းအ ဝယ်အအေးခြင်း၊ ပဲစိုများပေါ်ချိန်ဖြစ်ခြင်းကြောင့် ၃ တင်းတစ်အိတ် ၂၈၃၀၀၀ ကျပ်၊ ခွဲခြမ်းတစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။

ပဲယင်း၊ မြေထောက်ပဲ၊ စားတော်ပဲ(ကျွန်း)တို့မှာ လက်ကျန်နည်းခြင်း၊ အသစ်စိုက်ထားဆဲ ဖြစ်ခြင်း၊ ပဲခွဲစက်များအဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲယင်းယခင်အပတ် ၃ တင်းတစ်အိတ် ၂၂၀၀၀၀ကျပ် မှ ၂၂၅၀၀၀ကျပ်၊ မြေထောက်ပဲမှာလည်း လက်ကျန်ပဲအရည်အသွေးပေါ်မူတည်၍ အညံ့ဆုံး ၃တင်း တစ်အိတ် ၂၉၀၀၀၀ကျပ်မှ ၃၃၀၀၀၀ကျပ်၊ စားတော်ပဲ(ကျွန်း)မှာလည်း လက်လီသမားအဝယ်ပုံမှန် ရှိသော်လည်း လက်ကျန် ပဲအရည်အသွေးပေါ်မူတည်၍ ၃၆၀၀၀၀ကျပ်မှ ၃၉၀၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

ပဲကြီး(ကြီး/သေး)မှာ မိုးပဲအဝင်နည်းသော်လည်း အရည်အသွေးပေါ်မူတည်၍ လုပ်ငန်း သမားအဝယ် ရှိခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ပဲကြီး(ကြီး) ၃တင်းတစ်အိတ် ၂၈၀၀၀၀ကျပ်မှ ၃၀၀၀၀၀ကျပ်၊ ပဲကြီး (သေး) ၂၃၀၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ် ဈေးအသီးသီးဖြင့် ရောင်းဝယ်နေသည်။ ထောပတ်ပဲ(ကြီး)မှာ အသစ် အဝင်မရှိခြင်း၊ လက်ကျန်အဟောင်းအရောင်းအဝယ်အေးခြင်းကြောင့် ၃တင်းတစ်အိတ် ၃၂၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ

ခရမ်းချဉ် (ရှမ်း/တောင်)မှာ အဝင်နည်းသော်လည်း မြို့တွင်းသုံး ပုံမှန်ဖြစ်ခြင်းကြောင့် ၁၀ ပိဿာတစ်ခြင်း ၈၀၀၀၀ မှ ၉၀၀၀၀ ကျပ်ထိဈေးမြင့်သွားသည်။ ငရုတ်စို(ရှည်)မှာ သာစည်ဘက်မှ အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်၊ ငရုတ်စို(လတ်)မှာ မုံရွာ၊ ချောင်းဦးမှ အဝင်နည်းခြင်း၊ ငပိထောင်း၊ လက်ဖက်လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ပန်းမုံလာ၊ ဂေါ်ဖီထုပ်များ အထွက်နည်း၊ အဝင်နည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေးကြောင့် ပန်းမုံလာတစ်ပွင့် ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ်များ တစ်ထုပ် ၂၀၀၀မှ ၂၅၀၀ကျပ် ထိ ဈေးမြင့်နေသည်။

မန္တလေးဝန်းကျင် ဝမ်းတွင်းတို့မှ ဖရဲသီးများ အရည်အသွေးပေါ် မူတည် ၍ ၅၀၀ကျပ်မှ ၁၅၀၀ကျပ်၊ သခွားမွှေးများ အဝင်နည်းခြင်းကြောင့် တစ်လုံး ၇၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး၊ ထောပတ်သီး ၁၀၀မှ ၁၂၀လုံးပါတစ်အိတ် ၃၀၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ တရုတ် စပျစ် သီး ၄ ပိဿာဝင်တစ်ခြင်း ၇၃၀၀၀ကျပ်၊ တရုတ်ပန်းသစ်တော့ ၂၅ လုံးပါတစ် ဖာ ၁၂၀၀၀၀ကျပ်ထိ ဈေးမြင့် နေသည်။

သီပေါဘက်မှ ကမ္ဗလာသီးများ လှိုင်လှိုင်ဝင်ရောက်ပြီး အရည်အ သွေးပေါ်မူတည်၍ ၁၀၀ပိဿာ ၁၈၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ်ထိဈေး အမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။ ပျားလိမ္မော် ၈ ပိဿာမှ ၁၀ ပိဿာဝင်တခြင်း ၁၂၀၀၀၀ကျပ်ဖြင့် သစ်သီးမျိုးစုံကို မန္တလေးဝန်းကျင်နှင့် အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။

ခင်မေကြည်