ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

ဆန်

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသော ဆန် ဈေးနှုန်းများအရရွှေဘိုပေါ်ဆန်းအလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်း၊ အောက်စ တစ်တင်းခွဲတစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်နှုန်း၊ ဖျာပုံပေါ်ဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်နှုန်းနှင့် အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၀၂၀၀၀ကျပ်နှုန်း၊ အောက်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်း၊ ဇီယာဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၉၀၀၀ကျပ်နှုန်း၊ အောက်စ တစ်အိတ်လျှင် ၇၈၀၀၀ကျပ်နှုန်း၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်စတစ်အိတ်လျှင် ၇၂၀၀၀ ကျပ်နှုန်း၊ အောက်စတစ်အိတ်လျှင် ၇၁၀၀၀ကျပ်နှုန်း၊ ငစိန်ဆန်အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၂၀၀၀ကျပ်နှုန်းနှင့်အောက်စတစ်အိတ်လျှင် ၇၁၀၀၀ ကျပ်နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ဇူလိုင်လနှင့် စက် တင်ဘာလအတွင်း ရေကြီးနစ်မြုပ်မှုများကြောင့် စပါး ပျက်စီးမှုများရှိခဲ့ခြင်းနှင့်ဖျက်ပိုးကျရောက်မှုများရှိခဲ့ခြင်းတို့ကြောင့်အထွက်နှုန်းလျော့ကျခြင်း၊ ပြည်ပမှတင်သွင်းရသော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီနှင့် လယ်ယာသွင်းအားစုများဈေးမြင့်နေခြင်း၊ ဆန်ဟောင်းလက် ကျန်နည်းလာချိန်ဖြစ်ခြင်းတို့ကြောင့် ဆန်ဈေးနှုန်းအများစုမှာ ယခင်ရက် သတ္တပတ်နည်းတူဈေးနှုန်းအမြင့်တွင်ပင် တည်ငြိမ်နေခဲ့သည်။ ဧည့်မထဆန် ၂၅ရာခိုင်နှုန်း အကြမ်းနှင့် ငစိန်ဆန်မှာမူ ယခင်ရက် သတ္တပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆန်တစ်အိတ်လျှင် ၁၀၀၀ ကျပ်ဝန်းကျင် ဈေးမြင့်လာခဲ့သည်။ အထက်ပါဆန်ဈေးနှုန်းများမှာ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသတ်မှတ်ထုတ်ပြန်ထားသော ၂၀၂၄ ခုနှစ်၊ အောက်တိုဘာအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းများပင်ဖြစ်သည်။ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများ၏ လက်လီဈေးကွက်များတွင်လည်း အထက်ပါ ရည်ညွှန်းဈေးနှုန်းများထက် ၈ ရာခိုင်နှု န်းခန့်သာ ပိုသော ဈေးနှုန်းများဖြင့် လက်လီရောင်းချ ပေးနိုင်ရန်လည်း စီစဉ် ထားရှိပြီးဖြစ်သည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊မော်ကျွန်း၊ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု နည်းခဲ့ပြီး စားသုံးသူများမှလည်း ဝယ်လိုအားနည်းလျက်ရှိကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ်တင် ပို့ခွင့်ကာလကုန်ဆုံးသွားချိန် ဖြစ်ခြင်း၊ပြောင်းသစ်အချို့ဈေးကွက်သို့ စတင်ဝင်ရောက်မှုရှိလာချိန်ဖြစ်ခြင်း၊ ပြောင်းသစ်များဖြစ်၍ အစိုဓာတ်များနေသေးခြင်း၊ ပြည်ပဈေးကွက်ကျဆင်းလာခြင်း၊ ငွေလဲနှုန်းများကျဆင်းလာခြင်း၊ အစာစပ်လုပ်ငန်းများမှလည်း ဝယ်ယူမှုကျဆင်းလာခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများ သိသာစွာ ဈေးနိမ့်လာခဲ့သည်။  အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၉၀၁၈၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၈၁၅၄၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။  

ပဲမျိုးစုံ

ပဲမျိုးစုံ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယတွင် ပဲဈေးနှုန်းများအား သက်ဆိုင်ရာမှ ထိန်းချုပ်မှုများရှိခြင်း၊ မြန်မာနှင့် အာဖရိကမှ ပဲများဝင်ရောက်မှုများနေခြင်း၊ ပဲစင်းငုံအထွက်နှုန်းများ ကောင်းမွန်မည်ဟု ခန့်မှန်းထားခြင်း စသည့် အခြေအနေ များကြောင့် မတ်ပဲ၊ ပဲစင်းငုံများ ဈေးနှုန်းကျဆင်းနေခြင်းနှင့် ပဲခွက်စက်များမှလည်း ပဲခြမ်းများအား ထုတ်ရောင်းမှုများလာခြင်းတို့ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် မတ်ပဲ(သင်္ဘောတင်) နှင့် ပဲစင်းငုံ(သင်္ဘောတင်) ဈေးနှုန်းများ ယခင်အပတ် ထက် ဈေးနိမ့်လာခဲ့သည်။ မတ်ပဲ(သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၃၈၁၀၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၃၈၀၀၀၀၀ကျပ်သို့လည်းကောင်း၊ ပဲစင်းငုံ (သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၄၄၅၀၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၄၀၇၅၀၀၀ကျပ်သို့ လည်းကောင်းအသီးသီးဈေးနိမ့်ခဲ့ကြသည်။ ယခုရက် သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက်ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၆၅လုံး ခန့်အရောင်း အဝယ်ဖြစ်ခဲ့ပြီး ပဲစင်းငုံ(သင်္ဘောတင်)မှာ အရောင်းအဝယ်ဖြစ်မှု မရှိသလောက် နည်းခဲ့ကြောင်း သိရသည်။ပဲတီရွှေဝါနှင့်ပဲပုပ်မှာ ပြည်တွင်းပြည်ပမှဝယ်လိုအားနည်းခြင်း၊ရောင်းလိုအား နှင့် ဝယ်လိုအား မျှနေခြင်းတို့ကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ် အရောင်းအဝယ်အေးခဲ့သည်။ ပဲတီရွှေဝါ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၀၅၄၀၀၀ ကျပ်ဖြစ်ပြီး ပဲပုတ်ပဲ ၃တင်း / ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၄၂၀၀၀၀ ကျပ်ဖြစ် သည်။ထောပတ်ပဲနှင့် ကုလားပဲမှာ ပဲဟောင်း လက်ကျန် နည်းလာချိန်ဖြစ်ခြင်းနှင့် စားသုံးသူများမှ ဝယ်လိုအားများခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့် လာခဲ့သည်။ ထောပတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၇၈၉၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်း ၃၈၉၄၀၀ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ကုလားပဲခြမ်းတစ်ပိဿာလျှင် ယခင် အပတ်ပျမ်းမျှဈေးနှုန်းမှာ ၆၉၁၃ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်း ၆၉၂၅ ကျပ်သို့ ရောက်ရှိဈေးမြင့် ခဲ့သည်။ ပဲလွမ်းဖြူနှင့်ဘိုကိတ်ပဲမှာ စိုက်ပျိုးမှုနှင့် ထွက်ရှိမှုနည်းသော ပဲအမျိုးအစားများဖြစ်ခြင်း၊ ပဲဟောင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်း၊ ပြည်တွင်း/ပြည်ပမှ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင် အပတ်ထက်ဈေးနိမ့်လာခဲ့သည်။   ပဲလွမ်းဖြူ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်း မှာ ၂၉၅၀၅၀ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်း မှာ ၂၈၉၉၅၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ဘိုကိတ်ပဲ မှာ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်း မှာ ၃၇၀၀၅၀ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်း မှာ ၃၆၅၁၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။

စားသုံးဆီ

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သော နိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၄၅၅ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းထက် တစ်ပိဿာလျှင် ၂၆၅ကျပ်ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။  ပြင်ပရှိ လက်လီ ဈေးကွက်တွင် သတ်မှတ်ထားသော ဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက်များစွာ မကွာသောဈေးနှုန်း များဖြင့် စားအုန်းဆီများအား ရောင်းချပေးလျက်ရှိသည်။ 

အေးသန္တာဝင်း