ဝယ်လိုအားများလာခြင်းကြောင့် ဧရာဝတီတွင် စပါးဈေး မြင့်တက်

ဝယ်လိုအားများလာခြင်းကြောင့် ဧရာဝတီတွင် စပါးဈေး မြင့်တက်

မြန်မာနိုင်ငံ၌ ဆန်စပါး အဓိက ထုတ်လုပ်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ် မိုးရာသီ အစောပိုင်း စပါးဝယ်လိုအား မြင့်တက်လာသဖြင့် ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။

ဈေးကွက် အခြေအနေပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိပြီး လက်ရှိတွင် ဝယ်လိုအား ပြန်လည် မြင့်တက်လာသည်ဟု ၎င်းက ဆိုသည်။
“ဧရာဝတီတိုင်းဒေသကြီးတွင် စပါးဈေးတဖြည်းဖြည်းပြန်တက်လာကြောင်း၊ လက်ရှိတွင် အနိမ့်ဆုံး စပါးဈေးမှာ တစ်တင်းလျှင် ၅၀ ပေါင်အလေးချိန်ရှိသောစပါး တင်း ၁၀၀ လျှင် ကျပ်သန်း   ၁ ဒသမ ၉ မှ ၂ အထိရှိ‌ကြောင်း၊ ဈေးနှုန်းမြင့်မားခြင်းသည် စပါးထွက်ရှိမှုနှင့် မသက်ဆိုင်ဘဲ ဝယ်လိုအား မြင့်မားခြင်းနှင့် ဈေးကွက်ပေါ်မူတည်ပြီး စျေးနှုန်းကွာခြားခြင်းဖြစ်ပါကြောင်း” ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၃ ဒသမ ၇ သန်းကျော်နှင့် နွေစပါးဧက ၁ ဒသမ ၄ သန်း ကျော်စိုက်ပျိုးကြောင်း၊ ယခုအချိန်တွင် မြေပြင်ခြင်းနှင့် ပျိုးထောင်မှုများ ပြုလုပ်ပြီးနေပြီဖြစ်ပြီး ဇွန်လကုန်ခန့်တွင် စတင် စိုက်ပျိုးမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

နေ့စားလုပ်အားခမှာ ၇၀၀၀ ကျပ် မှ ၈၀၀၀ ကျပ် ဖြစ်ပြီး လုပ်အားခ အပါအဝင် စပါး တစ်ဧကလျှင် ကျပ် ၇၀၀,၀၀၀ မှ ကျပ် ၈၀၀,၀၀၀ ခန့် ကုန်ကျကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးသည် စပါးကို အဓိက စိုက်ပျိုးသည့် ဒေသဖြစ်ပြီး ၎င်း၏ ထုတ်လုပ်မှုသည် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှုကို ပေးစွမ်းနိုင်ပြီး ပြည်ပနိုင်ငံများနှင့် မြန်မာနိုင်ငံရှိ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သတင်း ရရှိသည်။

ဥမ္မာထွန်း

Global New Light Of Myanmar(၁၂-၆-၂၀၂၄)