စိုက်ပျိုးရေးပို့ကုန်လိုင်စင်လျှောက်ထားမှုကို အာဂျင်တီးနား ဆိုင်းငံ့ထား

စိုက်ပျိုးရေးပို့ကုန်လိုင်စင်လျှောက်ထားမှုကို အာဂျင်တီးနား ဆိုင်းငံ့ထား

အာဂျင်တီးနားအစိုးရအနေဖြင့် ဆန်နှင့်ဆီထွက်သီးနှံများအတွက် ပို့ကုန်လိုင်စင်အသစ် လျှောက်ထားမှုကို ဆိုင်းငံ့ထားကြောင်း၊ ယခုတစ်ပတ် အင်္ဂါနေ့ နောက်ဆုံးထား၍ စီးပွားရေး ဆိုင်ရာ လုပ်ဆောင်မှုများကို ကြေညာသွားရန် မျှော်လင့်ထားပါကြောင်း သမ္မတသစ် Javier Milei က ပြောကြားခဲ့သည်။
ပို့ကုန်လုပ်ငန်းရှင်များသည် ပြည်တွင်းသုံးငွေတန်ဖိုးကျဆင်းမှု မဖြစ်မီ လက်ရှိ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာကို ပီဆို ၃၆၀ ဖြင့် ပို့ကုန်ခွန်များ အမြန်ပေးဆောင်ရသည့်အတွက် ပြောင်းသီးနှံ ရောင်းလိုအားသည် အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့ပြီးနောက် တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တရားဝင်ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အင်္ဂါနေ့တွင် ကြေညာခဲ့ပါသည်။
တနင်္လာနေ့တစ်ရက်တည်းတွင် ပြောင်းတင်ပို့ခွင့်လိုင်စင်များသည် မက်ထရစ်တန်ချိန် ၁.၇ သန်းရှိပြီး ဒီဇင်ဘာ ၆ ရက်နေ့တွင် မက်ထရစ်တန်ချိန် ၂ သန်းအထိ အမြင့်ဆုံးနှုန်းဖြင့် မြင့်တက် သွားခဲ့ကြောင်း လေ့လာဆန်းစစ်သူ Javier Preciado Patiño မှ ပြုစုထားသော အချက်အလက်များ အရ သိရှိရသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အာဂျင်တီးနားသည် ပြောင်းသီးနှံ မျိုးစေ့တင်ပို့မှုကို မက်ထရစ်တန်ချိန် ၃၆-၃၈သန်းအထိ ရောက်ရှိရန် မျှော်လင့်ထားကြောင်း Patiño က  Agricensus သို့ ပြောကြားခဲ့ပါသည်။  Buenos Aires Grain Exchange (Bage) အချက်အလက်များအရ အာဂျင်တီးနား၏ ပြောင်းသီးနှံသည် မက်ထရစ်တန်ချိန် သန်း ၅၀ အထိ ရောက်ရှိရန် မျှော်လင့် ထားကြောင်း သိရသည်။ လက်ရှိတွင် ပဲပုပ်တင်ပို့မှု အပေါ်အခွန် ၃၃ ရာခိုင်နှုန်း၊ ပဲပုပ်(အမှုန့်)အပေါ် ၃၁ ရာခိုင်နှုန်း နှင့် ပဲပုပ်ဆီ၊ ပြောင်းနှင့် ဂျုံတို့အပေါ် ၁၂ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
ပီဆိုတန်ဖိုးကျဆင်းမှုနှင့်အတူ အစိုးရအနေဖြင့် အခွန်ကောက်ခံရရှိငွေများပိုမိုမြင့်မား လာမည် ဖြစ်ရာ ပို့ကုန်လိုင်စင်များ ပြန်လည်စတင်ရန်နှင့် ပီဆိုတန်ဖိုးအသစ် သတ်မှတ်ချိန်တွင် ဝင်ငွေပိုမိုရရှိရန် အရောင်းအ၀ယ်လုပ်ခြင်းကို ရပ်တန့်ထားမည့်မဟာဗျူဟာကို ထုတ်ပြန်ထားခဲ့ပါသည်။ အဆိုပါကိစ္စ နှင့် ပတ်သက်သူအများစုက ကာလတိုအတွင်း အခွန်နှုန်းထားများ မပြောင်းလဲဘဲရှိနေမည် ဟုမျှော်လင့်ကြသည်။ 
                    

အေးအေးခိုင်