ရန်ကုန်ဈေးကွက်

ဆန်
ယခုရက်သတ္တပတ်အတွင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်းလမ်း) တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ဇီယာဆန် အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၉၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၇၈၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်းအကြမ်း အလတ်စ တစ်တင်းခွဲတစ်အိတ် လျှင် ၇၂၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၁၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ဆန်ဟောင်းလက်ကျန်နည်းလာချိန်ဖြစ်သော်လည်း မိုးစပါးသစ်အချို့ ရိတ်သိမ်းချိန်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ မိုးရွာသွန်းမှုများကြောင့် ဈေးကွက်သို့ ကုန်အဝင်နည်း၊ ဝယ်လိုအားနည်းခြင်းကြောင့်လည်းကောင်း ဆန်ဈေးနှုန်းအများစုမှာ ယခင် ရက်သတ္တပတ်နည်းတူ ဈေးနှုန်းအမြင့်တွင်ပင်တည်ငြိမ်နေခဲ့သည်။ အထက်ပါဆန်ဈေးနှုန်းများမှာ စားသုံးသူရေးရာဦးစီး ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသော ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအတွက် သင့်တင့်မျှတသော ဈေးကွက် ဈေးနှုန်းများပင်ဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု နည်းခဲ့ပြီး စားသုံးသူများမှလည်း ဝယ်လိုအားနည်းလျက်ရှိကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်တင်ပို့ခွင့်ကာလကုန်ဆုံးပြီး ဖြစ်ခြင်း၊ပြောင်းသစ်များ ဈေးကွက်သို့စတင်ဝင်ရောက်မှုရှိလာချိန်ဖြစ်ခြင်း၊ ပြောင်းသစ်များ ဖြစ်၍ အစိုဓာတ်များနေသေးခြင်း၊ နယ်စပ်ဂိတ်များမှတင်ပို့မှုမရှိသလောက်နည်းခြင်း၊ မွေးမြူရေးအစာစက်ရုံများမှ ဝယ်ယူမှု နည်းခြင်း၊ ရောင်းလိုအားများခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်း ဈေးနှုန်းများ ယခင်အပတ်ထက် ဆက်လက်ဈေးနိမ့်လာခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၈၁၅၄၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၈၀၄၆၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။
စားဖိုဆောင်သီးနှံ
စားဖိုဆောင်သီးနှံဈေးကွက်တွင် ငရုတ်ခြောက်(ရှည်၊လတ်၊ပွ) ဈေးနှုန်းများမှာ ငရုတ် စိုက်ခင်းများ ရေကြီးနစ်မြုပ်မှုများကြောင့် ပျက်စီးမှုများရှိခဲ့ခြင်းနှင့် ဈေးကွက်သို့ ကုန်အဝင်နည်း ခြင်း၊အအေးခန်းသိုလှောင်ငရုတ်ခြောက်များလည်း ကုန်ဝင်ရောက်မှုရှိခြင်း၊ ပြည်တွင်း/ပြည်ပ ဝယ်လက်များမှ ဝယ်ယူမှုနည်းခြင်း၊လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြည်ပတင်ပို့နိုင်မှု မရှိသလောက်နည်းခြင်း၊ စားသုံးသူများမှ ဝယ်လိုအား နည်းခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး ယခင် အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်အေးခဲ့သည်။ ငရုတ်ခြောက်(ရှည်၊ လတ်၊ ပွ) တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၈၀၀၀-၁၁၀၀၀-၁၀၅၀၀ ကျပ်ဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ ပန်းရဲ၊ မြားနီ၊ ပန်းတနော်၊ မိုးထောင်(မြစ်ဝ)၊ ဆင်ဖြူကျွန်း(ပု)၊ မြစ်ဝ(ပု) ငရုတ်များ ကုန်ဝင်ရောက်မှုရှိခဲ့ပြီး အအေးခန်း သိုလှောင်ငရုတ်ခြောက်များလည်း ကုန်ဝင်ရောက်မှုရှိခဲ့သည်။
ကြက်သွန်နီ(ထူး၊ လတ်၊ သေး)မှာ အဟောင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်း၊ ပြည်ပတင်ပို့ရန် ဝယ်ယူမှုရှိခြင်း၊ ပစ္စည်းအလှရှားခြင်းတို့ကြောင့် စိုက်ပျိုးထွက်ရှိရာဒေသများတွင် ဈေးမြင့်လာပြီး ရန်ကုန်ဈေးကွက်သို့ ကုန်အဝင်ပုံမှန်ရှိသော်လည်း ယခင်အပတ်ထက် ဆက်လက် ဈေးမြင့်ခဲ့သည်။ ကြက်သွန်နီ(ထူး၊ လတ်၊ သေး) တစ်ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၉၀၀-၂၆၀၀-၁၇၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၂၀၀-၃၂၀၀-၂၁၂၅ ကျပ်သို့ ရောက်ရှိ ဈေးမြင့်ခဲ့သည်။ ဈေးကွက်သို့ မြင်းခြံ၊ ဆိပ်ဖြူ၊ မုံရွာ၊ မိတ္ထီလာ ၊ မလှိုင်၊ ပခုက္ကူ၊ တောင်သာ၊ ကျောက်ပန်းတောင်းဒေသများမှ ကုန်ဝင်ရောက်မှုရှိခဲ့သည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အဟောင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်းတို့ကြောင့် ယခင်အပတ်ထက် ဆက်လက်ဈေးမြင့်ခဲ့သည်။
ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ယခင်အပတ်ဈေးနှုန်းမှာ ၁၁၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၂၂၅၀ ကျပ်သို့ ရောက်ရှိ ဈေးမြင့်ခဲ့သည်။ အာလူး ဈေးနှုန်းများမှာ ရှမ်းအာလူးများ အရည်အသွေးနိမ့်ကာ ကုန်အဝင်မရှိသလောက် နည်းခြင်း ကြောင့်ဈေးနှုန်းကောက်ယူနိုင်မှုမရှိခဲ့ပါ။ တရုတ်အာလူးများ ဈေးကွက်သို့ ကုန်အဝင်နည်းခဲ့ခြင်း၊ စားသုံးသူများမှဝယ်လိုအားများခြင်းတို့ကြောင့်ယခင်အပတ်ထက်ဈေးမြင့်ခဲ့သည်။ တရုတ်အာလူး တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၆၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၆၇၀၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။
စားသုံးဆီ
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သောနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ကုန်ဆုံးသောကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးနှုန်းမှာ ၆၂၆၅ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းထက်တစ်ပိဿာလျှင် ၉၀ ကျပ်နှုန်း ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ ဆီထွက် သီးနှံ မြေပဲ၊ နှမ်းများ အသစ်ပေါ်ချိန်တွင် ပြည်တင်ပို့မှုလျော့နည်းလာကာ မြေပဲ၊ နှမ်းများ ဈေးနိမ့် လာခြင်း၊ ပြည်ပငွေလဲနှုန်းများ အနည်းငယ်ဈေးနိမ့်လာခြင်းတို့ကြောင့် စားအုန်းဆီဈေးနှုန်းများ ယခင်အပတ်ထက် အနည်းငယ် ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိ လက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက်များစွာ မကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
အေးသန္တာဝင်း