မန္တလေးဈေးကွက်

မန္တလေးဈေးကွက်

ဆန်

မန္တလေးဈေးကွက်တွင် ဆန်များ နယ်ဝေးတင်ပို့ရမှုမရှိဘဲ မြို့တွင်းစားသုံးမှုနှင့် မန္တလေးအနီးဝန်းကျင်မှ ဝယ်ယူမှုသာရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၁၃၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၅၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မန္တလေးဝန်းကျင်မှ ဝင်ရောက်သော မနောသုခဆန်မှာလည်း အဝင်ပုံမှန်ရှိပြီး မြို့တွင်း လူလတ်တန်းစားသုံးဆန်ဖြစ်၍ စားသုံးရန်ဝယ်ယူမှုနည်းခြင်းကြောင့် တစ်အိတ် ၉၅၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။     ဇီယာဆန်နှင့် ငစိန်ဆန်မှာ အဝင်ပုံမှန်ရှိခြင်း၊ တောင်သူထုတ်ရောင်းမှုရှိ၍ ပင်ရင်းဈေးနိမ့်ခြင်းကြောင့် ဇီယာဆန်တစ်အိတ် ၉၅၀၀၀ကျပ်မှ ၉၃၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားပြီး ငစိန်ဆန်မှာ အဝင်ပုံမှန် မြို့တွင်းလုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၇၈၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဧရာမင်းဆန်မှာ အဝင်ပုံမှန် မြို့တွင်းသုံးဝယ်ယူမှုပုံမှန်ရှိပြီး နယ်ဝေးအမှာမရှိခြင်းကြောင့် တစ်အိတ် ၁၄၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဆီထွက်သီးနှံနှင့် စားသုံးဆီ

မိုးမြေပဲအသစ်များဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် မြေပဲ(လုံးဆန်) ၁၀၀ပိဿာ အရည်အသွေးအကောင်းဆုံး ၈၅၀၀၀၀ကျပ်မှ ၈၃၀၀၀၀ကျပ်သို့ လည်းကောင်း၊ မြေပဲ (ဆီဆန်) မှာလည်း အသစ်ဝင်ရောက်မှုရှိခြင်း၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၁၀၀ပိဿာ ၇၅၀၀၀၀ကျပ်မှ ၇၄၅၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

နှမ်းမျိုးစုံတို့အနက် နှမ်းဖြူမှာ မိုးနှမ်းများအဝင်များခြင်း၊ တရုတ်ဝယ်လက်မရှိခြင်း၊ လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၄၅ပိဿာ ၄၁၀၀၀၀ ကျပ်မှ ယခုအပတ် ၃၅၀၀၀၀ ကျပ်သို့ ဈေးသိသိသာသာနိမ့်သွားသည်။ နှမ်းညိုမှာ အသစ်ဝင်ရောက်ခြင်းကြောင့် ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၄၅ပိဿာ ယခင်အပတ် ၃၃၀၀၀၀ကျပ်မှ ၂၉၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ နှမ်းနက်(စမုံ)မှာ အသစ်အဝင်နည်းခြင်း၊ အရည်အသွေးကောင်းများအား လှောင်သမားဝယ်ယူမှုရှိခြင်းကြောင့် အရည်အသွေးကောင်း ၄၅ပိဿာ ၆၄၀၀၀၀ကျပ်မှ ၆၄၅၀၀၀ကျပ်၊ အရည်အသွေးညံ့များအား မြို့တွင်းလုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် ၅၆၀၀၀၀ကျပ်မှ ၅၉၀၀၀၀ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။ နှမ်းနီများလည်း အဝင်ရှိပြီး ၄၅ပိဿာ ၃၃၀၀၀၀ကျပ်ဈေးရှိသည်။

ပန်းနှမ်းမှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်အဟောင်းမရှိသလောက်ရှားခြင်းကြောင့် ယခင်အပတ်များအတိုင်း ၄၅ပိဿာ ၂၅၀၀၀၀ကျပ်ခန့် ဈေးသာ
ရှိပြီး အရောင်းအဝယ်ဖြစ်မှုမရှိပါ။

နေကြာဈေးနှုန်းမှာ ဆောင်းလက်ကျန်နည်းခြင်း၊ မိုးနေကြာဝင်ရောက်သော်လည်း ရာသီဥတုကြောင့် အရည်အသွေးညံ့ခြင်း၊ အရောင်းအ 
ဝယ်အေးခြင်းကြောင့် ၂၇ပိဿာ ၂၀၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။

စားသုံးဆီဈေးနှုန်းများအနေဖြင့် မြေပဲ (လုံးဆံ) ဈေးနိမ့်သဖြင့် ပဲဆီတစ်ပိဿာ ၁၅၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာ ၁၄၅၀၀ကျပ်၊ ပန်းနှမ်းဆီတစ်ပိဿာ ၁၄၀၀၀ကျပ်၊ ပဲပုတ်ဆီတစ်ပိဿာ ၁၂၀၀၀ကျပ် ဈေးအသီးသီးဖြင့် ရောင်းဝယ်နေသည်။

စားဖိုဆောင်သီးနှံ

ငရုတ်ခြောက် (ရှည်)မှာ ရမည်းသင်း၊ ပျော်ဘွယ်မှ အများဆုံးဝင်ရောက်ပြီး ရာသီဥတုကြောင့် အဝင်နည်းခြင်း ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာ ၁၄၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ငရုတ်ခြောက်(လတ်) မှာ နယ်စုံမှ အဝင်ရှိခြင်း၊ လှောင်လက်ကျန် တစ်ပိဿာ ၈၀၀၀ကျပ်၊  Air-con သီး တစ်ပိဿာ ၁၅၀၀၀ကျပ်ထိ ဈေးမြင့်သွားသည်။ ငရုတ်ခြောက်(ပွ)မှာ ဧရာဝတီတိုင်းဒေသများမှ ရိုးရိုးသဘာဝသီး တစ်ပိဿာ ၁၅၀၀၀ကျပ်၊ Aircon ဖြင့်ထားသော အသီး တစ်ပိဿာ ၂၃၀၀၀ကျပ်ထိ ဈေးမြင့်နေသည်။

ကြက်သွန်နီမှာ မြစ်သား ကြက်သွန်လက်ကျန်မရှိတော့ဘဲ ထီဆောင်း၊ မုံရွာ၊ မြင်းမူ လက်ကျန်များသာရှိပြီး မြို့တွင်းဝယ်ယူမှုပုံမှန်ရှိပြီး၊ အင်းတော်၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲ၊ ထီးချိုင့်တို့မှ အမှာရှိသော်လည်း လမ်းပမ်းဆက်သွယ်ရေးကြောင့် မှာယူသလောက် တင်ပို့နိုင်ခြင်း မရှိကြောင်းသိရပြီး ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၂၇၀၀ကျပ်၊ လတ် တစ်ပိဿာ ၂၅၀၀ ကျပ်၊ သေး တစ်ပိဿာ ၂၂၀၀ကျပ်ဈေး မသိမသာမြင့်နေသည်။

ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်ရှိပြီး တစ်ပိဿာ ၁၇၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာလည်း အရည်အသွေး ပေါ်မူတည်၍ အနိမ့်ဆုံး တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ ဈေးတည်ငြိမ်နေသည်။

အာလူးဈေးနှုန်းအနေဖြင့်လမ်းပမ်းဆက်သွယ်ရေးကြောင့် တရုတ် အာလူး တစ်ပိဿာ ၆၀၀၀ကျပ်ထိ ဈေးမြင့်သွားပြီး အောင်ပန်းအာလူးမှာလည်း အဝင်နည်းခြင်းကြောင့် အိုကေတစ်ပိဿာ ၅၇၀၀ကျပ်၊ အေဝမ်းတစ်ပိဿာ ၄၆၀၀ကျပ်ထိ ဈေးမြင့်နေသည်။

ဂျုံနှင့် အစေ့ထုတ်ပြောင်း

ငါန်းဇွန်၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆားတောင်၊ ရွှေဘိုဒေသများမှ ဝင်ရောက်သော ဂျုံများမှာ စတင် စိုက်ပျိုးရန် ပြင်ဆင်စ ကာလဖြစ်ခြင်း၊ လက်ကျန်နည်းသော်လည်း အရည်အသွေးကောင်းရှားခြင်း ကြောင့် ဂျုံစက်များ အဝယ်ပုံမှန်ရှိသော်လည်း ၃တင်းတစ်အိတ် အရည်အသွေးပေါ်မူတည်၍ ၂၀၀၀၀၀ကျပ်မှ ၂၁၀၀၀၀ကျပ်ဖြင့်လည်းကောင်း၊ ရှမ်းဂျုံတစ်အိတ် ၁၈၅၀၀၀ကျပ်မှ ၁၉၅၀၀၀ကျပ် ဖြင့် ရောင်းဝယ်နေသည်။ ပြည်ပဩစတေးလျဂျုံမှုန့် တစ်ပိဿာ ၃၇၀၀ကျပ်၊ ဂျုံဖွဲ တစ်ပိဿာ ၁၂၀၀ကျပ် ဈေးဖြင့် တည်ငြိမ်နေသည်။

အစေ့ထုတ်ပြောင်းမှာ မိုးပြောင်းဝင်ချိန်ဖြစ်သော်လည်း မိုးမိသဖြင့် အရည်အသွေးညံ့သွားခြင်း အရည်အသွေးကောင်းများအား မြဝတီမှ တိုက်ရိုက်ဆင်းဝယ်ယူသဖြင့် အစာစပ်သမားအဝယ်သာရှိခြင်း ထို့ကြောင့် ယခင်အပတ် ၃တင်းတစ်အိတ် ၈၃၀၀၀ကျပ်မှ ၇၆၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲမျိုးစုံ

မတ်ပဲမှာ အဟောင်းလက်ကျန်နည်းခြင်း၊ ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၃၈၀၀၀၀ကျပ် မှ ၃၆၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ မန္တလေးနှင့် စစ်ကိုင်းတိုင်းမြို့နယ်များမှ မိုးပဲတီစိမ်းများ ဝင်ရောက်ခြင်း၊ ပဲခွဲစက်များအဝယ်သာရှိပြီး တရုတ်ဝယ်လက်နည်းခြင်းကြောင့် အရည်အသွေးညံ့တစ်ပိဿာ ၂၀၀၀၀၀ ကျပ်၊ အရည်အသွေးကောင်း ၂၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ ပစ္စည်းရှားခြင်း၊ အရောင်းအဝယ်အေးခြင်းတို့ကြောင့် ပဲစဉ်းငုံ(ဖြူ) ၃တင်းတစ်အိတ် ယခင်က ဈေးနှုန်းအတိုင်း ၄၁၅၀၀၀ကျပ်ဖြင့် ဈေးသာရှိပြီး အရောင်းအဝယ်ဖြစ်မှု မရှိပါ။ ပဲစဉ်းငုံ (နီ)မှာ အရောင်းအဝယ်ဖြစ်မှုမပြတ် အနည်းငယ်ရှိခဲ့ခြင်း၊ အရည်အသွေးညံ့သွားခြင်းကြောင့် ယခုအပတ် ၃တင်းတစ်အိတ် ၄၁၀၀၀၀ ကျပ် ဈေးဖြင့် ပဲခွဲစက်များ ဝယ်ယူမှုရှိသည်။ ပဲပုတ်(မြန်မာ) မှာ မိုးပဲပုတ်အဝင်နည်းသွားခြင်း၊ လုပ်ငန်းသမားအဝယ်များခြင်းကြောင့် အရည်အ သွေးအကောင်းဆုံး ၃တင်းတစ်အိတ် ၄၁၀၀၀၀ကျပ် သို့ ဈေးမြင့်နေပြီး ပဲပုတ်(ရှမ်း) မှာ ဆီစက်သမားပုံမှန်ဝယ်ယူခြင်း၊ မိုးပဲအဝင်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၃တင်းတစ်အိတ် ၃၆၀၀၀၀ကျပ်မှ ၃၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ကုလားပဲ လက်ကျန်နည်း သော်လည်း လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၃၁၂၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး လုံးဝါကြီးမှာ ပဲခွဲစက်များဝယ်ယူမှုပုံမှန်ရှိခြင်း၊အဝင်ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၂၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ လုံးဝါကြီး ဈေးနိမ့်ခြင်း၊ ပဲစိုများပေါ်ချိန်ဖြစ်ခြင်း၊ မိုးတွင်းကာလ ဟင်းသီး/ရွက် ပေါချိန်ဖြစ်ခြင်း၊ အလှူပွဲများဝယ်ယူမှု နည်းခြင်းကြောင့် ခွဲခြမ်းတစ်ပိဿာ ၇၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ အရောင်းအဝယ်အေးခြင်းကြောင့် ပဲယင်း ၃တင်းတစ်အိတ် ၁၉၅၀၀၀ ကျပ်၊ မြေတောက်ပဲ အရည် အသွေးပေါ်မူတည်၍ ၂၉၀၀၀၀မှ ၃၅၀၀၀၀ကျပ်၊ စားတော်ပဲ(ကျွန်း) ၃၈၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ(ကြီး/သေး)၊ ပဲကြီး(ကြီး/သေး)မှာ မိုးပဲအဝင်နည်းသော်လည်း မိုးများသဖြင့် ပဲကြော်/လှောလုပ်ငန်းသမားအဝယ်နည်းခြင်းတို့ကြောင့် ပဲကြီး(ကြီး) ၃တင်းတစ်အိတ် ၂၈၀၀၀၀ ကျပ်၊ ပဲကြီး(သေး) တစ်အိတ် ၂၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ထောပတ်ပဲ(ကြီး) မှာ ပြည်ပပို့ရှိခဲ့သဖြင့် လက်ကျန်ရှားခြင်း၊ မိုးပဲအဝင်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၄၂၀၀၀၀ကျပ်မှ ၄၃၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်. 

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ

အဝင်နည်းခြင်းကြောင့် ခရမ်းချဉ်(ရှမ်းတောင်) ၂၀ပိဿာ တစ်သေတ္တာ ၄၀၀၀၀ ကျပ်၊ မုံရွာခရမ်းချဉ် တစ်ပိဿာ ၃၀၀၀ကျပ် ဈေးဖြင့် မြို့တွင်းသုံးဝယ်ယူမှုသာရှိသည်။ မိုးထောင်ငရုတ် အရှည်အမှာ သာစည်ဘက်မှ ဝင်ရောက်ပြီး တစ်ပိဿာ ၄၀၀၀ကျပ်၊ ငရုတ်စို(လတ်)အား ချောင်းဦး၊ ငါန်းဇွန်မှ ဝင်ရောက်ပြီး တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် မြို့တွင်းငါးပိထောင်း၊ လက်ဖက်သမားဝယ်ယူမှုသာရှိသည်။ ဂေါ်ဖီတစ်ထုပ် ၁၅၀၀ကျပ်၊ ပန်းမုံလာတစ်ပွင့် ၂၀၀၀ကျပ် ဘိုစားပဲတစ်ပိဿာ ၇၀၀၀ကျပ်ထိ ဈေးမြင့်နေသည်။

ရွာငံဘက်မှ လိမ္မော်သီးများ ဝင်ရောက်ပြီး အရည်အသွေးပေါ် မူတည်၍ တစ်ပိဿာ ၄၀၀၀မှ ၆၀၀၀ကျပ်၊ စပျစ်သိး (တရုတ်) ၄ပိဿာဝင်တစ်ခြင်း ၇၀၀၀၀ကျပ်၊ ထောပတ်သီး ၁၂၀လုံးပါ ပိုက်အိတ် တစ်အိတ် ၃၀၀၀၀ကျပ်မှ ၃၅၀၀၀ကျပ်၊ သင်္ဘောသီး တစ်လုံး၂၀၀၀ကျပ်၊ နှစ်လုံးတွဲတစ်ထုပ် ၃၀၀၀ ကျပ်၊ မုံရွာ၊ ချောင်းဦး၊ ဝမ်းတွင်းမှ ဖရဲသီးများ အရည်အသွေးပေါ်မူတည်၍ ၅၀၀ကျပ်မှ ၂၀၀၀ကျပ် ဈေးနှုန်းများဖြင့် မန္တလေးသစ်သီးဆိုင်၊ ဖျော်ရည်ဆိုင်များ တပ်ကုန်း၊ နေပြည်တော်၊ မုံရွာ၊ တန့်ဇယ်၊ မိုင်းလုံ နှင့် အမှာရှိသောမြို့များသို့ တင်ပို့သည်။                                                           

ခင်မေကြည်