ရန်ကုန်ဈေးကွက်

ရန်ကုန်ဈေးကွက်

ဆန်

ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်နှုန်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်နှုန်းနှင့် အောက်စတစ်အိတ် လျှင် ၁၁၀၀၀၀ကျပ်နှုန်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်နှုန်း၊ ဧည့်မထ ဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၆၇၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၆၆၀၀၀ ကျပ်နှုန်း၊ ငစိန်ဆန် အလတ်စတစ်တင်းခွဲ တစ်အိတ် လျှင် ၇၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၇၀၀၀၀ကျပ်နှုန်းဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ယခင်ရက်သတ္တပတ်ဈေး နှုန်းများနှင့် နှိုင်းယှဉ် ပါက ဧည့်မထဆန်တစ်အိတ်လျှင် ၂၀၀၀ ကျပ်ခန့်နှင့် ငစိန်ဆန်တစ်အိတ်လျှင် ၁၀၀၀ ကျပ်နှုန်း ဈေးနိမ့်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ဈေးနိမ့်လာခြင်းမှာ ပြည်တွင်း/ပြည်ပ ဝယ်လက်များ အရောင်း အဝယ်အေးခြင်း၊ မိုးတွင်းကာလဖြစ်၍ ရာသီဥတုအခက်အခဲနှင့် ကုန်သေတ္တာရရှိရန် ဈေးနှုန်းကြီးမြင့်မှုအခက်အခဲများကြောင့် ဆန်တင်ပို့မှု နှောင့်နှေးခြင်း၊၊ ပြည် တွင်း၌ ဆန်လက်ကျန်နှင့်အရန်ဆန်များ ဖူလုံမှုရှိနေခြင်း၊ ပြည်တွင်းဈေးကွက်တည်ငြိမ် စေရန်နှင့်ဖူလုံစေရန်အလေးထား ဆောင်ရွက်နေချိန်ဖြစ်ခြင်း၊ ၊ငစိန်ဆန်အား ပြည်တွင်းသုံးစွဲမှုမရှိသလောက် နည်းခြင်းတို့ကြောင့်ဟု သိရှိရသည်။ အထက်ပါဆန်ဈေးနှုန်းများမှာ ဆန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး၊ စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်း များဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊သိုလှောင်ဈေးကစားမှုများမဖြစ်ပေါ်စေရေးအတွက် မြန်မာနို်ငငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများဖြစ်သည်။ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများ၏ လက်လီဈေးကွက်များတွင် ရည်ညွှန်းဈေးနှုန်းများထက် ၈ ရာခိုင်နှုန်းခန့်သာ ပိုသောဈေးနှုန်းများဖြင့် လက်လီရောင်းချပေးနိုင်ရန်လည်းစီစဉ်ထားရှိပြီးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အာဖရိက နိုင်ငံ အချို့သို့ တင်ပို့မှုများလည်းရှိကြောင်းသိရသည်။ ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု နည်းခဲ့ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

အစေ့ထုတ်ပြောင်းများအား ထိုင်းနိုင်ငံသို့ အကောက်ခွန်လွတ်တင် နိုင်သော နောက်ဆုံးလဖြစ်ခြင်း၊ ပြည်တွင်း ပြောင်းလက်ကျန်နည်းလာခြင်းနှင့် အစာစပ်လုပ်ငန်းများမှ ပုံမှန်ဝယ်ယူမှုရှိခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများ ယခင်အပတ်ထက် ဈေးမြင့်လာခဲ့သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၇၈၃၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၈၅၈၆၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ အစေ့ထုတ်ပြောင်းများအား ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဂိတ်အချို့မှ တင်ပို့မှုရှိခဲ့ကြောင်း သိရသည်။

ပဲမျိုးစုံ

ပဲမျိုးစုံ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံ သိုလှောင်မှုကန့်သက်ချက် များကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့အထိ သတ်မှတ်ထားရှိခြင်းကြောင့် အိန္ဒိယရှိ မတ်ပဲ၊ ပဲစင်းငုံ ဈေးနှုန်းများ ကျဆင်းလာခြင်းနှင့်အတူ မြန်မာ့မတ်ပဲဈေးနှုန်းများ ဇူလိုင်လ အတွင်းဈေးနိမ့်ခဲ့သည်။ မိုးစိုက်ပဲဧကများ တိုးတက်မှုရှိခဲ့ခြင်းနှင့်နွေမတ်ပဲအချို့ ကုန်အဝင်ရှိ ခဲ့ခြင်း၊ မိုးစိုက်ပဲများ၏အခြေခံဈေးနှုန်းများအား တိုးမြှင့်သတ်မှတ်ပေးထားခြင်း စသည့်အခြေ အနေများကလည်း မြန်မာ့မတ်ပဲ၊ ပဲစင်းငုံဈေးနှုန်းများ ဈေးနှုန်းကျဆင်းရန် အခြေအနေများ ဖြစ်ပေါ်စေခဲ့ပြီး ဝယ်လိုအားများလည်း ကျဆင်းခဲ့ခြင်းဖြစ်သည်။ ယခုအခါ အိန္ဒိယနိုင်ငံ၏ မိုးလေဝသခန့်မှန်းချက်များအရ ဩဂုတ်လ သို့မဟုတ် စက်တင်ဘာလအကုန်တွင် အိန္ဒိယ နိုင်ငံ၌ လာနီညာရာသီဥတု ဖြစ်ပေါ်လာနိုင်ဖွယ်ရှိခြင်းကြောင့်လည်းကောင်း၊ မြန်မာ့ပဲများ ဈေးနိမ့်နေချိန်တွင် အဝယ်များလာခြင်းကြောင့်လည်းကောင်း မြန်မာ့ပဲ မျိုးစုံများ ဈေးမြင့်လာခဲ့သည်။ သို့ဖြစ်၍ မတ်ပဲ (သင်္ဘောတင်)တစ်တန်လျှင် ယခင် အပတ်ပျမ်းမျှဈေးနှုန်း ၃၄၂၀၀၀၀ ကျပ်မှ ယခုအပတ်ဈေးနှုန်း ၃၇၉၃၀၀၀ ကျပ်သို့ ရောက်ရှိ ဈေးမြင့်လာခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက် ရှိခဲ့ပြီး မတ်ပဲကုန်သေတ္တာ ၁၂၀ လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ အလားတူပင် ပဲစင်းငုံ (သင်္ဘောတင်)တစ်တန်လျှင် ယခင် အပတ်ဈေးနှုန်းမှာ ၄၂၈၂၀၀၀ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၄၇၂၅၀၀၀ ကျပ်သို့ ရောက်ရှိ ဈေးမြင့်ခဲ့သည်။ ပဲစဉ်းငုံမှာမူ မာလာဝီ၊ မိုဇမ်ဘစ်နိုင်ငံများထံမှ ဝယ်ယူရရှိနေခြင်းကြောင့် မြန်မာပဲစင်းငုံများအား ဝယ် လိုအားနည်းခဲ့ကြောင်း သိရှိရသည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည် ဒိုင်ဖွင့်ရက် ၆ ရက်ရှိခဲ့သော်လည်း အရောင်းအဝယ်ဖြစ်မှု မရှိ သလောက်နည်းခဲ့ကြောင်းသိရသည်။ ပဲတီစိမ်း ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၃၂၅၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၄၄၉၅၀ ကျပ်သို့ လည်းကောင်း၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၅၈၇၅ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၆၉၂၅ ကျပ်သို့ လည်းကောင်း ရောက်ရှိဈေးမြင့်ခဲ့သည်။ ပဲလွမ်းဖြူ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၅၀၀၅၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၅၅၀၀၀ ကျပ်သို့ လည်းကောင်း၊ ဘိုကိတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှ ဈေးနှုန်းမှာ ၂၉၀၁၀၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ၂၉၄၉၀၀ ကျပ်သို့ လည်းကောင်း ရောက်ရှိဈေးမြင့်ခဲ့သည်။ပဲပုပ်မှာ ဆီလုပ်ငန်း ရှင်များမှ ဝယ်လိုအားရှိခြင်းကြောင့် ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၃၂၅၀၅၀ ကျပ် ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၆၄၉၅၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့ခြင်းဖြစ်သည်။ ထောပတ်ပဲမှာမူ အရည်အသွေးနိမ့်ခြင်းနှင့် ဝယ်လိုအားနည်းခြင်းတို့ကြောင့် ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၄၁၁၉၀၀ ကျပ် ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၀၁၇၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။

စားသုံးဆီ

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သောနိုင်ငံများတွင် ဖြစ်ပေါ်လျက်ရှိသော ဈေးကွက် ဈေးနှုန်းများအပေါ် အခြေခံ၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၂  ရက်မှ ၁၈ ရက်အထိ ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၉၄၅ ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းမှာ ၅၇၈၀ကျပ်ဖြစ်သည်။ ယခင်အပတ်ထက် ဆီတစ်ပိဿာလျှင် ၁၆၅ ကျပ်နှုန်း ဈေးမြင့်သွားသည်။ မေလစတုတ္ထပတ်မှ စတင်၍ စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းများ တဖြည်းဖြည်း ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ မြေပဲ၊ နှမ်း၊ ပဲပုပ်၊ နေကြာစသော ဆီထွက်သီးနှံများ ဈေးမြင့်နေခြင်းကြောင့် စားအုန်းဆီများအား စားသုံးသူများမှ ဝယ်လိုအားမြင့်တက်လျက်ရှိသည်။ ပြင်ပရှိ လက်လီဈေးနှုန်းများမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်းသိရသည်။

အေးသန္တာဝင်း