တရုတ်နိုင်ငံတွင် Luckin Coffee သည် Starbucks ၏ နှစ်စဉ်ရောင်းအားထက် သာလွန်

တရုတ်နိုင်ငံ၏ ပြည်တွင်းကော်ဖီဆိုင်လုပ်ငန်းတစ်ခုဖြစ်သည့် Luckin Coffee သည် ယခင် နှစ်တွင် Starbucks ၏ နှစ်စဉ်ရောင်းအားကို ကျော်လွန်ကာ တရုတ်ဈေးကွက်တွင် ပထမဆုံး အကြိမ် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ကြောင်း Securities Daily က ပြောကြားခဲ့သည်ဟု သိရှိရသည်။
Luckin ၏ ဘဏ္ဍာရေးအစီရင်ခံစာအရ ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းအသား တင်ဝင်ငွေ ယွမ် ၂၄ ဒသမ ၉ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ဒသမ၄၆ ဘီလီယံ)ရရှိခဲ့ပြီး ယခင် နှစ်ကထက် ၈၇ဒသမ ၃ ရာခိုင်နှုန်း တိုးလာကြောင်း၊ GAAP စာရင်းအင်းစည်းမျဉ်းများကိုအခြေခံ၍ တွက်ချက်မှုအရ ၎င်း၏လုပ်ငန်းလည်ပတ်အမြတ်ငွေသည် ယွမ် ၃ ဒသမ ၀၃ဘီလီယံရှိပြီး ၂၀၂၂ ခုနှစ်ထက် နှစ်ဆပိုများ လာကြောင်း သိရှိရပါသည်။
တရုတ်ဈေးကွက်တွင် Luckin ၏ နှစ်စဉ်ရောင်းအားသည် ၂၀၂၃ ခုနှစ်တွင် ယွမ် ၂၄ဒသမ၈၆ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း၊ တရုတ်တွင် ကော်ဖီသောက်သုံးသူ သိသိသာသာများပြားလာပြီး ကော်ဖီသည် အဓိကစားသောက်ကုန်ဖြစ်လာခြင်းကြောင့် Luckin သည် တရုတ်ဈေးကွက်တွင် အကြီး ဆုံးကော်ဖီဆိုင်ခွဲဖြစ်လာကြောင်း China General Chamber of Commerce ၏ ကျွမ်းကျင်ပညာရှင် ကော်မတီအဖွဲ့ဝင် Lai Yang မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ ကော်ဖီဈေးကွက်သည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပြီး အမှတ်တံဆိပ်မျိုးစုံ ပိုမိုဝင်ရောက်လာခြင်းကြောင့် နိုင်ငံ၏ဈေးကွက်တွင် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာမည်ဖြစ် ကြောင်း Luckin Coffee ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Guo Jinyi က ပြောကြားခဲ့ကြောင်း သိရှိရသည်။
၂၀၂၃ နှစ်ကုန်တွင် Luckin ၏ ကော်ဖီဆိုင်အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ၉၇ဒသမ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ကိုယ်ပိုင်ကော်ဖီဆိုင် ၁၀,၆၂၈ ဆိုင်နှင့် မိတ်ဖက် ကော်ဖီဆိုင် ပေါင်း ၅,၆၂၀အပါအဝင် ကော်ဖီဆိုင်ပေါင်း ၁၆,၂၄၈ထိ ရှိလာခဲ့ကြောင်း သိရှိရသည်။
Luckin ၏ ပြိုင်ဘက်များအနက်မှ တစ်ခုဖြစ်သော Cotti Coffee သည် ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီတွင် နိုင်ငံတစ်ဝှမ်းတွင် ၎င်း၏ ကော်ဖီဆိုင်အရေအတွက်သည် ၇,၀၀၀သို့ ရောက်ရှိခဲ့သည် ဟု ကြေညာခဲ့ကြောင်း သိရှိရသည်။
တရုတ်ပြည်တွင်း၌ ကော်ဖီဆိုင်စုစုပေါင်း ၅၀,၀၀၀ကျော်ရှိလာရာ ကမ္ဘာပေါ်တွင် အများ ဆုံးဖြစ်လာသည်ဟု ကမ္ဘာလုံးဆိုင်ရာကော်ဖီစျေးကွက်ရှာဖွေရေးကုမ္ပဏီ Allegra World Coffee Portal မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိ ရသည်။
စျေးကွက်သစ်များနှင့် ပြည်ပဈေးကွက်များသည် Luckin ၏ ဦးတည်ချက်အသစ် ဖြစ်လာ ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ Luckin ၏ ကော်ဖီဆိုင်အရေအတွက် ၃၀ ရှိနေပြီ ဖြစ်ပြီး အနာဂတ်တွင် Luckin သည် နိုင်ငံရပ်ခြားဈေးကွက်များတွင် ဆက်လက်ဖွံ့ဖြိုးတိုးတက် လာမည်ဟု ကုမ္ပဏီ၏ ၂၀၂၃ ခုနှစ် တတိယသုံးလပတ်ရလဒ်များ အစည်းအဝေးတွင် Guo Jinyi က ပြောကြားခဲ့ ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ ကော်ဖီဈေးကွက်တွင် ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းကြောင့် Luckin သည် အဆင့်မြင့်မြို့ကြီးများရှိ ကော်ဖီဆိုင်အရေအတွက်ကို ဆက်လက်တိုးမြှင့်ကာ စျေးကွက်ဝေစုကို ပိုမိုချဲ့ထွင်ရန်အတွက် မိတ်ဖက်ပုံစံဖြင့် စျေးကွက်ချဲ့ထွင်မှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း Guo က ပြောကြားခဲ့သည်ဟု သိရှိရသည်။
ရေရှည်တွင် နိုင်ငံ၏ကော်ဖီဈေးကွက်သည် ပိုမိုကျယ်ပြန့်လာမည်ဖြစ်သော်လည်း ရေတိုတွင် ဈေးနှုန်းယှဉ်ပြိုင်မှုများ ဆက်လက်ဖြစ်ပေါ်နေမည့်အပြင် ကော်ဖီဆိုင်အများအပြား ပေါ်ပေါက်လာ သဖြင့် လက်ရှိဈေးကွက်တွင် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာမည်ဟု Lai က ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် အချို့သော ကော်ဖီအမှတ်တံဆိပ်များသည် လက်ရှိစျေးကွက်တွင် ပုံမှန်ဖောက် သည်များ မရရှိသေးသည့်အပြင် အမှတ်တံဆိပ်အသစ်အမြောက်အများ ပေါ်ပေါက်လာခြင်းသည် စားသုံးသူများကို ပိုမိုပြောင်းလဲစေမည်ဟု Lai က ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ ကော်ဖီဈေးကွက်သည် အရှိန်အဟုန်ဖြင့် တိုးတက်နေပြီး ကော်ဖီဆိုင်အရေ အတွက်သည် အမေရိကန်နိုင်ငံထက်ပင် များပြားလာကြောင်း လေ့လာသိရှိရသဖြင့် မြန်မာ့ကော်ဖီ စေ့များကို တရုတ်နိုင်ငံရှိ ကော်ဖီဆိုင်လုပ်ငန်းများသို့ တင်ပို့ရောင်းချနိုင်ပါက ကော်ဖီစိုက်တောင်သူ များအတွက် ရေရှည်အကျိုးရှိမည့် ဈေးကွက်အခွင့်အလမ်းတစ်ခုဖြစ်ပါကြောင်း သုံးသပ်ရရှိသည်။
ကေခိုင်ကျော်၊ စီးပွားရေးသံမှူး
နန်နင်းမြို့
Source: https://www.chinadaily.com.cn/a/202402/26/WS65dc4065a31082fc043b91e3.html